မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲခြင်း အခွန်နှုန်းထားလျှော့ပေါ့ပေးရန် ဆွေးနွေးအကြံပြုချက်အပေါ် ပို့/ဆက် ဒုဝန်ကြီး ပြန်လည်ရှင်းလင်းပြောကြား

0

Full article

မော်တော်ယာဉ်ဝယ်ယူသူအများစုသည် ဝယ်ယူခွန်နှုန်းထားများပြားသည့်အတွက် အခွန်တိမ်းရှောင်ပြီး မိမိအမည်ပေါက် မပြောင်းလဲလိုသောကြောင့် အချက်အလက်မှန်ကန်မှုမရှိခြင်းများဖြစ်ပေါ်နေသဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းခဲ့သော်လည်း စီမံ/ဘဏ္ဍာမှ နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ မလျော့နည်းစေရန်အတွက် ယခင်အတိုင်း အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးမှသာ ယာဉ်ပိုင်ရှင်အမည်ပေါက်ဆောင်ရွက်ပေးခြင်းကို လုပ်ဆောင်ပေးစေလိုဟု ပြန်ကြားခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ ပြောကြားခဲ့သည်။

၂၃ - ၈ -၂၀၁၉ ရက်နေ့တွင်ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ကားအမည်ပြောင်းသူများသည် ၁၅% မှ ၃၀% ဟူသည့် မြင့်မားသောအခွန်နှုန်းထားကြောင့် အမည်မပြောင်းလဲတော့သဖြင့် နိုင်ငံ့ဘဏ္ဍာငွေများမရတော့သည့်အတွက် ကားတန်ဖိုးအလိုက် ၅% ထက်မများသောအခွန်နှုန်းထားသို့ လျှော့ပေါ့ပေးကာ လွယ်ကူသောနည်းဖြင့် ကားပိုင်ရှင်တိုင်းအမည်ပေါက်လုပ်ခွင့်ပေးလာပါက ကားပိုင်ရှင်တိုင်းအမည်ပေါက်လုပ်လာနိုင်ပြီး၊ အခွန်ငွေတိုးတက်လာနိုင်ကြောင်း ဆွေးနွေးအကြံပြုချက်အပေါ် ဒုဝန်ကြီးမှ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဉ်များ၏အချက်အလက်များကိုထိန်းသိမ်းရသည့်ဌာနတစ်ခုဖြစ်သည့်အတွက် လက်ရှိယာဉ်ပိုင်ရှင်များ၏ အမည်၊ နေရပ်လိပ်စာ အချက်အလက်မှန်ကန်ရေးသည် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမည်ပြောင်းလျှောက်ထားရာတွင် ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းချက်ကြောင့်လည်းကောင်း၊ နိုင်ငံ့ဘဏ္ဍာတိုးတက်ရရှိရေးလုပ်ငန်ချင်း ဆက်စပ်မှုကြောင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ၏ မူဝါဒနှင့်အညီ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်ပေးနေရခြင်းဖြစ်သောကြောင့် မော်တော်ယာဉ်ဝယ်ယူပြီးနောက် အမည်ပေါက်ပြောင်းလဲရာတွင် အခွန်ဆောင်ပြီးကြောင်း အခွန်စိမ်းပြမှသာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အမည်ပြောင်းခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပြီး ပြည်တွင်းအခွန်ဦးစီးဌာနမှ ထုတ်ခဲ့သော အခွန်ပုံစံ (၁) တွင်ပါရှိသည့်အမည်၊ နေရပ်လိပ်စာအတိုင်းသာ ယာဉ်မှတ်ပုံတင်စာအုပ်တွင် မှတ်ပုံတင်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

“မော်တော်ယာဉ်ဝယ်ယူသူအများစုသည် ဝယ်ယူခွန်၊ အခွန်နှုန်းထားများပြားသဖြင့် အခွန်တိမ်းရှောင်ပြီး မိမိအမည်သို့မပြောင်းလဲလိုသောကြောင့် နေရပ်လိပ်စာမမှန်ကန်ခြင်းရှိနေသဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းခဲ့ရာ နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်များလျော့နည်းမှုမရှိစေရေးအတွက် ယခင်အတိုင်း မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲချိန်တွင် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးမှသာ ယာဉ်ပိုင်ရှင်အမည်ပေါက်ဆောင်ရွက်ပေးခြင်းကို ဆက်လက်ကျင့်သုံးဆောင်ရွက်ပေးစေလိုပါကြောင်း ပြန်ကြားလာသည့်အတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်ပေးနေပါကြောင်း ရှင်းလင်းတင်ပြလိုပါတယ်။”


ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုးမှ ရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၌ စတင်အကျိုးသက်ရောက်မည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေတွင် အခွန်ရှောင်တိမ်းပါက ၇ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ် နှစ်သိန်းငါးသောင်းနှင့် သက်ဆိုင်ရာကာလအတွက် ရှောင်တိမ်းခဲ့သည့်အခွန်ပမာဏ၏ ၁၀၀ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏတို့အနက် များရာငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်သွားမည်ဟု ပါရှိကြောင်းသိရသည်။

Author