SUV စီးမလား … Crossover စီးမလား…

0

Full article

ကားတစ်စီးဝယ်စီးတော့မယ်ဆိုရင် ကျွန်တော်တို့ကို အမြဲတမ်းခေါင်းစားစေတဲ့အရာ ရှိတယ်။ အဲဒါကတော့ ဘယ်လိုကားမျိုးတွေကို ရွေးချယ်ဝယ်ယူရမလည်းဆိုတာပဲ။ ဈေးနှုန်းအရ၊ ကား Brand အရ၊ မော်ဒယ်အရ၊ အသုံးတည့်မှုအရ၊ အမျိုးအစားအရ အစရှိသဖြင့် စဉ်းစားစရာရှုထောင့်တွေက များပြားလွန်းလှတယ်။ ဒီအထဲမှာမှ ကျွန်တော်တို့ကို ခေါင်းအစားဆုံးက ဘာဖြစ်မလည်းဆိုရင်တော့ SUV နဲ့  Crossover ထဲက ဘယ်ကားကိုစီးမလဲဆိုတာ ရွေးချယ်ရတဲ့ ခက်ခဲမှုပါပဲ။ အခု Crossover တွေဟာ ဈေးကွက်ထဲ တွင်တွင်ကျယ်ကျယ်ပိုမိုရောက်ရှိလာတဲ့ နောက်ပိုင်းမှာ SUV နဲ့ အပြိုင် ရွေးချယ်စရာအမျိုးအစားတစ်ခုလို့ ဆိုလို့ရတယ်။ အချို့ကတော့ SUV လို အမြင့်ကားတွေ မကြိုက်ဘဲ Sedan ကားမျိုးတွေပဲ ကြိုက်နှစ်သက်သူတွေအတွက်တော့ SUV နဲ့ Crossover တို့ ရွေးချယ်မှုထဲဝင်ပြီး သိပ်ခေါင်းစားစရာတော့ မရှိပါဘူး။

အခုဒီဆောင်းပါးမှာတော့ SUV နဲ့ Crossover ကြားက ခြားနားချက်အချို့ကို ဖော်ပြပေးသွားချင်တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုခြားနားချက်အချို့ကို သိထားရင် SUV လား … Crossover လား .. ဆိုပြီး တွေဝေတာမျိုးတွေ မဖြစ်တော့ဘဲ ကိုယ်နဲ့ အဆင်ပြေမယ့် အမျိုးအစားကို မှန်မှန်ကန်ကန်ရွေးချယ်ဝယ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မိတာကြောင့်ပါပဲ။

SUV နဲ့ Crossover ကိုအပြင်ပန်းအရ ကြည့်ရင် ကွာခြားမှုက သိပ်ပြီးတော့ မသိသာပါဘူး။ ဥပမာအားဖြင့် Ford Explorer နဲ့ Ford Everest တို့ကို ယှဉ်ကြည့်မယ်ဆိုရင်တောင် ဘယ်ဟာက SUV ၊ ဘယ်ဟာက Crossover ဆိုတာ အလွယ်တကူပြောနိုင်ဖို့ခက်ပါတယ်။ ဒါပေမဲ့ ဘော်ဒီဖွဲ့စည်းပုံအရ တူညီမှုများပေမဲ့ Size အရတော့ အနည်းငယ်ကွာခြားမှုရှိပါတယ်။ ဥပမာပေးရရင် Ford Explorer ဟာ Mid Size SUV ပုံစံမျိုးဆိုပေမဲ့ တကယ်တမ်းတော့ Unibody နဲ့တည်ဆောက်ထားတာမို့ Crossover SUV အမျိုးအစားလို့ဆိုနိုင်ပြီး Ford Everest ကတော့ Body on Frame SUV စစ်စစ်လို့ ဆိုလို့ရတယ်။

အခုနောက်ပိုင်းဈေးကွက်ထဲမှာ Crossover တွေကို လူကြိုက်များလာတာတွေ့ရတယ်။ ဒါကလည်း သိပ်တော့မထူးဆန်းပါဘူး။ အချို့က SUV ပုံစံမျိုးတွေကိုကြိုက်နှစ်သက်ပြီး မြို့တွင်းပတ်ချာလည်သွားဖို့အတွက်လောက်တောင် SUV တွေကို စီးနင်းနေကြတာတွေ့ရတာပဲ။ အခု Crossover တွေကို ကြိုက်နှစ်သက်လာကြတာလည်း ဖြစ်သင့်ပါတယ်။ အချို့အတွက်တော့ SUV နဲ့ Crossover ဟာ ဘာမှကွာခြားမှုမရှိဘူးလို့ ခံစားမိတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

