ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို မြန်မာ့မီးရထားမှ အကောင်အထည်ဖော်ဆောင်ရွက်နေသဖြင့် ရေကူး-ပုဇွန်တောင်ဘူတာကြားရှိ Level Crossing (၅) ခုအား ကားလမ်းမျာ ယာယီပိတ်၍လည်းကောင်း၊ လမ်းတစ်ဖက် ပိတ်/ဖွင့် စနစ်ဖြင့်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားပါသည်။

မရမ်းကုန်းမြို့နယ်၊ ရေကူးဘူတာအနီး၊ ဂန္ဓမာလမ်း Level Crossing အား ၁၈.၈.၂၀၂၀ ရက်နေ့မှ ၁၁.၉.၂၀၂၀ ရက်နေ့အထိ တွင် ကားလမ်းတစ်ခြမ်း ပိတ်/ဖွင့် စနစ်ဖြင့်လည်းကောင်း၊ ရန်ကင်းမြို့နယ်၊ ကံဘဲ့ဘူတာအနီးရှိ ကံဘဲ့လမ်း(သစ္စာလမ်း) Level Crossing အား ၁၂.၉.၂၀၂၀ ရက်နေ့မှ ၆.၁၀.၂၀၂၀ ရက်နေ့အထိတွင် ကားလမ်းတစ်ခြမ်း ပိတ်/ဖွင့် စနစ်ဖြင့်လည်းကောင်း၊ ရန်ကင်းမြို့နယ် ဘောက်ထော်ဘူတာအနီးရှိ အောင်ဇေယျလမ်း Level Crossing အား ၃၀.၈.၂၀၂၀ ရက်နေ့မှ ၂၂.၉.၂၀၂၀ ရက်နေ့အထိ ကားလမ်းတစ်ခြမ်း ဖွင့်/ပိတ် စနစ်ဖြင့်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားပါသည်။ ထို့အပြင် ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဘူတာအနီးရှိ ပြည်သာယာလမ်း Level Crossing အား ၂၉.၈.၂၀၂၀ ရက်နေ့မှ ၁၃.၉.၂၀၂၀ ရက်နေ့အထိ လမ်းပိတ်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် မာလာမြိုင်လမ်းမှ ပြည်သာယာလမ်းကို အသုံးပြု၍ဝေဇယန္တာလမ်းဘက်သို့သွားလာမည့်မော်တော်ယာဉ်များအနေဖြင့်လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း ရတနာလမ်းနှင့် လေးထောင့်ကန်လမ်းကို အသုံးပြုကြရန်နှင့် တာမွေမြို့နယ်၊ မေတ္တာညွန့်ဘူတာအနီးရှိ မာလာနွယ်လမ်း Level Crossing အား၁၆.၉.၂၀၂၀ ရက်နေ့မှ ၁.၁၀.၂၀၂၀ ရက်နေ့အထိ လမ်းပိတ်ထားမည်ဖြစ်၍ ဒဂုံလွင်လမ်းမှ မာလာနွယ်လမ်းကို အသုံးပြုကာ ဝေဇယန္တာလမ်းလက်သို့သွားလာမည့် မော်တော်ယာဉ်များအနေဖြင့် လေးထောင့်ကန်လမ်းနှင့် သမိန်ဗရမ်းလမ်းတို့ကို အသုံးပြုကာ မောင်းနှင်ပေးကြရန်ကိုလမ်း အသိပေးကြေညာထားပါသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းဆောင်ရွက်နေစဉ်ကာလအတွင်း အထက်ဖော်ပြပါနေရာများတွင် သွားလာမည့် မော်တော်ယာဉ်များအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးဆိုင်းဘုတ်များကို ကြည့်ရှုလိုက်နာမောင်းနှင်ကြရန်ကိုလည်း မြန်မာ့မီးရထားမှ အသိပေးနှိုးဆော်ထားပါသည်။