Amazon ရဲ့ electric delivery vans တွေလာပြီ

0

Full article

ယနေ့ကမ္ဘာ့အချမ်းသာဆုံးလူသား Jeff Bezos ရဲ့ Amazon ဟာ Rivian နဲ့ပူးပေါင်းပြီး လျှပ်စစ်စွမ်းအင်အပြည့်အဝသုံး delivery van တစီးကို ထုတ်လုပ်ဖို့လုပ်ဆောင်နေပါပြီ။ Rivian ကတော့ ဒက်ထရွိက်မှာရုံးချုပ်ဖွင့်လှစ်ထားရှိတဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးဖြစ်ပါတယ်။ ကြားသိရသလောက်ဆိုရင် Rivian ကို Amazon က အမေရိကန်ဒေါ်လာ သန်း ၇၀၀ ၊ Ford က ဒေါ်လာသန်း ၅၀၀ အသီးသီး ရင်းနှီးမြှုပ်နှံထားကြပါတယ်။ လျှပ်စစ်စွမ်းအင်သုံးကားတွေထုတ်လုပ်မှာဖြစ်တဲ့အတွက် Tesla ရဲ့အကြီးအကျယ်ဆုံးပြိုင်ဘက်တခုလည်းဖြစ်လာနိုင်ခြေရှိတဲ့ Rivian ရယ်ပါ။

အခု Amazon ကနေပြီး ဖွင့်ထုတ်ပြသလိုက်တာကတော့ Rivian တည်ဆောက်လိုက်တဲ့ electric delivery vans တွေရဲ့ရှေ့ပြေးပုံစံပါ။ အဲဒီ van မှာက Amazon ရဲ့ virtual assistant AI ဖြစ်တဲ့ Alexa ပါဝင်လာမှာဖြစ်ပြီး ကင်မရာများစွာနဲ့ 360° မြင်ကွင်းတွေ၊ ဂြိုဟ်တုလမ်းညွှန်တွေကတော့ အကောင်းဆုံးအနေအထားနဲ့ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီ electric delivery vans တွေဟာ ၂၀၂၁ ခုနှစ်အတွင်းထွက်ရှိလာမှာဖြစ်ပြီး ၂၀၃၀ အထိ အစီးရေ သိန်းပေါင်းထောင်ချီပြီးထုတ်လုပ်သွားမယ်လို့ Amazon ကဆိုထားပါတယ်။

Amazon ရဲ့ ​delivery van ဟာ ပစ္စည်းပစ္စယများ ဖြန့်ချိပေးဝေရေးလုပ်ဆောင်မှာဖြစ်တာနဲ့အညီ delivery လုပ်ငန်းကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်မယ့် အင်္ဂါရပ်တွေထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ဥပမာ ဂြိုဟ်တုလမ်းညွှန်ဟာ Alexa နဲ့အတူ အသံထိန်းချုပ်မှုနဲ့ ခိုင်းစေနိုင်တဲ့အပြင် သွားမယ့်လမ်းကြောင်းတွေကိုလည်း AI ကနေ အကောင်းဆုံး ချိန်ညှိရေးဆွဲပေးတာမျိုး၊ ခရီးဝေးမောင်းနှင်မှုတွေအတွက် Amazon နဲ့ Rivian တို့က ပေါင်းထည့်ဖန်တီးပေးထားတဲ့ highway driving နည်းပညာမျိုး၊ ယာဉ်မတော်တဆဖြစ်ရပ်များအတွက် ပိုမိုတောင့်တင်းအောင်ပြုလုပ်ထားတဲ့ ယာဉ်မောင်းသူတံခါးလိုမျိုးတွေအပြင် Amazon က “dance floor” လို့ နာမည်ပေးထားတဲ့အထိ ကျယ်ဝန်းတဲ့ အတွင်းခန်းပါဝင်တာမျိုးတွေပါ။

လျှပ်စစ်ကားတစီးအနေနဲ့ အဆိုပါ van ဟာ ဘက်ထရီအားအပြည့်တခါသွင်းထားပါက မိုင် ၁၅၀ အထိ မောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီ electric Rivian vans စီမံကိန်းဟာ Amazon ရဲ့ ၂၀၄၀ ခုနှစ်အတွင်း ကာဗွန်ထုတ်လွှတ်မှု-သုံညအထိလျော့ချရေး ကတိကဝတ်ရဲ့အစိတ်အပိုင်းတခုလည်းဖြစ်ပါတယ်။ လောင်စာဆီသုံး delivery vans တွေနေရာမှာ များမကြာမီ အမြန်ဆုံးအစားထိုးဝင်ရောက်မယ့် လျှပ်စစ် delivery vans တွေလည်းဖြစ်ပါတော့တယ်။

Ref & photo credit to: Amazon Shows Prototype of Its Rivian-Built Electric Delivery Van

Author