လျှပ်စစ်ကားအနာဂတ်နဲ့ မြင်းတွေကပေးတဲ့သင်ခန်းစာ

0

Full article

လွန်ခဲ့တဲ့ ၁၈၉၄ ခုနှစ်လောက်က မြင်းချေးအကျပ်အတည်း (Great Horse Manure Crisis) လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ရပ် အင်္ဂလန်မှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် မြင်းတွေကိုအပြစ်တင်ရတာ သိပ်တော့မမျှတသလိုပါပဲ။ စာဖတ်သူအနေနဲ့ မြင်းချေးတွေကပေးတဲ့ဒုက္ခကို မခံစားဖူးရင်၊ ဒါမှမဟုတ် မြို့ရွာလမ်းမတွေပေါ်မှာ အဆမတန်များပြားလွန်းတဲ့မြင်းတွေကို မမြင်ဖူးရင် ဒီပြဿနာကို သဘော‌ပေါက်ဖို့ ခက်ခဲပါလိမ့်မယ်။ မူရင်းဆောင်းပါးရှင် Sam Philip ကတော့ ၁၉ ရာစုနှောင်းပိုင်းမှာ အင်္ဂလန်ကလူတွေဟာ မြင်းချေးတွေကြောင့် အကြီးအကျယ်စိတ်ညစ်ခဲ့ရဖူးတယ်လို့ အခိုင်အမာဆိုထားပါတယ်။

အဲဒီအချိန်တုန်းက နာမည်ကျော် The Times သတင်းစာကြီးမှာ နောက်နှစ်ပေါင်း ၅၀ ကြာရင် လန်ဒန်မြို့ရဲ့လမ်းမတွေဟာ အမြင့် ၉ ပေထုထည်ရှိတဲ့ မြင်း‌ချေးတွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ်လို့တောင် ခန့်မှန်းဖော်ပြခဲ့ဖူးပါတယ်။ ဒီနေ့ခေတ်အမြင်အရ အပိုတွေပြောတယ်လို့ဆိုနိုင်ပေမဲ့ အဲဒီတုန်းက များပြားလှတဲ့မြင်းချေးတွေကိုကြည့်ရင် ယုတ္တိတန်တဲ့ခန့်မှန်းချက်ဖြစ်ခဲ့ပါလိမ့်မယ်။ ၁၈၉၄ ခုနှစ်က လန်ဒန်မြို့မှာ မြင်းအကောင်‌ရေ ၅ သောင်းရှိထားပြီး မြင်းတစ်ကောင်ဟာ တစ်ရက်ကို ၁၀ ကီလိုဂရမ်နှုန်း မစင်စွန့်လေ့ရှိပါသတဲ့။ ဒီတော့ လန်ဒန်မြို့ကြီးဟာ နေ့စဉ်နေ့တိုင်း မြင်းချေးတွေနဲ့ပဲ လုံးချာလည်နေတော့တာပါပဲ။ နေ့စဉ်မြင်းချေးတန်ချိန် ၅၀၀ လောက်ကို ဘယ်လိုစွန့်ပစ်ရမလဲဆိုတာ အဖြေရှာရင်း မြို့အာဏာပိုင်တွေလည်း ခေါင်းခြောက်ခဲ့ရပါတယ်။ မြင်းမွေးသူတွေကလည်း ကိုယ့်ဆီက မြင်းချေးတွေကို ဘေးအိမ်ကအမှိုက်ပုံးထဲ အလစ်မှာခိုးသွန်ရင်း လတ်တလောပြဿနာကို ဖြေရှင်းခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ အညစ်အကြေးဆိုင်ရာ မဟာပြဿနာကြီးတစ်ခုက ပိုပိုပြီးခြိမ်းခြောက်လာခဲ့ပါတော့တယ်။

နောက်ပိုင်းအဖြစ်အပျက်တွေကိုတော့ အားလုံးသိကြပြီးသားဖြစ်မှာပါ။ အမေရိကန်စက်မှုလုပ်ငန်းရှင်ဟင်နရီဖို့ဒ်ဟာ မော်တော်ကားတွေကို စျေးပေါပေါနဲ့စတင်ထုတ်လုပ်ခဲ့တာကြောင့် အင်္ဂလန်ရဲ့သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေးကဏ္ဍတွေအတွက် မြင်းတွေအစား မော်တော်ကားတွေပြောင်းလဲအသုံးပြုလာခဲ့ကြပါတယ်။ Ford ကုမ္ပဏီရဲ့ ကနဦးထုတ်ကုန်တွေဖြစ်တဲ့ Model Ts ကားလေးတွေလည်း ဗြိတိန်တဝန်းမှာ ခေတ်စားလာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ လန်ဒန်လိုကမ္ဘာ့ထိပ်တန်းမြို့တော်ကြီးဟာ မြင်းချေးကြောင့် အကျပ်အတည်ကြုံခဲ့ရဖူးတယ်ဆိုတာ ယုံတမ်းပုံပြင်တစ်ပုဒ်လိုပဲ ဖြစ်သွားခဲ့ပါပြီ။ ဒီလိုအပြောင်းအလဲတွေကနေ သင်ခန်းစာတွေလည်းရရှိခဲ့ကြပါတယ်။ လုံးