2019 Novel Coronavirus (COVID – 19) ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာဉ်မောင်းလိုင်စင်ဖြေဆို စစ်ဆေးခြင်းနှင့် သင်တန်းများကို ခေတ္တရပ်ဆိုင်းထား

0

Full article

2019 Novel  Coronavirus (COVID – 19) ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာဉ်မောင်းလိုင်စင်ဖြေဆို စစ်ဆေးခြင်းနှင့် သင်တန်းများကို ခေတ္တရပ်ဆိုင်းထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

2019 Novel Coronavirus ( COVID – 19) ရောဂါအား ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားရေးအတွက် လူစုလူဝေးဖြင့်ဆောင်ရွက်ရသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးသင်တန်းများ၊ သင်တန်းနှင့် ဆက်စပ်နေသော ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်း၊ စစ်ဆေးခြင်းများကို ( ၂၃.၃.၂၀၂၀) ရက်နေ့မှ စတင်ပြီး ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။ ထို့ကြောင့် ယာဉ်မောင်းသင်တန်းကျောင်းများနှင့် လက်ရှိဖွင့်လှစ်ဆောင်ရွက်နေသော အခြေခံယာဉ်မောင်းသင်တန်းကျောင်းများကို (၂၃.၃.၂၀၂၀) ရက်နေ့မှစတင်ကာ ခေတ္တရပ်ဆိုင်းထားရန်နှင့် ပြန်လည်ဖွင့်လှစ်မည့်နေ့ရက်အား ထပ်မံကြိုတင်ကြေညာသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။ ထို့အပြင် ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင်လည်း မော်တော်ယာဉ်သက်တမ်းတိုးခြင်း စသည့်လုပ်ငန်းများ လာရောက်ဆောင်ရွက်သူများကို ကိုယ်ပူချိန်တိုင်းခြင်း၊ လက်ဆေးပြီးမှ ရုံးဝန်းအတွင်းသို့ဝင်စေခြင်း စသည့် ဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၂.၃.၂၀၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်အထိတွင် COVID -19 ဖြစ်ပွားသော နိုင်ငံပေါင်း ၁၈၄ နိုင်ငံ၊ အတည်ပြုလူနာပေါင်း ၂၆၇,၀၁၃ ဦး၊ သေဆုံးသူ စုစုပေါင်း ၁၁,၂၀၁ ဦး ထိရှိနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုမရှိသေးကြောင်းသိရသည်။

Author