၂ဝ၁၈ ကို အမြန်ဆုံးနှုန်းနှင့် ဖြတ်မောင်းခဲ့သူများ သို့မဟုတ် လက်ရှိအမြန်ဆုံးကားများ

0

Full article

အမြန်နှုန်းဟာ ကားတစ်စီးကို ကိုယ်စားပြုတဲ့ ဝိသေသ တစ်ခုပါ။ အမြန်နှုန်းအပေါ်ကို ရူးသွပ်ကြတဲ့ ကားချစ်သူတွေကလည်း များလှပါတယ်။ မြို့ကြီးပြကြီးလမ်းတွေပေါ်မှာ စီးလို့ရတဲ့ ကားတွေထဲက ဘယ်ကားအမြန်ဆုံးဖြစ်မလဲဆိုတာကိုတော့ Speed Vegas က အခုလို ကောက်နုတ်ဖေါ်ပြထားတယ်။

၁။ HENNESSEY VENOM F5: 301 MPH

လက်ရှိအမြန်ဆုံးကားပါပဲ။ တစ်နာရီ ၃ဝ၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်တယ်လို့ ကြွားလုံးထုတ်နိုင်တဲ့ တစ်ခုတည်းသော ကားအမျိုးအစားပါ။ ၂၉၅ဝ ပေါင်သာရှိတဲ့ Carbon-fiber အောက်ခံကိုယ်ထည်ပေါ်မှာ 1,600-hp, 7,4-liter, twin-turbo V8 အင်ဂျင်ကို ကဆုန်စိုင်းဖို့ တပ်ဆင်ထားတယ်။

၂။ KOENIGSEGG AGERA RS: 278 MPH

ပါဝင်တဲ့ အင်္ဂါရပ်တွေကိုကြည့်မယ်ဆိုရင် Hennessey Venom က ပိုသာပေမယ့် သူတို့ရဲ့ တစ်နာရီ ၃ဝ၁ မိုင်နှုန်းဆိုတာကြီးက Guinness မှတ်တမ်းမဝင်သေးပါဘူး။ Agera RS ရဲ့ 278 MPH ကတော့ မှတ်တမ်းဝင်ပြီးသားပါ။

၃။ HENNESSEY VENOM GT: 270MPH

၂ဝ၁၄ ခုနှစ် Kennedy Space Center မှာ စာရင်းဝင်ခဲ့တဲ့ Venom GT ရဲ့ အမြန်ဆုံးနှုန်း အတိအကျကတော့ တစ်နာရီကို ၂၇ဝ.၄ မိုင်ဖြစ်ပါတယ်။ အမြန်နှုန်းတိုင်းတာတဲ့နေရာမှာ အငြင်းပွားစရာတွေ ရှိနေခဲ့ပေမယ့် Hennessey ဟာ ကမ္ဘာ့အမြန်ဆုံးကားကို တရားဝင်မထုတ်ရသေးဘူးလို့ ပြောရင်ပြောလို့ရနေသေးပါတယ်။

၄။ BUGATTI CHIRON: 261 MPH

စူပါကားတွေကို စာရင်းလုပ်မယ်ဆိုရင် ဂန္ထဝင် Bugatti ကို ဘယ်ချန်ထားလို့ရနိုင်မလဲ? Veyron ထွက်ပြီး ၁ဝ နှစ်အကြာမှာ မိခင်ကုမ္ပဏီဖြစ်တဲ့ Volkswagen Group ဟာ Bugatti မျိုးဆက်သစ် Chiron ကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပါတယ်။

၅။ BUGATTI VEYRON SUPER SPORT: 268 MPH

Volkswagen ကုမ္ပဏီဟာ Bugatti အမှတ်တံဆိပ်ကို ဝယ်ယူခဲ့ရာမှာ ရည်မှန်းချက်က တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ကမ္ဘာ့အမြန်ဆုံးကားကို တည်ဆောက်ဖို့ပါပဲ။ မူရင်းထုတ်ကုန်ဖြစ်တဲ့ Veyron က အဲဒီရည်မှန်းချက်ကို ပြီးမြောက် အောင်မြင်စေခဲ့တဲ့ ကားအမျိုးအစား ဖြစ်ခဲ့တာပါ။

