ပြည်တွင်းလေကြောင်းလိုင်းများအား ဒီဇင်ဘာလ ၁၆ ရက်နေ့နှင့် နိုင်ငံတကာ လေကြောင်းလိုင်းများကို ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြန်လည်ပျံသန်းပြေးဆွဲသွားမည်

0

Full article

ပြည်တွင်းလေကြောင်းလိုင်းများအား ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့နှင့် နိုင်ငံတကာ လေကြောင်းလိုင်းများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြန်လည် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။

လက်ရှိဖြစ်ပွားနေသည့် COVID -19 ရောဂါသည် ပြည်တွင်းကူးစက်မှု ပျံ့နှံ့လျက်ရှိသည့်အတွက် ပြည်တွင်းပုံမှန်လေကြောင်းလိုင်းများ၏ ခရီးစဉ်ပြေးဆွဲမှုကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ဆက်လက်ရပ်ဆိုင်းထားရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လေကြောင်းလိုင်းများသို့ အကြောင်းကြားခဲ့ရာမှ ယခုအခါ နေပြည်တောင်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပုံမှန်ပြေးဆွဲနေသည့် ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်းများ (SOP) နှင့်အညီ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်သွားရန် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီ၏ လမ်းညွှန်ချက်အရ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ပြည်တွင်းလေကြောင်းလိုင်းများ သိရှိဆောင်ရွက်နိုင်ရန် အကြောင်းကြားခဲ့ကြောင်းသိရသည်။ ထို့အတူ ၁၀.၁၂.၂၀၂၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ International Commercial Passenger Flights များ ပျံသန်းပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ကိစ္စရပ်အား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ထံ အသိပေးထားကြောင်း သိရသည်။

ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)၊ AIR KBZ၊ ရွှေမြန်မာလေကြောင်းလိုင်းနှင့် မန်းရတနာ လေကြောင်းလိုင်းတို့သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး AIR THANLWIN လေကြောင်းလိုင်းသည် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထံမှ သိရသည်

Author