မန္တလေးတိုင်းဒေသကြီးအတွင်းသို့ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် COVID-19 ရောဂါပိုးမရှိကြောင်း ထောက်ခံချက်ပါရှိရမည်

0

Full article

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များနှင့် ကုန်ပစ္စည်းလာရောက်ပို့ဆောင်ကြမည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် COVID-19 ရောဂါပိုးမရှိကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးကြေညာထားပါသည်။


လတ်တလောတွင် COVID -19 ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ကုန်တင်ယဉ်များသွားလာမှုနှင့် ပတ်သက်ပြီး အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ဝင်မြို့ထွက်ဂိတ်များတွင် စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ ဖြတ်သန်းသွားလာခွင့်မပြုခြင်းနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လဲလှယ်မောင်းနှင်စေခြင်းများကြောင့် ယာဉ်များ ကြာမြင့်စွာ ရပ်တန့်ထားရပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ကုန်တင်ယာဉ်များသွားလာရာတွင် စံသတ်မှတ်ချက် ( Standard Operation Procedure – SOP) ပါအတိုင်း စနစ်တကျလိုက်နာမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရန် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားထားပါသည်။ ထို့ကြောင့် နေပြည်တော်ကောင်စီတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မန္တလေးတိုင်းဒေသကြီးသို့ ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များနှင့် မန္တလေးတိုင်းဒေသကြီးသို့ ကုန်ပစ္စည်းလာရောက်ပို့ဆောင်ကြမည့် ကုန်တင်ယာဉ်များအားလုံး၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် SOP (စံသတ်မှတ်ချက်) ပါအတိုင်း COVID -19 ရောဂါပိုးမရှိကြောင်း ထောက်ခံချက် ( လိုင်စင်ဓါတ်ပုံပါ) ပါရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး ထောက်ခံချက်မရှိပါက သက်ဆိုင်ရာ မြို့နယ် COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတ်မှတ်နှုန်းထားများဖြင့် ကျန်းမာရေးစစ်ဆေး( swab) ယူပြီး Negative ဖြစ်မှသာ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အသိပေးကြေညာထားပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်များသွားလာရေးဆိုင်ရာ စံသတ်မှတ်ချက် (Standard Operation Procedure – SOP) ပါအတိုင်း စနစ်တကျလိုက်နာမှုရှိရေးကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Author