လာမည့်နှစ် school bus များလိုက်နာရန် လိုအပ်မည့် သတ်မှတ်ချက် ၁၂ ချက်

0

Full article

လာမည့် ၂ဝ၁၉-၂ဝ၂ဝ စာသင်နှစ်တွင် ရန်ကုန်တိုင်းအတွင်း တက္ကသိုလ်ကျောင်းများ၊ အခြေခံပညာကျောင်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မူကြိုကျောင်းများအပါအဝင် ကျောင်းကားပြေးဆွဲမည့်ယာဉ်များအားလုံး school bus ကျောင်းကားစနစ် သတ်မှတ်ချက် ၁၂ ချက်အတိုင်းပြေးဆွဲရန် သတ်မှတ်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကားစနစ် school bus အဖြစ်သတ်မှတ်ထားသော စံနှုန်းသတ်မှတ်ချက်၁၂ ချက်မှာ

(၁) ခရီးသည် ၁ဝ ဦး အထက်တင်ဆောင်နိုင်သော မိုက်ခရိုဘတ်စ်၊ မီနီဘတ်စ်များ ဖြစ်ရမည်။

(၂) ထိုင်ခုံတိုင်း ခါးပတ် ပါရှိရမည်။

(၃) ဘယ်မောင်းယာဉ်နှင့် ယာဉ်ညာဘက်တွင်အတက်/အဆင်း တံခါးပေါက် ပါရှိရမည်ဖြစ်ပြီး လုံခြုံစိတ်ချရသော သော့စနစ်တပ်ဆင်ထားရမည်။

(၄) ရှေးဦးသူနာပြု သေတ္တာပါရှိရမည်။

(၅) ယာဉ်၏ အတွင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်နှင့်မီးသတ်ဆေးဘူး အနည်းဆုံး နှစ်ဘူး ပါရှိရမည်။

(၆) ယာဉ်၏ ဆေးအရောင်ကို အဝါရောင်သတ်မှတ်ထားပြီး ယာဉ်၏ ရှေ့/နောက်တွင် school-Bus စာလုံးထင်ရှားစွာပါရှိရမည်။

(၇) ကျောင်းအမည်နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ယာဉ်၏ဘေးတွင်ရေးထားရမည်။

(၈) ယာဉ်မောင်းသူသည် အနိမ့်ဆုံး (ဃ) လိုင်စင်ရှိရမည်။

(၉) အမြန်နှုန်း ၄ဝ ကီလိုမီတာ (တစ်နာရီ ၂၅ မိုင်နှုန်း) ထက်ပို၍မောင်းနှင်ခြင်းမပြုရန် ကန့်သတ်ထားရမည်။

(၁ဝ) အငှားယာဉ် (ကျောင်းကြို/ပို့ လုပ်ငန်းသုံးယာဉ်) အဖြစ်မှတ်ပုံတင်ရမည်။

(၁၁) ကျောင်းသားများ အသက် ၁၂ နှစ်အထက်ဖြစ်ပါက လူကြီးထိုင်ခုံသတ်မှတ်ပေးရမည်။

(၁၂) ကျောင်းသားများအသက် ၁၂  နှစ်အောက် ဖြစ်ပါက မူလလူကြီးထိုင်ခုံအရေအတွက် တစ်ဆခွဲထက်မပိုရမည့်အပြင် ထိုင်ခုံခါးပတ်အပြည့်အစုံပါရှိရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ကျောင်းများအား အသိပေးသတ်မှတ်ထားရှိကြောင်းသိရသည်။

"လာမယ့်စာသင်နှစ်မှာ ညာမောင်း ကျောင်းကားတွေ ပြေးဆွဲတာ လုံးဝခွင့်မပြုတော့ပါဘူး။ ပြီးခဲ့တဲ့နှစ်တစ်နှစ်ပဲ ညာမောင်းကျောင်းကားပြေးဆွဲတာကို အခက်အခဲရှိလို့ တင်ပြလာလို့ ခွင့်ပြုလိုက်တာပါ။ ၂ဝ၁၉ မှာတော့ ဘယ်မောင်း အမျိုးအစားကျောင်းကားပဲ ဝင်ရောက်ပြေးဆွဲရမှာပါ။ ကျောင်းတွေက school bus သတ်မှတ်ချက် ၁၂ ချက်အတိုင်းပြေးဆွဲရမှာပါ။"ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လာမည့်စာသင်နှစ်၌ school bus ကျောင်းကားစနစ် သတ်မှတ်ချက် ၁၂ ချက်ဖြင့် ပြေးဆွဲရာတွင် ဂျပန်ညာမောင်းကားများကို အချိန်တစ်ခုထိ ထပ်မံပြေးဆွဲခွင့်ပြုရန်နှင့် ဘယ်မောင်းကားများ မဖြစ်မနေ ပြေးဆွဲရမည်ဆိုလျှင် ဈေးသက်သာအောင် စီမံပေးသင့်ပြီး ရန်ကုန်လိုင်စင်ခွင့်ပြုချက်ရရှိရန် တာဝန်ယူ လုပ်ဆောင်ပေးသင့်ကြောင်း ရန်ကုန်တိုင်းအတွင်း ကျောင်းကားပြေးဆွဲသူများက တောင်းဆိုထားကြသည်။

Author