ဆိုရရင် SUV နဲ့ Crossover ကြားမှာ သိပ်ပြီးတော့ ကြီးကြီးမားမားခြားနားချက်မျိုးမရှိဘူးလို့ ယူဆလို့ရပေမဲ့ တကယ်တမ်းခြားနားမှုက အရေးပါတဲ့ခြားနားမှုတစ်ခုအဖြစ် ရှိနေတယ်။ အဲဒါကတော့ ဖရိန်ဘောင်တန်း တည်ဆောက်ပုံခြင်းကွာခြားသွားတာပါ။ ဆိုရရင် SUV နဲ့ Sedan ကားတွေကို ကြည့်ရုံနဲ့ကျွန်တော်တို့ဟာ ခွဲခြားနိုင်တာက အပြင်ပန်းအသွင်အပြင်သဏ္ဍန်သိသိသာသာကွာခြားမှုနဲ့ ဖရိန်ဘောင်တန်းတည်ဆောက်မှုမှာလည်း သိသိသာသာ ကွာခြားတာကြောင့်ပါပဲ။ SUV နဲ့ Crossover မှာတော့ အပြင်ပန်းအသွင်အပြင်သဏ္ဍန်သိသိသာသာ ကွာခြားမှုမရှိဘဲ ဖရိန်ဘောင်တန်းမှာပဲ သိသိသာသာကွာခြားသွားတာပါ။

ရှင်းရှင်းလင်းလင်းဆိုရမယ်ဆိုရင် SUV က သူ့အသွင်အပြင်စတိုင်နဲ့ သူ့ဖရိန်ဘောင်တန်းဟာ သီးသန့်တည်ရှိနေပြီး Crossover အများစုဟာ Unibody နဲ့တည်ဆောက်ထားတာဖြစ်တယ်။​ ကိုယ်ထည်နဲ့ အောက်ခံဖရိန်ကို တစ်ဆက်တည်းထုတ်လုပ်ထားတာဖြစ်တယ်။ SUV တွေကတော့ လှေကားပုံ အောက်ခံဖရိန်ပေါ်မှာမှ ကိုယ်ထည်ကိုသပ်သပ်တင်ထားတာဖြစ်တယ်။ Body-on-frame ပေါ့။

နောက်တစ်ချက်က Crossover အမျိုးအစားတွေမှာ လေးဘီယက်၊ နှစ်ဘီးယက် (ရှေ့ယက်၊ နောက်ယက်) စသည်ဖြင့် drivetrain မျိုးစုံနဲ့ တွေ့ရနိုင်ပြီး SUV စစ်စစ်တွေမှာတော့ လေးဘီးယက်စနစ်ကို (AWD ဖြစ်ဖြစ်၊ 4WD ဖြစ်ဖြစ်) အဓိကထားပြီးအသုံးပြုလေ့ရှိကြတယ်။ ဒါကလည်း တောလမ်း၊ တောင်လမ်း၊ လမ်းကြမ်းတွေမှာ အကောင်းဆုံးမောင်းနှင်နိုင်အောင််လို့ရည်ရွယ်ထားလို့ပါ။ Body-on-frame SUV မှာက နှစ်ဘီးယက်စနစ်ဖြစ်ရင်တောင် အနည်းဆုံး နောက်ယက် drivetrain နဲ့တော့ဖြစ်သင့်ပါတယ်။

အဲဒီအတွက်ကြောင့် Crossover ရဲ့ အားသာချက်တွေက ဘာဖြစ်မလဲဆိုတော့ .. သူ့ရဲ့ ဖရိန်ဘောင်တန်းတည်ဆောက်ပုံက ကားကိုယ်ထည်နဲ့ တစ်ဆက်တည်းဖြစ်လို့ ပိုပြီးသက်သောင့်သာရှိတယ်၊ ပေါ့ပါးတယ်၊ Suspension အရပိုမိုပြီးငြိမ့်ညောင်းသလို SUV စစ်စစ်နဲ့ ယှဉ်ရင် ဆီစားနှုန်းကလည်း ပိုပြီး သက်သာတာကိုတွေ့ရတယ်။ မြို့တွင်းပတ်ချာလည်နဲ့ ခရီးဝေးသွားဖို့အတွက် သင့်တော်မှုရှိတယ်။ ဒါပေမဲ့ သူက ဘယ်လိုလမ်းမျိုးကို မဆို စိန်ခေါ်နိုင်စွမ်းတော့မရှိဘူး။ ကြမ်းတမ်းတဲ့လမ်းတွေ၊ ချိုင့်တွေခွက်တွေများတဲ့လမ်းတွေမှာဆိုရင်တော့ အဆင်မပြေဘူး။ နောက်တစ်ချက်က ဖရိန်ဘောင်တန်းနဲ့ ကိုယ်ထည်နဲ့က တစ်ဆက်တည်းဖြစ်နေတာကြောင့် အရမ်းကြီးတော့ အကြမ်းပတမ်းမခံဘူးလို့ ယေဘုယျ သတ်မှတ်လို့ ရတယ်။

