မြဝတီနယ်စပ်မှ ဂျပန်ညာမောင်းလိုင်စင်မဲ့ကားတင်သွင်းမှု တစ်လလျှင် အစီး ၁သောင်း ကျော်အထိရှိနေ

0

Full article

မြဝတီနယ်စပ်မှတစ်ဆင့် ဂျပန်နိုင်ငံထုတ် ညာမောင်းလိုင်စင်မဲ့ (without) ကားများကို မြန်မာပြည်သို့တင်သွင်းလာမှု တစ်လလျှင် ကားအစီးရေ ၁သောင်းကျော်အထိရှိနေကြောင်း မြဝတီနယ်စပ်ဒေသမှ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်လုပ်ကိုင်နေသူများကဆိုသည်။

မြန်မာနိုင်ငံတွင် ဂျပန်ညာမောင်းကားများကို လိုင်စင်မဲ့ကားများအဖြစ် စီးနင်းသုံးဆွဲမှုများနေပြီး ထိရောက်စွာ ဖမ်းဆီးထိန်းချုပ်နိုင်ခြင်း မလုပ်ဆောင်နိုင်သေးသောကြောင့် လိုင်စင်မဲ့ကားများဝင်ရောက်လာမှု များပြားလာရာ ယခင်က တင်သွင်းထားရှိသော ဂျပန်နိုင်ငံထုတ်ညာမောင်းကားများအတွက် ယာဉ်အပိုပစ္စည်း (spare parts) လိုအပ်ချက်များရှိနေသောကြောင့် လိုင်စင်မဲ့ကားများကို ဖျက်၍ရောင်းချရန်အတွက် တင်သွင်းလာနေသည့်အပြင် ဝေးလံခေါင်ဖျားသော ပြည်နယ်များနှင့် နယ်စပ်ဒေသအနီးတစ်ဝိုက် မြို့များတွင်လည်း လိုင်စင်မဲ့ကားများသာ သုံးစွဲနေမှုများရှိနေသောကြောင့် ထိုင်းနယ်စပ်မှတစ်ဆင့် လိုင်စင်မဲ့ကား ဝင်ရောက်လာမှုများ များပြားနေကြောင်းသိရသည်။

နယ်စပ်ဒေသမှတစ်ဆင့် မော်တော်ယာဉ် တင်သွင်းခြင်းကို လာမည့်နှစ်တွင် ထိုင်းနိုင်ငံထုတ် တစ်တန်အောက်ကားများကိုသာ တင်သွင်းခွင့်ပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံထုတ်ကားမှလွဲ၍ အခြားနိုင်ငံများမှကားများကို တစ်ဆင့်ခံ၍ တင်သွင်းခြင်းကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

"ထိုင်းနိုင်ငံကနေ မြဝတီနယ်စပ်ကို ကားသွင်းတာ တစ်လကို ကားအစီး ၁သောင်း လောက်လစဉ်ဝင်နေတယ်။ တစ်ရက်ကို ကားအစီး ၃ဝဝ လောက်အနည်းဆုံးရှိတယ်။ ဒီကားတွေ မြန်မာနိုင်ငံထဲ ဘယ်နေရာတွေရောက်နေလဲဆိုတာတွက်ကြည့်ပေတော့။ ပြည်တွင်းမှာ သုံးနေတဲ့ဂျပန်ကားတွေအတွက် ပစ္စည်း တစ်ခုခုလဲလှယ်မယ်ဆိုရင် ထိုင်းနိုင်ငံကနေ ဂျပန်ကားကိုဖျက်ပီး ဈေးကွက်ထဲဝင်လာတာ။ ထိုင်းဘက်ကနေ တင်သွင်းတာက ဈေးလည်းပေါတယ်။ နယ်စပ်မြို့တွေနဲ့ပြည်နယ်တော်တော်များများကလည်း လိုင်စင်မဲ့ကားကိုပဲ တရားဝင်လိုစီးနေကြတယ်။ မြဝတီနယ်စပ်က လိုင်စင်မဲ့ မိုဒယ်မြင့် ကားတစ်စီးကို ကျပ်သိန်း ၂ဝ ကနေ သိန်း ၅ဝ လောက်ပဲရှိတယ်။ လိုင်စင်နဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ မိုဒယ်မြင့်တွေက အခွန်ကလည်းများတော့ ကားတန်ဖိုးက သိန်း၅ဝဝ လောက်ရှိတယ်။ အဆ ၁ဝ ဆအထိ ကွာဟနေတဲ့အတွက် လိုင်စင်မဲ့ကားတွေကိုပဲ စီးလာကြတယ်။ ဂျပန်ကားတွေကလည်း အပိုပစ္စည်းတစ်ခုခုလိုတယ်ဆို လိုင်စင်မဲ့ကားတစ်စီးကို ဝယ်ပြီး အဲဒီကားကို တစ်စချင်းဖျက်၊ လိုတဲ့ပစ္စည်းကို လဲလိုက်ကြတယ်။ မလိုတဲ့ ပစ္စည်းဆိုပြန်ရောင်းကြတော့ ကိုက်တာပေါ့။" ဟု ထိုင်းနိုင်ငံမှ မြဝတီနယ်စပ်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသူ ဦးအောင်စိုးက ပြောသည်။

ထိုင်းနိုင်ငံမှ ဂျပန်ကားတင်သွင်းခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်မှစတင်ကာ ထိုင်းနိုင်ငံတွင် ကားများသိုလှောင်ထားခွင့် လုံးဝခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံသို့တိုင်ရိုက်မောင်းယူဖြတ်သန်းသွားရန် သတ်မှတ်ထားရှိကြောင်း သိရသည်။

Author