ရန်ကုန် မှ ဘန်ကောက်သို့ ၉ နာရီသာကြာမြင့်မည့် စီမံကိန်းအား စတင်နေပြီဖြစ်

0

Full article

ရန်ကုန် မှ ဘန်ကောက်သို့ မော်တော်ယာဉ်ဖြင့်သွားပါက ကြာချိန် ၉ နာရီသာကြာမြင့်မည့် စီမံကိန်းအား စတင်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ထံမှသိရသည်။

အဆိုပါစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းမှ ဘန်ကောက်မြို့အထိ မော်တော်ယာဉ်ဖြင့် သွားရာတွင် မြို့များအတွင်းမှ ဖြတ်သန်းသွားပါက ရန်ကုန်မြို့ ထောက်ကြံ့မှစတင်၍ ယာဉ်ကြောပိတ်ဆို့မှုများစတင်ကြုံတွေ့ရမည်ဖြစ်သောကြောင့် ပဲခူး-ကျိုက်ထို အမြန်လမ်းမသစ်နှင့် မြို့ရှောင်လမ်းများကို ဖောက်လုပ်ရန်လိုအပ်ပြီး ဖောက်လုပ်ဆဲ မြို့ရှောင်လမ်းအချို့မှာ ပြီးစီးတော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင် ကျိုက်ထိုမြို့ရှောင်လမ်း ဖောက်လုပ်ခြင်း၌ မြေသားလုပ်ငန်းပြီးစီးခဲ့ပြီးမကြာမီ လေးလမ်းသွား မြို့ရှောင်လမ်းအဖြစ် ပေါ်ထွက်လာမည်ဖြစ်ပြီး သထုံမြို့ရှောင်လမ်းကိုလည်း ဒုံသမိတံတား မှ စကာ သထုံ၊ ကျိုက်ကော် သိမ်ဆိပ် တို့ကိုရှောင်ပြီး ဘီးလင်းမြို့အထိ ဖောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အထက်ပါ လမ်းများပြီးစီးပါက ရန်ကုန်တိုင်း၊ သီလဝါမှ မြဝတီမြို့အထိကို မော်တော်ယာဉ်ဖြင့်သွားပါက ကြာချိန် ၄ နာရီခွဲဖြင့် သွားနိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံဖက်ခြမ်းမှ လမ်းများ အဆင့်မြှင့်တင်ပြီးပါက မဲဆောက်မြို့နှင့် ဘန်ကောက်မြို့သို့ ကြာမြင့်ချိန် ၄ နာရီခွဲဖြင့် ရောက်ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့၏ အရှေ့ဘက်ခြမ်းတွင်လည်း သန်လျင်၊ သုံးခွ၊ ခရမ်း၊ သနပ်ပင်၊ ပဲခူးလမ်းနှင့် ချိတ်ဆက်ကာ၊ သီလဝါ ဆိပ်ကမ်းအထိ ခရီးသည်နှင့် ကုန်စည်များ လွယ်ကူလျှင်မြန်စွာ စီးဆင်းနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သည် ထိုင်းနိုင်ငံ၊ မဟာမဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယား နှင့် ဗီယမ်နမ်နိုင်ငံများကလည်း မြန်မာနိုင်ငံအတွင်းမှ ဖြတ်သန်းကာ သီလဝါဆိပ်ကမ်းမှတစ်ဆင့် အခြားပြည်ပနိုင်ငံများသို့ ရေကြောင်းဖြင့် ကုန်သွယ်မှုပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

အထက်ပါ စီမံကိန်းအား အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ ချေးငွေအကူအညီဖြင့် ဖောက်လုပ်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် ရန်ကုန် အရှေ့ဘက်တွင် စီးပွားရေစင်္ကြန်လမ်းမသစ်ဖြစ်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းသိရသည်။

Author