Full article

(၂၅၊၅၊၂ဝ၁၃)နံနက် (၆)နာရီ(၂ဝ)မိနစ်အချိန်တွင် ရန်ကုန်မှမန္တလေးသို့ ထွက်ခွာလာသော မန်းရွှေမြို့တော် ခရီးသည်တင် အမြန်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်ရှိ ကိုးဂွတံတားတွင် ယာဉ်တိမ်းမှောက် မှုဖြစ်ပွားပြီး ခရီးသည်(၁၁)ဦးသေ၊ (၁၃)ဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်နှင့် ပက်သက်၍ အဘယ့်ကြောင့် မော်တော် ယာဉ် တိမ်းမှောက်မှုများ၊မတော်တဆမှုများ ဖြစ်ပွား၍ ဒဏ်ရာရမှုများ၊ သေမှုသေခင်းဖြစ်စဉ်များ ဖြစ်ပွားရခြင်း ကို တင်ပြပေးလိုက်ပါသည်။

news_car_accident

ကားမှောက်ရခြင်းတွင် အောက်ပါအကြာင်းတရားများ ပါဝင်ပက်သက်နေပါသည်။၎င်းတို့မှာ

  1. လမ်းမကောင်းခြင်း
  2. မော်တော်ယာဉ်မကောင်းခြင်း
  3. ယာဉ်မောင်း၏ချို့ယွင်းချက်
  4. ရာသီဥတုမကောင်းခြင်း
  5. မိမိ၏ပတ်ဝန်းကျင်အခြေအနေ
  6. ယာဉ်မောင်း၏ ဗဟုသုတနှင့်လမ်းပိုင်းတွင် အကျွမ်းတဝင်ဖြစ်မှု
  7. ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာမှု စသည်တို့ဖြစ်ပါသည်။

သည်ကိစ္စ၏ အဓိကလက်သည်မှာ လူ့အသက်တစ်ချောင်းကို တန်ဖိုးမထားတတ်ခြင်းတည်း ဟူသောအကြောင်း ဖြစ်ပါသည်။ ဤသည်မှာယာဉ်မောင်း၏ တွေးတတ်ခေါ်တတ်သည့် ဆင်ခြင်တုံတရားအပေါ် မူတည်ပါသည်။ အားလုံးကိုသိမ်းကျုံးပြီး ဝါးလုံးချေးသုတ် မရမ်းလိုသော်လည်း ကျွန်တော်တို့ဆီမှ ယာဉ်မောင်းများ၏ စိတ်ဓါတ် နှင့် အပြုအမူများမှာ လွန်စွာစိတ်ပျက်ဖွယ်ဖြစ်ပါသည်။

ရန်ကုန်မှ ဘတ်စ်ကားမောင်းသူနှင့် ယာဉ်နောက်လိုက်များကိုမူ မပြောလိုတော့ပါ။ ကမ်းကုန်နေသောကြောင့် ဖြစ်ပါသည်။ ယခင်တစ်ခေါက် မြန်မာပြည်ပြန်စဉ်က ဟောပြောပွဲကိစ္စများဖြင့် အထက်မြန်မာပြည်သို့ ကျွန်တော် သွားပါသည်။ ကျွန်တော်ခရီးစမထွက်မှီတည်းက ကားမောင်းသူကို ပြောထားပါသည်။ ငါတို့အချိန်ယူပြီးသွားမယ်၊ လမ်းမှာအသည်းအသန်မောင်းစရာမလို၊ ပုံမှန်ပဲမောင်းပါဟု မှာထားသည်။ သို့တိုင်အဝေးပြေးလမ်းမကြီးပေါ် ရောက်သောအခါ မောင်မင်းကြီးသားက လမ်းကလည်းကောင်း၊ကားကလည်းရှင်းနေသဖြင့် ကီလို(၁၃ဝ) လောက်မောင်းပါသည်။ ကျွန်တော်က ကားကိုအရှိန်လျှော့မောင်းရန် တတွတ်တွတ်ပြောနေရသည်။ ပြောလိုက် သည့်အခါ အရှိန်လျှော့လိုက်သော်လည်း မကြာမီကီလို(၁၃ဝ)ပြန်ဖြစ်သွားသည်။ သည်လိုနှင့် သူကတိုးလိုက်၊ကျွန်တော်ကလျှော့ခိုင်းလိုက်နှင့်ပင် နေပြည်တော်သို့ရောက်ခဲ့ရခြင်း ဖြစ်ပါ၏။

သိပ်မကြာမီကာလများက ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် မိသားစုလေးယောက်ကားမှောက်ကာ အားလုံးပွဲချင်းပြီးသေဆုံးခဲ့သည့် သတင်းကို မိတ်ဆွေများ မှတ်မိကြပါဦးမည်။ ၎င်းတို့မှာ ကျွန်တော်နှင့်အလွန်ရင်းနှီးသည့် မိတ်ဆွေမိသားစုဖြစ်ပါသည်။ မိတ်ဆွေတစ်ယောက်က ပြန်ပြောပြသည်မှာ ကားမမှောက်မီ မြို့တစ်မြို့တွင် သူ့သူငယ်ချင်းများနှင့်အတူ လက်ဖက်ရည်သောက်ခဲ့ကြစဉ် သူ့သားက အဖေ့ကားစီးရတာ လေယာဉ်စီးရတာ ကျနေတာပဲဟု ပြောသည်ဟုဆိုသည်။ သို့ဆိုလျှင် သူ့ကားအမြန်နှုန်းမှာ ကီလို(၁၅ဝ)အထိ ရှိနိုင်ပါလိမ့်မည်။

