ကားပျံတွေလာတော့မယ်

0

Full article

ဟိုတလကတော့ ဂျပန်။ ဒီလမှာတော့ ကိုရီးယားပါ။

ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေး Hyundai ရဲ့ကြိုးစားအားထုတ်မှုဖြစ်ပါတယ်။ Hyundai ဟာ မြို့ပြတွေရဲ့ကောင်းကင်မှာ ပျံသန်းနေမယ့် ကားပျံတွေကို ထုတ်လုပ်ဖို့စီစဉ်နေတာ ဆယ်စုနှစ်တွေနဲ့ချီနေပါပြီ။

Hyundai Motor Group ဟာ လူငါးယောက်ခြောက်ယောက်လောက်တင်ဆောင်နိုင်တဲ့ကားပျံတွေအပြင်ကိုမှ လူအများကြီးတင်ဆောင်နိုင်တဲ့ ကားပျံကြီးတွေအထိ ထုတ်လုပ်ချင်နေကြတာပါ။ လာမယ့် ၂၀၂၈ ခုနှစ်မှာတော့ ဈေးကွက်အတွင်းချပြနိုင်မယ်လို့ ကုမ္ပဏီကမျှော်လင့်ထားတယ်လို့ သိထားရပါတယ်။

“ပိတ်နေတဲ့ကားတန်းကြီးတွေနဲ့ နေ့တိုင်းနီးပါးကြုံနေကြရသူတိုင်း လေပေါ်ကနေပျံသန်းသွားချင်တဲ့သူတွေချည်းပါပဲ။ ဒါဟာ လိုအပ်ချက် သိပ်ကိုများတဲ့ ဈေးကွက်တခု သေချာပေါက်ဖြစ်လာမှာပါ။” လို့ အသက် ၆၁ နှစ်အရွယ် Hyundai ရဲ့ Urban Air Mobility Unit ခေါင်းဆောင်ဖြစ်သူ Jaiwon Shin က ပြောပါတယ်။

လူတွေရဲ့လိုအပ်ချက်ဘယ်လောက်ပဲဖြစ်ဖြစ် ပျံသန်းနေတဲ့ကားတွေအများကြီးရှိတဲ့ မြို့တမြို့ဖြစ်ဖို့က တကယ်တော့ မလွယ်ကူလှပါဘူး။ ပုံမှန်လည်ပတ်နိုင်ဖို့နဲ့ စိတ်ချလုံခြုံဖို့ကလည်း တော်တော်ကြီးကို အချိန်ပေးပြီးတည်ဆောက်ကြရဦးမှာပါ။  အစီအစဉ်ချမှတ်သူတွေ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးတွေနဲ့ အခြားအဖွဲ့အစည်းတွေအများအပြားဟာ မြို့ပြကြီးတွေရဲ့ကောင်းကင်ပေါ်မှာ ပျံသန်းနေမယ့် ကားတွေနဲ့အတူ ပစ္စည်းပို့ဆောင်ရေးတွေလုပ်နေမှာဖြစ်ကြတဲ့ drones တွေအတွက် လမ်းကြောင်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အဆင်သင့်ဖြစ်အောင်အရင်လုပ်ကြရပါဦးမယ်။ Morgan Stanley ရဲ့အကြမ်းဖျင်းတွက်ချက်မှုအရဆိုရင် အဲဒီလိုမျိုးနည်းပညာတွေအတွက် ၂၀၄၀ ခုနှစ်မှာ ကုန်ကျနိုင်မယ့်ငွေပမာဏက အမေရိကန်ဒေါ်လာ 2.9 trillion လောက်အထိရှိတယ်လို့ဆိုပါတယ်။

Hyundai ရဲ့ ကားပျံစိတ်ကူစိတ်သန်းအကောင်အထည်ဖေါ်ဆောင်မှုဟာ ဒီနှစ်အစောပိုင်း Las Vegas မှာကျင်းပပြုလုပ်ခဲ့တဲ့ Consumer Electronics Show မှာပိုပြီးအသက်ဝင်လာခဲ့ပါတယ်။ Uber Technologies Inc., နဲ့ပူးပေါင်းလိုက်နိုင်လို့ပါပဲ။ ၂၀၃၅ ခုနှစ် အလိုအလျောက်မောင်းနှင်မှုမျိုးတွေမလုပ်ဆောင်နိုင်ခင်အထိ Uber ကနေပြီး မောင်းနှင်မှုအပိုင်းမှာ အများကြီးအထောက်အပံ့ပေးနိုင်ပါတယ်။

Shin ကတော့ ၂၀၂၈ ခုနှစ်မှစတင်ထုတ်လုပ်နိုင်ဖို့ မှန်းထားပေမဲ့ Hyundai ရဲ့ ဗွေဆော်ဦး ကားပျံတွေဟာ ၂၀၂၃ အစောပိုင်းလောက်မှပဲ ထွက်လာနိုင်ဖို့ရှိနေပြီး customers တွေကို ဆွဲဆောင်နိုင်မှာပါ။ Safety ပိုင်းနဲ့ စည်းမျဉ်းစည်းကမ်းအသားကျမှုအပိုင်း အချိန်ကာလတခုအတွင်း ဈေးနှုန်းတွေလျော့ချထားပေးဖို့လည်း Hyundai က ကြိုးစားနေပါတယ်လို့ ဆိုလိုက်ပါတယ်။

ကမ္ဘာ့ကားပျံပြိုင်ပွဲမှာ Airbus SE ၊ Boeing Co. နဲ့ Lilum တို့လို့ကုမ္ပဏီတွေလည်းပါဝင်လျက်ရှိတယ်။ တရုတ် လျှပ်စစ်ကားထုတ်လုပ်ရေး Xpeng Inc., ကလည်း လူနှစ်ယောက်တင်ဆောင်ပြီး ၂၅ မီတာအမြင့်အထိ လေပေါ်တက်နိုင်တဲ့ ကားပျံရှေ့ပြေးပုံစံကို ပြီးခဲ့တဲ့လအတွင်း ဖွင့်ထုတ်ပြသခဲ့တယ်။ ဂျပန်တို့ကလည်း သူတို့ရဲ့ကားပျံကို မိနစ်အနည်းငယ် လေပေါ်ကို ပျံစေနိုင်ခဲ့ပြီးပြီ။

ကားပျံထုတ်လုပ်မှုပြိုင်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ အားလုံးက ဆက်လက်ကြည့်ရှုရမှာပါ။ ဒါပေမဲ့ Shin ကတော့ “ဈေးကွက်အတွင်း ပထမ ကျွန်တော်တို့မဖြစ်ချင်ပါဘူး။ မှန်ကန်မှုအရှိဆုံး ပထမထုတ်ကုန်ဖြစ်ဖို့ကိုပဲ​ ကျွန်တော်တို့အလိုရှိတာပါ။” လို့ အဆုံးသတ် ပြောကြားသွားခဲ့တာပါ။

Ref and Photo Credit to : Hyundai Confident on Flying Cars, Steps Up Plans for Full Lineup

Photo Credit to : The Verge


Author