ယခုကာလအတွင်း YBS ယာဉ်လိုင်းတစ်ချို့တွင် ယာဉ်စီးခပိုမိုတောင်းခံခြင်း ဖြစ်ရပ်များကို စိစစ်ကာ အရေးယူသွားမည်

0

Full article

ယခုကာလအတွင်း YBS ယာဉ်လိုင်းတစ်ချို့တွင် ယာဉ်စီးခပိုမိုတောင်းခံခြင်းများ ဖြစ်ပေါ်လျက်ရှိနေပြီး အဆိုပါဖြစ်ရပ်များကို စိစစ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“ ဒီဖြစ်စဉ်တွေ ဖြစ်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနေ့ပဲ ကျွန်တော်တို့ဆီက စစ်ဆေးရေးအဖွဲ့တွေသွားနေပါပြီ။ ကျွန်တော်တို့ဆီမှာက ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေရှိသလို ဥပမာ လှည်းကူး - စံပြဈေးကိုပြေးဆွဲတဲ့ယာဉ်လိုင်းတွေ၊ ဒါးပိန်ဖက်ကိုပြေးဆွဲတာတွေ၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဖက်ကို ပြေးဆွဲတာတွေ စသဖြင့် ပြေးဆွဲနေတဲ့လိုင်းတွေလည်းရှိပါတယ်။ အဲ့သလို ပြေးဆွဲနေတဲ့ဖက်တွေမှာ အချို့သော ယာဉ်လိုင်းတွေဟာ ယာဉ်စီးခ ပိုမိုတောင်းခံတာတွေရှိတယ်လို့ ကြားရပါတယ်။ နောက် ရွှေပြည်သာ၊ လှိုင်သာယာ ဖက်တွေကိုလည်း စိစစ်ခိုင်းထားပါတယ်။ ကျွန်တော်ပြောချင်တဲ့အချက်ကတော့ စိစစ်တွေရှိရင် အရေးယူသွားမှာဖြစ်ပါတယ်။ ယခင်ကတည်းကလည်း ဒီလိုမျိုး ယာဉ်စီးခပိုမိုတောင်းခံတာတွေကို တိုင်ကြားကြတယ်၊ ဖော်ထုတ်တယ်၊ အရေးယူခဲ့ပါတယ်။ ယာဉ်လိုင်းကုမ္ပဏီဖက်ကလည်း အဲဒီ ယာဉ်မောင်းတွေကို မောင်းနှင်ခွင့်ရပ်ဆိုင်းခဲ့တာတွေရှိသလို၊ YRTA ဖက်ကလည်း အကန့်အသတ်နဲ့ ထုတ်ပယ်တဲ့အရေးယူမှုတွေရှိခဲ့ပါတယ်။ အဓိက ကျွန်တော်ပြောချင်တာကတော့ ယာဉ်စီးခ ပိုမိုတောင်းခံခဲ့ရင် YRTA ရဲ့ Complaint Center ကိုတိုင်ကြားလို့ရပါတယ်။ကျွန်တောတို့အနေနဲ့ ဖော်ထုတ်ပြီး အရေးယူသွားမှာဖြစ်ပါတယ်”

ဟု ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် zoom application ဖြင့်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲ (၁၅/ ၂၀၂၀ ) တွင် တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။


YBS ယာဉ်များနှင့် ပတ်သက်ပြီး တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှာ ၀၉ - ၄၄၈၁၄၇၁၄၉၊ ၀၉ - ၄၄၈၁၄၇၁၅၃ နှင့် ၀၉ - ၄၄၈၁၄၇၁၅၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရသည်။

Author