၂ဝ၁၈ တွင် ၂၅ ပေ နှင့်အထက် အထပ်မြင့်အဆောက်အအုံများတွင် ကားပါကင်ထားရန် နေရာရှိမှ ဆောက်လုပ်ခွင့် ပါမစ်ချပေးမည်

0

Full article

၂ဝ၁၈ခုနှစ်တွင် ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း တည်ဆောက်ရန် တင်ပြထားသော အထပ်မြင့် အဆောက်အအုံများကို ဆောက်လုပ်ရာတွင် အကျယ်အဝန်း မျက်နှာစာ ၂၅ ပေ နှင့်အထက်ရှိပါက ကားရပ်နားရန် နေရာပါရှိမှသာ ဆောက်လုပ်ခွင့်ပါမစ်ချပေးသွားမည်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာနက သိရပါသည်။

"၂ဝ၁၈ ကစပြီး အထပ်မြင့် အဆောက်အဦး ဆောက်တော့မယ်ဆိုရင် ကားရပ်နားဖို့ ကားပါကင် နေရာရှိမှ ခွင့်ပြုမှာပါ။ အထပ်မြင့်အဆောက်အဦးရဲ့ ဆောက်မယ့် မြေအကျယ်အဝန်းက မျက်နှာစာ ၂၅ပေ ရှိပြီး ကားရပ်ဖို့ ကားပါကင် ပါ ပူးတွဲတင်ပြရမယ်။ ကားပါကင်နေရာ မရှိရင်တော့ ဆောက်လုပ်ခွင့်ပါမစ် ခွင့်မပြုပါဘူး။" လို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအင်ဂျင်နီယာဌာနက တာဝန် ရှိ သူတစ်ဦးက ပြောကြားသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံအချို့မှာ မျက်နှာစာ ၂၅ ပေ ကျော် မြေအကျယ်အဝန်းရှိသော်လည်း ယာဉ်ရပ်နားရန် သီးသန့် ကားပါကင်နေရာမရှိသည့်အတွက် ယာဉ်ကြောပိတ် ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ယခုကဲ့သို့ ကားပါကင်သီးသန့်နေရာထားရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရသည်။

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အဦးများ၊ ဈေးဝယ်စင်တာများနှင့် ကွန်ဒိုတိုက်ခန်းများကို ဆောက်လုပ်ရာတွင် ကားရပ်နားရန် ကားပါကင်များမရှိဘဲ ဆောက်လုပ်မှုများရှိနေပြီး ကားများကို လမ်းမများတွင် ရပ်နားထားမှုများရှိနေ၍ လူသွားလမ်းများ ပျောက်ကွယ်လာနေကြောင်း သိရသည်။

ယခင်က အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်မှုကို စည်ပင်သာယာက အဆောက်အဦးမျက်နှာစာ ပေ ၅ဝ ရှိမှ ကားပါကင်နေရာရှိရန် သတ်မှတ်ထားရာ ၂ဝ၁၈ တွင် အဆောက်အဦး ဆောက်လုပ်ခွင့်ပါမစ်များကို ပြန်လည်ကန့် သတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

P-01

Author