၆။ SCC ULTIMATE AERO: 256 MPH

၂ဝဝ၇ ခုနှစ်မှာ ၁ နာရီ ၂၅၆ မိုင်နှုန်းက တော်တော်ကြီးကို မြန်တဲ့ နှုန်းတစ်ခုပါ။ Ultimate Aero ဟာ အဲဒီအချိန်တုန်းက အမြန်ဆုံးကားဖြစ်ခဲ့ပါတယ်။ Veyron မတိုင်မီက အမြန်ဆုံးပေါ့။

၇။ TESLA ROADSTER: 250MPH (UNVERIFIED)

မူလ Tesla Roadster ဟာ Lotus Elise အပေါ် အခြေခံပြီး တည်ဆောက်ထားတာပါ။ ဒုတိယမျိုးဆက် Roadster က ပိုလို့တောင်မှ အထင်ကြီးစရာကောင်းသေးတယ်။ EV (electric vehicle) တွေထဲမှာ 0 MPH ကနေ 60 MPH အထိကို ၁.၉ စက္ကန့်အတွင်း၊ 0 MPH ကနေ 100 MPH အထိကို ၄.၂ စက္ကန့်အတွင်းတင်နိုင်တာနဲ့ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၂၅ဝ မိုင် ဆိုတာတွေက ဘယ် EV တွေမှ မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် တရားဝင် သက်သေပြဖို့တော့ လိုပါသေးတယ်။

၈။ SALEEN S7 TWIN TURBO: 248 MPH

၂ဝဝဝ ပြည့်လွန်နှစ်တွေဆီက အမြန်ဆုံးကားတစ်စီးလို့ဆိုရမှာပါ။ ၂ဝ၁၈ ခုနှစ်မှာ အဆင့် ၈ အထိ ရပ်တည်နိုင်သေးတာကိုတော့ မဆိုးပါဘူးလို့ ပြောလို့ရပါတယ်။

၉။ KOENIGSEGG CCR: 242 MPH

၂ဝဝ၅ ခုနှစ် အီတလီနိုင်ငံ Nardo ပတ်ကွင်းထဲမှာ တစ်နာရီကို ၂၄၂ မိုင်နှုန်း မောင်းနှင်ပြနိုင်ခဲ့တဲ့ ဆွီဒင်တွေရဲ့ CCR ဟာ ကမ္ဘာ့အမြန်ဆုံးကားအဖြစ် ခေတ္တရပ်တည်ခဲ့ဖူးပါတယ်။

၁ဝ။ MCLAREN F1: 241 MPH

နံပတ် ၁ဝ နေရာ ရောက်နေပေမယ့် McLaren ရဲ့ F1 ဟာ ကမ္ဘာ့အမြန်ဆုံး ကားတွေထဲက တစ်စီးဆိုတဲ့ ဂုဏ်ပုဒ်ထက်ပိုတာတွေကို ပိုင်ဆိုင်ထားပါတယ်။ Carbon-fiber ကိုယ်ထည်၊ အနားသတ်တွေကို ရွှေကွပ်ထားတဲ့ 6.1-liter BMW M V12 အင်ဂျင်၊ ကားမောင်းသူနေရာဟာ ဘယ်/ညာ မှာမရှိဘဲ အလယ်တည့်တည့်မှာ ထားရှိထားခြင်း စတာတွေဟာ ထုတ်ဖူးခဲ့သမျှကားတွေထဲမှာ အမိုက်ဆုံးပုံစံဖြစ်စေတာတော့ အမှန်တရားပါပဲ။

Author