ကမ္ဘာတလွှား ကားမှောက်သည့်ဖြစ်ရပ်များမှာ မရေတွက်နိုင်ပါ။ သို့သော်ထိုကားမှောက်သည့်ဖြစ်ရပ်များသည်လည်း လမ်းကြောင့်ဟုမဆိုနိုင်ပေ။ အထက်တွင်ဆိုခဲ့သလို ကားမှောက်ခြင်းတွင် အကြောင်းတစ်ခုထဲမဟုတ်၊ အကြောင်းမျာစွာပါဝင်ပတ်သက်နေရာ ကားမမှောက်အောင်အတတ်နိုင်ဆုံးထိန်းသိမ်းနိုင်တာ တစ်ချက်သာရှိပါ သည်။ဤအချက်ကားအရေးကြီးဆုံးက လူပင်ဖြစ်သည်။

လမ်း – ကျွန်တော်တို့ ဘာလုပ်လို့ရနိုင်မည်နည်း။ ရာသီဥတု-ဘာမှလုပ်လို့မရ။ ဘေးမှဝင်လာမည့် ခွေး၊ကြောင်၊လူ၊ အခြားကား ကျွန်တော်တို့ထိန်းလို့ရပါမည်လား။ဝေးပါသေးသည်။

သည်တော့ကျွန်တော်တို့လုပ်လို့ရတာ နည်းနည်းပဲကျန်သည်။

  1. ခရီးမထွက်မှီမိမိကားကို ကျကျနနစစ်ပါ။ အင်ဂျင်၊ ကားဘော်ဒီ၊ တာယာ၊ လေ စသည် မကောင်းလျှင် ဇွတ်မမှိတ်ပါနှင့်။ ပြုပြင်ပါ။
  2. ခရီးထွက်မည်ဆိုလျှင် မိမိသည် ကျန်းမာရေးဒေါင်ဒေါင်မည်ကောင်းနေရပါမည်။ အိပ်ရေးဝနေရပါမည်။ ကျန်းမာရေးမကောင်းလျှင်ကားမမောင်းသင့်ပါ။
  3. ကားပေါ်တွင်ပါလာသူများ၏အသက်သည် မိမိလက်တွင်းတွင်ရှိနေသည်ဆိုခြင်းကိုသတိပြုပါ။
  4. ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလိုက်နာပါ။
  5. မိမိသွားရမည့်ခရီးမကျွမ်းကျင်ပါက ရောက်ဖူးသူများအား ကြိုတင်မေးမြန်းစုံစမ်းထားပါ။

အရေးကြီးဆုံးသောအချက်တစ်ချက်မှာ စိတ်ရှည်သည်းခံဖို့ပင်ဖြစ်သည်။ မိမိရှေ့မှကားဖြစ်စေ၊ ဆိုက္ကားဖြစ်စေပိတ်နေလျှင် ဟွန်းကိုအသားကုန်တီးကာ ဆဲဆို၊ဆူပူကြိမ်းမောင်းနေလိုက်ကြသည်မှာ မကြားဝံ့မနာသာ။ ကိုယ့်နောက်ကလိုက်လာသည့်ကား ကိုယ့်ကိုကျော်တက်တော့ရော ဘာဖြစ်သွားမည်နည်း။ အဘိုးကြီး၊ အဘွားကြီးများ ကားပေါ်မှတုန်ချိတုန်ချိဖြင့်ဆင်းနေသည်ကို စိတ်မရှည်နိုင်။ အတင်းတွန်းချ၊ ကားပေါ်တက်လာသူများကိုလည်း မိန်းကလေးလား၊ ဘာလားနားမလည် အတင်းဆွဲတင်၊ ရပ်တော့လည်း အတင်းဘရိတ်အုပ်ရပ်၊ ထွက်တော့လည်း ဆောင့်ထွက်။

လမ်းနှင့်ကားကိုပြင်ရတာက လွယ်သည်။ ယခုအရေးတကြီးပြင်ရမည်မှာ ချုံးချုံးကျပျက်စီးနေသော ကွန်တော်တို့၏ အကျင့်စရိုက်၊ အယူအဆ၊ အတွေးအခေါ်၊လုပ်ကိုင်ပုံ၊ ပြောဆိုပုံများပင်ဖြစ်ပါသည်။

အထက်ဖော်ပြပါ အကျင့်စရိုက်၊ အတွေးအခေါ်၊ အယူအဆ၊ လုပ်ကိုင်ပုံ၊ ပြောဆိုပုံများ ပြောင်းလဲကောင်းမွန်လာပြီဆိုလျှင် ကွန်ကရစ်လမ်းသည်လည်း ကွန်ကရစ်လမ်းနှင့်တူတူတန်တန်၊ ကားသည်လည်း ကားနှင့်တူတူတန်တန်၊ ဒရိုင်ဘာသည်လည်း ဒရိုင်ဘာနှင့်တူတူတန်တန်၊ မြန်မာနိုင်ငံသည်လည်း တူတူတန်တန်မြန်မာနိုင်ငံ ဖြစ်လာပါလိမ့်မည်ဟု တထစ်ချကျွန်တော်ပြောလိုက်ပါသတည်း။

the_voice

The Voice Daily မှ ကူးယူဖော်ပြသည်။

By: အေးငြိမ်း(လေးမျက်နှာ)

Photo Credits to ClintJCL

Author

Comments