YBS ယာဉ်များတွင် မဲဆွယ်စည်းရုံးရန်ပါတီအလံများကပ်ခြင်းကို မပြုလုပ်ရန် ယာဉ်လိုင်းများအား မေတ္တာရပ်ခံထား

0

Full article

YBS ယာဉ်များတွင် မဲဆွယ်စည်းရုံးရန်ပါတီအလံများကပ်ခြင်းကို မပြုလုပ်ရန် ယာဉ်လိုင်းများအား မေတ္တာရပ်ခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှသိရသည်။

“ကျွန်တော်တို့ရဲ့ YBS ယာဉ်တွေထဲမှာ ကုမ္ပဏီပိုင်ယဉ်တွေရော၊ ပုဂ္ဂလိကပိုင်ယာဉ်တွေပါ ပြေးဆွဲနေကြပါတယ်။ ကျွန်တော်တို့ဟာ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်တဲ့အတွက် အများပြည်သူနဲ့သက်ဆိုင်တဲ့လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မော်တော်ယာဉ်နဲ့ပတ်သက်လို့ဖြစ်စေ၊ လုပ်ငန်းနဲ့ပတ်သက်လို့ဖြစ်စေ စည်းမျဉ်းစဉ်းကမ်းတွေနဲ့ညီအောင် ထိန်းကျောင်းပြေးဆွဲနေရပါတယ်။ စည်းမျဉ်းစဉ်းကမ်းတွေနဲ့ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါအချက်တွေ၊ ကြော်ငြာကပ်ခြင်းနဲ့ပတ်သက်ရင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပါအချက်တွေအတိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့အနေနဲ့က မဲဆွယ်စည်းရုံးဖို့အတွက် ပါတီအလံတွေကပ်ခြင်းအပေါ်မှာ ဥပဒေနဲ့အညီလိုက်နာဆောင်ရွက်ကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ YBS ယာဉ်တွေပေါ်မှာ အများပြည်သူတွေ လိုက်ပါစီးနင်းကြတာဖြစ်တဲ့အတွက် ဒီအပေါ်မှာ တစ်ဦးနဲ့တစ်ဦး မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားလာနိုင်တာကြောင့် ဒီကားတွေမှာ ပါတီအလံတွေကို ကြော်ငြာအနေနဲ့ကပ်ခြင်းကို မပြုလုပ်ကြဖို့အတွက် ယာဉ်လိုင်းတွေကို အသိပေး မေတ္တာရပ်ခံထားပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။


YBS ယာဉ်လိုင်းများတွင် ပြေးဆွဲလျက်ရှိသည့် ယာဉ်များအနေဖြင့် မော်တော်ယာဉ်ကြော်ငြာကပ်ခြင်းနှင့်စပ်လျဉ်းပြီး ထုတ်ပြန်ထားသည့်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက YRTA မှထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTA မှ ၁၅-၉-၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာထားခဲ့သည်။

Author