ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပတင်သွင်းယာဉ်၂,၃၀၀ ကျော်နှင့် ပြည်တွင်းထုတ် SKD မော်တော်ယာဉ်စီးရေ ၁,၉၀၀ ကျော် လာရောက်မှတ်ပုံတင်ခဲ့

0

Full article

ပြီးခဲ့သည့် ဇွန်လအတွင်း (၃၁.၇.၂၀၂၀ ရက်နေ့အထိစာရင်းများအရ ) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်ဌာနတွင် လာရောက်မှတ်ပုံတင်သော မော်တော်ယာဉ်စီးရေ ပြည်ပတင်သွင်းယာဉ်၂,၃၀၀ ကျော်နှင့် ပြည်တွင်းထုတ် SKD မော်တော်ယာဉ်စီးရေ ၁,၉၀၀ ကျော် ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်ဌာနမှ ထုတ်ပြန်ထားသောစာရင်းများအရသိရသည်။

ပြီးခဲ့သည့် ဇွန်လတွင်း၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်ဌာနတွင် လာရောက်မှတ်ပုံတင်သော ပြည်ပတင်သွင်းမော်တော်ယာဉ်အစီးရေ ၂,၃၈၄ စီးရှိခဲ့ပြီး လူစီးမော်တော်ယာဉ် ၁,၃၈၅ စီး၊ ခရီးသည်တင်ယာဉ် ၅၀ စီး၊ ဝန်ပေါ့ကုန်တင်ယာဉ် ၆၀၈ စီး၊ ဝန်လေးကုန်တင်ယာဉ် ၁၇၆ စီး၊ အခြားမော်တော်ယာဉ် ၁၆၅ စီးတို့ အသီးသီး ကနဦးမှတ်ပုံတင်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ပြည်တွင်းထုတ် SKD မော်တော်ယာဉ်စီးရေ ၁,၉၀၂ စီး မှတ်ပုံတင်ခဲ့ပြီး လူစီးမော်တော်ယာဉ် ၁,၅၁၉ စီးနှင့် ဝန်ပေါ့ကုန်တင်ယာဉ် ၃၈၃ စီး တို့ဖြစ်ကြောင်း ကနဦးယာဉ်မှတ်ပုံတင်ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ထို့အပြင် ပြည်ပတင်သွင်း နှစ်ဘီးတပ်ယာဉ် ၅၉,၄၇၅ စီး၊ သုံးဘီးတပ်ယာဉ် ၂,၀၄၂ စီး၊ ထရော်လာဂျီ ၅၁၀ စီးနှင့် စက်ယန္တယား ၆ စီး တို့အသီးသီး မှတ်ပုံတင်ခဲ့ပြီး၊ ပြည်တွင်းထုတ် SKD နှစ်ဘီးတပ်ယာဉ် ၁,၆၀၉ စီး၊ သုံးဘီးတပ်ယာဉ် ၄၉ စီးနှင့် ထရော်လာဂျီ ၂၁ စီး မှတ်ပုံတင်ခဲ့ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၁ ရက်နေ့အထိစာရင်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ ၁,၁၂၂,၄၄၂ စီးရှိနေပြီး လူစီးမော်တော်ယာဉ် ၅၇၈,၃၄၁ စီး၊ ခရီးသည်တင်မော်တော်ယာဉ် ၂၉,၇၂၅ စီး၊ ဝန်ပေါ့ကုန်တင်ယာဉ် ၃၅၉,၀၈၆ စီး၊ ဝန်လေးကုန်တင်ယာဉ် ၅၂,၃၃၅ စီး၊ အခြားမော်တော်ယာဉ် ၁၀၂,၉၅၅ စီးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

Author