နိုဝင်ဘာလအတွင်း YBS ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေ ပြန်လည်မြင့်တက်လာ

0

Full article

နိုဝင်ဘာလအတွင်း YBS ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေ ပြန်လည်မြင့်တက်လာပြီး တစ်ရက်လျှင် ခရီးသည်ဦးရေ ပျဉ်းမျှ သုံးသိန်းခွဲ ခန့်မှ လေးသိန်းနီးပါးအထိ ပြန်လည်မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ထုတ်ပြန်ချက်များအရသိရသည်။

လတ်တလောဖြစ်ပွားနေသည့်  COVID -19 ရောဂါကြောင့် စီးနင်းသူအရေအတွက်မှာ လွန်စွာကျဆင်းခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာလ လယ်ခန့်တွင် စီးနင်းသူအရေအတွက်မှာ တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ခဲ့အထိ ကျဆင်းခဲ့သော်လည်း အောက်တိုဘာလကုန်ပိုင်းတွင် ပြန်လည်မြင့်တက်ခဲ့ပြီး တစ်ရက်လျှင် တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်အထိ ပြန်လည်စီးနင်းလာခဲ့ပြီး ယခု နိုဝင်ဘာလအတွင်း၌ တစ်ရက်လျှင် စီးနင်းသူအရေအတွက်မှာ သုံးသိန်းခွဲမှ လေးသိန်းဝန်းကျင်ခန့်အထိ ပြန်လည်ရှိလာခဲ့ကြောင်း YRTA ၏ ထုတ်ပြန်ချက်များအရ သိရသည်။ နိုဝင်ဘာလအတွင်း လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေမှာ နိုဝင်ဘာလ ၅ ရက်နေ့တွင် ၃၅၃,၂၆၂ ဦး၊ ၆ ရက်နေ့တွင် ၃၆၆,၇၃၄ ဦး၊ ၇ ရက်နေ့တွင် ၃၅၁,၁၁၁ ဦး၊ ၈ ရက်နေ့တွင် ၂၀၇,၆၈၂ ဦး၊ ၉ ရက်နေ့တွင် ၃၂၃,၇၄၂ ဦး၊ ၁၀ ရက်နေ့တွင် ၃၉၂,၃၇၆ ဦး၊ ၁၁ ရက်နေ့တွင် ၄၀၄,၉၇၉ ဦး အသီးသီးရှိခဲ့ကြောင်းသိရသည်။ ယခင်က တစ်ရက်လျှင် ယာဉ်စီးရေ ၄,၃၀၀ ခန့်ဖြင့် တစ်ရက်လျှင်ခရီးသည်ဦးရေ ၁.၈ သန်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးခဲ့သော YBS ယာဉ်လိုင်းများအနေဖြင့် လက်ရှိအချိန်တွင် တစ်ရက်လျှင် ပျဉ်းမျှ ယာဉ်စီးရေ ၂၇၀၀ ဝန်းကျင်သာ ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

YRTA အနေဖြင့် နေ့စဉ်ပြေးဆွဲနေသော ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ်စီးရေကို နေ့စဉ်သွားလာသည့် ခရီးသွားပြည်သူများ၏လိုက်ပါစီးနင်းမှုအခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေအရလည်းကောင်း စီမံပြေးဆွဲလျက်ရှိကြောင်းသိရသည်။

Author