အဝေးပြေးယာဉ်လိုင်းများတွင် တစ်ရက်လျှင် ပျှမ်းမျှ ယာဉ်အစီးရေ ၂၀ ကျော်ခန့်သာ ပါဆယ်ကုန်များဖြင့် ပြေးဆွဲနေရ

0

Full article

အဝေးပြေးယာဉ်လိုင်းများတွင် တစ်ရက်လျှင် ပျှမ်းမျှ ယာဉ်အစီးရေ ၂၀ ကျော်ခန့်သာ ပါဆယ်ကုန်များဖြင့် ပြေးဆွဲနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“ကျွန်တော်တို့အနေနဲ့ အဝေးပြေးယာဉ်လိုင်းတွေကို ဒီနေ့အထိ ပိတ်ထားခဲ့တာမရှိပါဘူး။ သို့သော် တိုင်းဒေသကြီးအသီးသီးက COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် သတ်မှတ်ချက်တွေရှိတဲ့အခါ ခရီးသွားလာသူတော့ မရှိသလောက်ဖြစ်သွားပါတယ်။ အခုဆို ကျွန်တော်တို့ အဝေးပြေးယာဉ်လိုင်းတွေဟာ ဒီနိုဝင်ဘာလအတွင်းမှာ တိုင်းနဲ့ပြည်နယ် ၁၀ ခုလောက်က မြို့ပေါင်း ၁၆ မြို့ လောက်ကို နေ့စဉ် ယာဉ်အစီးရေ ၂၈ စီးခန့် ပျှမ်းမျှ ပြေးဆွဲနေပါတယ်။ ပြေးဆွဲတဲ့အခါ ဘယ်သူတွေစီးလဲဆိုတော့ ဥပမာ ဒီရန်ကုန်တိုင်းမှာ ကွာရန်တင်းဝင်ပြီး ကိုယ့်ဒေသကို ပြန်မယ့်သူတွေကို ပို့ဆောင်ပေးပါတယ်။ ဒါပေမဲ့ အရေအတွက်အားဖြင့် အလွန်ပဲ နည်းပါးပါတယ်။ နောက် ကိုယ့်ယာဉ်လိုင်းမှာ လာအပ်ထားတဲ့ ပါဆယ်ကုန် လေးတွေရှိတယ်။ ဒါလေးတွေရဲ့ စီးဆင်းမှုနဲ့ ဒေသ တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ်မှု မပြတ်အောင် ယာဉ်လိုင်းတွေအနေနဲ့ ကြိုးစားပြေးဆွဲပေးနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အဝေးပြေးယာဉ်လိုင်းတွေကို ပိတ်ထားခြင်းမရှိသော်လည်း ခရီးသွားပြည်သူ အရမ်းနည်းပါးနေတဲ့ကာလဖြစ်တဲ့အတွက် ယာဉ်လိုင်းအချို့ ရပ်ဆိုင်းနေရပြီး  ပါဆယ်ကုန်လေးတွေအတွက်တော့ တစ်ရက်ကို ပျဉ်းမျှယာဉ်အစီးရေ ၂၀ ဝန်းကျင်လောက် ပြေးဆွဲနေရပါတယ်”

ဟု YRTA ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် Zoom Application ဖြင့် ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲ (၁၇/ ၂၀၂၀ ) တွင်ပြောကြားခဲ့သည်။

YRTA ထံတွင်မှတ်ပုံတင်ထားသော အဝေးပြေးယာဉ်လိုင်းပေါင်း  ၃၈၆ လိုင်းနှင့် ယာဉ်စီးရေ ၃,၇၀၀ ကျော်ရှိကြောင်းသိရသည်

Author