မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးပေးခြင်းအတွက် လိုအပ်သည့် စာရွက်စာတမ်းနှင့် အထောက်အထားများ

0

Full article

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်နှင့်တိုင်းဒေသများရှိ မြို့နယ်များသို့ လစဉ်အလိုက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးပေးခြင်းကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်ရွက်လိုသူများအနေဖြင့် လိုအပ်သည့်စာရွက်စာတမ်း၊ အထောက်အထားများကို အဆင်သင့်ပြုလုပ်ထားရန်ကိုလည်း ကညန မှ နှိုးဆော်ထားကြောင်းသိရသည်။

လိုအပ်သည့်စာရွက်စာတမ်းအထောက်အထားများမှာ လိုင်စင်ရှိမော်တော်ဆိုင်ကယ်များသက်တမ်းတိုးပေးရာတွင် မော်တော်ဆိုင်ကယ်မှတ်ပုံတင်စာအုပ် ( အုံနာဘုတ်)၊ မော်တော်ဆိုင်ကယ်သက်သေခံလက်မှတ် (အဝိုင်း)၊ လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏ မှတ်ပုံတင်မူရင်း/ မိတ္တူ၊ အာမခံပေးသွင်းပြီးပြေစာ၊ 110 CC နှင့်အထက် မော်တော်ဆိုင်ကယ်များအား ယာဉ်စစ်ဆေးပြီးမှ သက်တမ်းတိုးဆောင်ရွက်ရမည်ဖြစ်သဖြင့် ဆိုင်ကယ်ယူဆောင်လာရမည်ဖြစ်သည်။ ဆိုင်ကယ်လိုင်စင်သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး မှတ်ပုံတင်ခ မှာ ပြည်နယ်နှင့်တိုင်းအလိုက် အုပ်စု ၃ စုခွဲထားသည်။

အုပ်စု (၁) တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ အုပ်စု (၂) တွင်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ အုပ်စု (၃) တွင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တို့ပါဝင် ကြကြောင်းသိရသည်။ နှစ်လဲမှတ်ပုံတင်ခ အနေဖြင့် အုပ်စု (၁) အတွက် ၆၀၀၀ ကျပ်၊ အုပ်စု (၂) အတွက် ၄၀၀၀ ကျပ်၊ အုပ်စု(၃) အတွက် ၂၀၀၀ ကျပ်တို့ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ ယာဉ်စစ်ဆေးခ မှာ အုပ်စုအားလုံးအတွက် ၁၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

မော်တော်ဆိုင်ကယ်မောင်း “က” လိုင်စင်အသစ်ထုတ်ပေးရာတွင် လိုအပ်ချက်များမှာ ဖြေဆိုမည့်လူကိုယ်တိုင်၊ ဖြေဆိုမည့်သူ၏ မှတ်ပုံတင်မူရင်း/ မိတ္တူ၊ နောက်ခံအပြာရောင်ဖြင့် ဓါတ်ပုံ (၃) ပုံ တို့လိုအပ်မည်ဖြစ်ပြီး “က” ယာဉ်မောင်းလိုင်စင်အတွက် ကုန်ကျစရိတ်မှာ သင်တန်းကြေး ၂၀၀၀ ကျပ်၊ စစ်ဆေးခ (၁) ကြိမ်လျှင် ၂၀၀၀ ကျပ်၊ လိုင်စင်ခမှာ တစ်နှစ်လျှင် ၂၄၀၀ ကျပ်နှုန်းဖြင့် (၅) နှစ်စာ ၁၂၀၀၀ ကျပ်၊ “သ” ယာဉ်မောင်းလိုင်စင် (သင်မောင်းလိုင်စင်) အတွက် ၃၀၀၀ ကျပ်၊ အာမခံငွေ ၅၀၀၀ ကျပ်၊ စုစုပေါင်း ၂၄၀၀၀ကျပ်  ကုန်ကျမည်ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရာတွင် လိုအပ်မည့်အထောက်အထားများမှာ ယာဉ်မောင်းလိုင်စင်မူရင်း၊ ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်သူ၏ မှတ်ပုံတင် မိတ္တူ ၊ လုပ်ငန်းဆောင်ရွက်သူ၏ မှတ်ပုံတင်မိတ္တူ ၊ နောက်ခံအပြာရောင်ဖြင့် ဓါတ်ပုံ (၂) ပုံ တို့လိုအပ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထံမှသိရသည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မြို့နယ်များသို့  လစဉ် နယ်လှည့်ကာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးခြင်းကို  ဆောင်ရွက်ပေးလျက်ရှိရာ လာမည့် နိုင်ဝင်ဘာလတွင် ဆောင်ရွက်ပေးမည့်မြို့နယ်များကို အောက်ပါ link တွင်ကြည့်ရှုနိုင်ပါသည်။

https://www.carsdb.com/redline/latest-news/motc-news-about-vehicles-motorbike-and-driving-license-renew/

Author