Test Kit လာရောက်စစ်ဆေးခြင်းကို ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုသာ ခွင့်ပြုပေးသွားမည်

0

Full article

Call Center မှတစ်ဆင့် Register ပြုလုပ်ပြီး Test Kit လာရောက်စစ်ဆေးခြင်းကို ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုသာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်မျးအသင်းချုပ် (UMFCCI) မှ အသိပေးကြေညာထားပါသည်။

ကုန်စည်စီးဆင်းမှု မှန်ကန်စေရေး၊ လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှုမှတစ်ဆင့် COVID-19 ရောဂါ မပြန့်ပွားစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ကုန်စည်များဝင်ရောက်ရာတွင်လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကုန်စည်များပို့ဆောင်သည့်နေရာတွင်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၏ Toll Gate များတွင် ကုန်တင်ယာဉ်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID -19 ရောဂါ ရှိ/မရှိ စစ်ဆေးရန် Test Center များကို ဖွင့်လှစ်ကာ စစ်ဆေးပေးနေသည့်အပြင် ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်လည်း Test Center ဖွင့်လှစ်ကာ စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။ ထိုသို့ စစ်ဆေးရာတွင် လွယ်ကူမြန်ဆန်စေရန်နှင့် လိုအပ်သော သတင်းအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန်အတွက်ကိုလည်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ နည်းပညာပိုင်းပံ့ပိုးပေးလျက်ရှိပြီး မှတ်ပုံတင်စာရင်းပေးသွင်းရာတွင် ပိုမိုလွယ်ကူလျှင်မြန်စေရန် Call Center ထားရှိကာ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ Call Center ထားရှိကာ ဆောင်ရွက်ပေးရာတွင် ကုန်တင်ယာဉ် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ မဟုတ်သည့်သူများမှ Call Center တွင် မှတ်ပုံတင်စာရင်းပေးကာ Test Center များတွင် COVID – 19 ရောဂါ ရှိ/မရှိ သွားရောက်စစ်ဆေးနေကြောင်း သိရှိရသည့်အတွက် ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မဟုတ်သူများအနေဖြင့် Test Center များတွင် ဝန်ထုတ်ဝန်ပိုင်း မဖြစ်စေရန်အတွက် Call Center မှတစ်ဆင့် Register မပြုလုပ်ကြရန်နှင့် ထို့သို့ ပြုလုပ်ပြီး ရောဂါစစ်ဆေးခြင်းကိုလည်း ခွင့်ပြုသွားမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အသိပေးကြေညာထားပါသည်။

Call Center ဖုန်းနံပါတ်မှာ ၂၀၁၉၊ လိုင်းခွဲ ၃ ဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် တိုင်းဒေသကြီးပြင်ပသို့ သွားရောက်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယခုအချိန်အထိ ခွင့်ပြုထားခြင်းမရှိကြောင်းသိရသည်။

Author