နိုင်ငံဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများ ကားတင်သွင်းခွင့်နှင့် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲပြုလုပ်

0

Full article

နိုင်ငံဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအား အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်းသည် ကားသစ်ဈေးကွက်၏ ၃၅ ရာခိုင်နှုန်းအပေါ် သက်ရောက်မှုဖြစ်စေမည့်အပြင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြုပ်နှံမည့် ရင်းနှီးမြုပ်နှံမှုအသစ်များအတွက်လည်း အနုတ်လက္ခဏာ ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်  Automotive Association of Myanmar(AAM) နှင့် Euro Cham Myanmar တို့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် အစိုးရဝန်ထမ်းများအား ကားတင်သွင်းခွင့်နှင့် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲမှ ပြောကြားခဲ့သည်။


ဒုတိယအကြိမ်မြောက် အစိုးရဝန်ထမ်းများအား ကားတင်သွင်းခွင့်နှင့် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် Zoom Application ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် British Chamber of Commerce Myanmar ၏ Chairman ဖြစ်သူ Peter Beynon မှ

“မြန်မာနိုင်ငံမှာ ရှိတဲ့ ဝန်ထမ်းဦးရေ ၁.၁ သန်းအနက် ၁ ရာခိုင်နှုန်းကိုပဲ ကားတင်သွင်း/ ဝယ်ယူခွင့်ပေးမယ်ဆိုပေမဲ့  ခွင့်ပြုတဲ့ပမာဏဟာ အကြမ်းဖျင်းအားဖြင့် ကားအစီးရေ တစ်သောင်းတစ်ထောင်ကို ခွင့်ပြုပေးခြင်းဖြစ်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ကားသစ်ရောင်းချရမှုဟာ တစ်နှစ်ကို အစီးရေ သုံးသောင်းကျော်သာ ရှိတဲ့အတွက် အခုခွင့်ပြုပေးတဲ့ ကားအစီးရေ တစ်သောင်းတစ်ထောင်ဟာ ဈေးကွက်ရဲ့ ၃၅ ရာခိုင်နှုန်းကို သက်ရောက်မှုရှိစေမှာဖြစ်ပါတယ်”

ဟု ပြောကြားခဲ့သည်။

ထို့အပြင် France – Myanmar Chamber of Commerce and industry ၏ Executive Director ဖြစ်သူ Guillaume Rebiere ကလည်း

“ဒီမော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို ခွင့်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုပ်နှံဖို့အတွက် အလားအလာရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ ရင်းနှီးမြုပ်နှံမှုတွေလို့ ပြောတဲ့နေရာမှာ မော်တော်ယာဉ်လုပ်ငန်းသာမက၊ အခြားသော ကဏ္ဍများမှာ ရင်းနှီးမြုပ်နှံမှုပြုလုပ်မယ့်သူတွေလည်း ပါဝင်ပါတယ်။ သူတို့ကိုပါ မြန်မာနိုင်ငံဘက်က အနုတ်လက္ခဏာဆောင်တဲ့ သတင်းစကားပေးလိုက်တာနဲ့လည်း တူညီပါလိမ့်မယ်။ ဒါကြောင့် ဒီမော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို ခွင့်ပြုမယ်ဆိုရင် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေတဲ့ ကားတင်သွင်းသူများနဲ့ လုပ်ငန်းရှင်များရဲ့ တည်ဆဲလမ်းကြောင်းကနေတစ်ဆင့်သာ လုပ်ဆောင်ကြဖို့ အကြံပြုလိုပါတယ်”

ဟု ပြောကြားခဲ့သည်။


အထက်ပါ သတင်းစာရှင်းလင်းပွဲကို Automotive Association Myanmar, EuroCham Automotive Advocacy Group, British Chamber of Commerce Myanmar, French-Myanmar Chamber of Commerce and Industry နှင့် Delegation of German Industry and Commerce in Myanmar တို့မှ ပူးပေါင်းကာ ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပထမအကြိမ်ကျင်းပခဲ့ခြင်းဖြစ်သည်။

Author