၂ဝ၁၃ မိုဒယ်(Reconditioned Brand New )နှင့် ၂ဝ၁၄ မိုဒယ် (Brand New) မော်တော်ယာဉ်များကို ညာမောင်း(Right Hand Drive)ဖြင့် တင်သွင်းလာပါက သက် ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း 'မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ'မှ အသိပေး ကြေညာခဲ့သည်။
၂ဝ၁၄ ခုနှစ် အတွက်အသစ် ထုတ်ပြန်ခဲ့သော CIF တန်ဖိုးသစ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်အရ မော်တော်ယာဉ်ပါမစ် လျှောက်ထားသူများအား ၂ဝ၁၃ မိုဒယ်နှင့် ၂ဝ၁၄ မိုဒယ် မော်တော်ယာဉ်များကို တင်သွင်းပါက ဘယ်မောင်း ကားများကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ Brand New ကားများကို ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည် ဖြစ်သောကြောင့် ညာမောင်းများ တင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ Brand New ကားများ တင်သွင်းရာ၌ ဘယ်မောင်း တစ်မျိုးတည်း ကိုသာခွင့်ပြုပေးခြင်း နှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "Brand New လို့ သတ်မှတ်ထားတဲ့ ၂ဝ၁၃-၂ဝ၁၄ မိုဒယ်ကား တွေကို ဘယ်မောင်း တစ်မျိုးတည်းပဲ တင်သွင်းခွင့် ပေးမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ လမ်းအနေအထားအရ ဘယ်မောင်းကားတွေကိုပဲ အသုံးပြုဖို့ သင့်တော်တဲ့ အတွက် ၂ဝ၁၃ မိုဒယ်ကို Brake ထားပြီးတော့ ဘယ်မောင်းတွေကိုသာ တင်သွင်းခွင့်ပေးဖို့ စီစဉ်ထားပါတယ်၊ ဒီလို ၂ဝ၁၃ မိုဒယ်ကို Brake ထားပြီး ဘယ်မောင်းတွေကိုပဲ တင်သွင်းခွင့်ပေးမယ်ဆိုရင် လာမယ့်နှစ် (၂ဝ) မှာ ဘယ်မောင်းကားတွေပဲ ရှိလာတော့မှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
Ref: Automobile