COVID-19 ဒုတိယလှိုင်းအတွင်း YBS ယာဉ်လိုင်းများရှိ ယာဉ်မောင်းများအား ထောက်ပံ့မှုများပြုလုပ်သွားမည်

0

Full article

COVID-19 ဒုတိယလှိုင်းအတွင်း YBS ယာဉ်လိုင်းများရှိ ယာဉ်မောင်းများအား ထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် YRTA ဥက္ကဋ္ဌထံ ခွင့်ပြုချက်တောင်းခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“ ပြီးခဲ့တဲ့ COVID-19 ပထမလှိုင်းဖြစ်စဉ်အချိန်တုန်းက ကျွန်တော်တို့ရဲ့ ရုံးပိတ်ရက်ကာလ၊ ပထမဆုံး Stay at Home ကာလနဲ့ ယာဉ်တွေမပြေးဆွဲနိုင်ခဲ့တဲ့ကာလ သုံးခုတိုက်ဆိုင်ခဲ့ပါတယ်။ ထိုစဉ်က ကျွန်တော်တို့ယာဉ်လုပ်သားတွေအတွက် YRTA အနေနဲ့ ယာဉ်လုပ်သားပေါင်း ရှစ်ထောင်ကျော်ကို ဆန်၊ ဆီ စတဲ့ ထောက်ပံ့မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ YRTA ကတာဝန်ယူပြီး လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ ဒုတိယလှိုင်းဖြစ်ချိန်မှာ ကျွန်တော်တို့အနေနဲ့ နှစ်ဆင့် စဉ်းစားထားပါတယ်။ ပထမတစ်ဆင့်က ရန်ကုန်တိုင်းဒေသကြီးကို Stay at Home မသတ်မှတ်မီတုန်းက ကျွန်တော်တို့ယာဉ်တွေရဲ့ နေ့စဉ်ပြေးဆွဲခဲ့ရမှု အခြေအနေကို သုံးသပ်ပါတယ်။ ပြီးတော့ ယာဉ်လုပ်သားတွေရဲ့အခြေအနေကို ပြန်သုံးသပ်နေပါတယ်။  အခုလက်ရှိမှာက တစ်နေ့ကို ယာဉ်စီးရေပေါင်း တစ်ထောင်ကျော်ပဲ ထွက်နိုင်တဲ့အတွက် ယခင်က ပြေးဆွဲခဲ့တဲ့ တစ်ရက်ကို ယာဉ်စီးရေ လေးထောင်ထက်စာရင် အများကြီးနည်းနေတဲ့အတွက် ယာဉ်လုပ်သားတွေဟာ တစ်ရက်မောင်းပြီးရင် နှစ်ရက်သုံးရက် နားနေရမယ့် အနေအထားမျိုးကို ရောက်ရင် ကျွန်တော်တို့အနေနဲ့ ထောက်ပံ့မှုလုပ်နိုင်အောင်ဆိုပြီး ပြင်ဆင်ထားတာရှိပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ YRTA ရဲ့ ဥက္ကဋ္ဌဆီတင်ပြပြီး ခွင့်ပြုချက်ရယူပြီးတာနဲ့ ယာဉ်လုပ်သားတွေကို ထောက်ပံ့မှုပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်”

ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။


ယခင်က YBS ယာဉ်လိုင်းများတွင် တစ်ရက်လျှင် ယာဉ်စီးရေ ၄,၃၀၀ ကျော်ဖြင့်နေ့စဉ်ပြေးဆွဲခဲ့ရသော်လည်း လက်ရှိအနေအထားတွင်စီးနင်းသူအရေအတွက် ကျဆင်းနေသောကြောင့် တစ်ရက်လျှင် ယာဉ်စီးရေ တစ်ထောင်ကျော်သာ ပြေးဆွဲနေရကြောင်းသိရသည်။

Author