SUV ကတော့ Body On Frame ဖြစ်တဲ့အတွက် သက်သောင့်သက်သာဖြစ်မှုနဲ့ ပေါ့ပါးမှုမှာ Crossover လောက်တော့ အားကောင်းမှုမရှိဘူး။ ဒါပေမဲ့ ဘယ်လိုလမ်းမျိုးကိုမဆို စိန်ခေါ်နိုင်စွမ်းအပြည့်ရှိတဲ့ကားမျိုးဖြစ်တဲ့အပြင် ကိုယ်ထည်ရဲ့ မြင့်မားမှုက လမ်းမထက်တွေပေါ်မှာ ကြွားကြွားရွားရွားရှိလွန်းတယ်။ ကားကိုယ်ထည်နဲ့ ဖရိန်တန်းက တစ်ဆက်တည်းမဟုတ်တာကြောင့် အရှိန်တင်မောင်းတဲ့အခါမျိုးတွေမှာ ညက်ညောနေတာမျိုးတော့မရှိဘဲ နည်းနည်းတော့ တုန်ခါမှုရှိလိမ့်မယ်။ SUV ရဲ့ အကြီးမားဆုံးအားသာချက်ကတော့ သူ့ရဲ့ အငွေ့အသက်ပါပဲ။ Sport Utility Vehicle ဆိုတဲ့အတိုင်းပဲ SUV တစ်စီးပေါ်တက်လိုက်တာနဲ့ လွတ်လပ်ပေါ့ပါးမှုနဲ့အတူ ဘယ်လိုလမ်းမျိုးကိုမဆို ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ ခံစားချက်မျိုးကို ရရှိစေနိုင်တာပါပဲ။

SUV ပဲ ဖြစ်ဖြစ်၊ Crossover ပဲ ဖြစ်ဖြစ် ရွေးချယ်ရခက်ခဲနေတယ်ဆိုရင် အရေးကြီးဆုံးအချက်တစ်ခုပဲ ရှိပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်လမ်းကြောင်းနဲ့ သွားလာမှုမှာ ဘယ်ကားက ပိုပြီးအသုံးတည့်သလည်းဆိုတာမျိုးကို ချိန်ဆကြည့်ရုံပါပဲ။ ကိုယ်က ကတ္တရာ၊ ကွန်ကရစ်အစရှိတဲ့ လမ်းတွေမှာ အများဆုံးအသုံးပြုမှာလား။ ဒါမှမဟုတ် မြေနီလမ်းကစပြီး တောတောင်လမ်းကြမ်းတွေမှာ အသုံးများမှာလား။လမ်းကောင်းမှာ အသုံးများတဲ့သူတွေအတွက်ကတော့ handling ပိုင်းနဲ့ fuel economy ပိုင်းမှာ ပိုပြီးအားသာတဲ့ Crossover အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပြီး လမ်းကြမ်းတွေပါမောင်းနှင်စရာရှိသူတွေ၊ မောင်းနှင်ချင်သူတွေအတွက်ကတော့ Body-on-frame SUV စစ်စစ်ကြီးတွေကိုသာ ဝယ်ယူအသုံးပြုသင့်ပါကြောင်း အကြံပြုလိုပါတယ်။

အလွဘ်ပြောရရင် ကြမ်းမယ် တမ်းမယ် ဆိုရင် SUV ၊ ကျော့မယ် ကော့မယ် ဆိုရင် Crossover ။

အဲဒီတော့ မိတ်ဆွေအနေနဲ့
SUVလား …?
Crossoverလား … ?

ဒါမှမဟုတ် နှစ်ခုစလုံးလား..?

Comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

ကားချစ်သူမိတ်ဆွေအနေနဲ့ စုံလင်လှတဲ့ Brand New ကားအမျိုးအစားတွေကို တစ်နေရာထဲမှာ ရှာဖွေချင်တယ်ဆိုရင်တော့ CarsDB Brand New Site မှာ ရှာဖွေလို့ရတယ်ဆိုတာလေးလည်း သတင်းပါးလိုက်ပါရစေ။        ။

Author