မြန်မာ့မီးရထားမှ ဆက်လက်ပြေးဆွဲနေသည့် ရထားလမ်းပိုင်းများ၏ ထွက်ခွာချိန်နှင့် ဆိုက်ရောက်ချိန်တို့ကို အသိပေးကြေညာထား

0

Full article

မြန်မာ့မီးရထားမှ ပြေးဆွဲနေသော ရထားလမ်းပိုင်းအချို့ကို ခေတ္တရပ်ဆိုင်းထားပြီး ဆက်လက်ပြေးဆွဲနေသည့် ရထားလမ်းပိုင်းများ၏ ထွက်ခွာချိန်နှင့် ဆိုက်ရောက်ချိန်တို့ကို အသိပေးကြေညာထားပါသည်။


လတ်တလောတွင် ကူးစက်ပျံ့နှံ့မှုများပြားနေသည့် COVID-19 ရောဂါကြောင့် စီးနင်းသူနည်းပါခြင်းနှင့် တိုင်းဒေသကြီးပြည်နယ်များ၏ ကန့်သတ်ချက်များကြောင့် ပြေးဆွဲခဲ့သည့် ရထားလမ်းပိုင်းအချို့ကို ခေတ္တယာယီ ရပ်ဆိုင်းထားရပြီး ရပ်ဆိုင်းထားသည့် လမ်းပိုင်းများမှာ ရန်ကုန် - မန္တလေး လမ်းပိုင်း၊ ရန်ကုန် - မော်လမြိုင်လမ်းပိုင်း၊ ရန်ကုန် - ပြည်လမ်းပိုင်းတို့တွင် ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားကြောင်းသိရသည်။ ဆက်လက်ပြေးဆွဲနေသည့် ရထားလမ်းပိုင်းများမှာ မန္တလေး - မြစ်ကြီးနားလမ်းပိုင်း၊  မန္တလေး - လားရှိုး လမ်းပိုင်း၊ နေပြည်တော် - ချောက် လမ်းပိုင်း၊ ပုသိမ် - ကြံခင်း လမ်းပိုင်းတို့ကို ဆက်လက်ပြေးဆွဲနေပြီး မန္တလေး - မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ် ၄၁ အဆန်ရထားသည် မန္တလေးမှ ညနေ ၅နာရီ ၃၀ မိနစ်တွင်ထွက်ခွာမည်ဖြစ်ပြီး၊ မြစ်ကြီးနားသို့ နောက်တနေ့ ည ၈ နာရီ ၂၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ အမှတ် ၄၂ အစုန်ရထားသည် မြစ်ကြီးနားမှ မနက် ၈ နာရီ ၄၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ နောက်တနေ့မနက် ၁၀ နာရီ ၃၀ မိနစ်တွင်ရောက်ရှိမည်ဖြစ်သည်။ မန္တလေး - လားရှိုး လမ်းပိုင်းတွင် အမှတ် ၁၃၁ အဆန်ရထားသည် မနက် ၄ နာရီတွင် မန္တလေးမှထွက်ခွာမည်ဖြစ်ပြီး၊ အမှတ် ၁၃၂ အစုန်ရထားသည် လားရှိုးမှ မနက် ၅ နာရီတွင်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။ နေပြည်တော် - ချောက် လမ်းပိုင်းတွင် ၁၀၁ အဆန်ရထားသည် နေပြည်တော်မှ မနက် ၅ နာရီထွက်ခွာမည်ဖြစ်ပြီး ချောက်သို့ ည ၇ နာရီတွင်ရောက်ရှိမည်ဖြစ်ကာ ၊ ၁၀၂ အစုန်ရထားသည် ချောက်မှ မနက် ၆ နာရီ ၃၀ မိနစ်တွင်ထွက်ခွာမည်ဖြစ်ပြီး နေပြည်တော်သို့ ည ၈ နာရီ ၃၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ပုသိမ် -ကြံခင်းလမ်းပိုင်းတွင် ၁၈၅ အဆန်ရထားသည် ပုသိမ်မှ မနက် ၆ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ကြံခင်းသို့ ညနေ ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ၁၈၆ အစုန်ရထားသည် ကြံခင်းမှ မနက် ၆ နာရီတွင်ထွက်ခွာမည်ဖြစ်ပြီး ပုသိမ်သို့ ညနေ ၆ နာရီ ၂၅ မိနစ်တွင်ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။


ရထားလမ်းပိုင်းပြေးဆွဲမှုများ၊ ယာယီရပ်နားမှုများနှင့် ပြောင်းလဲမှု တစ်စုံတစ်ရာရှိပါက ထပ်မံ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

Author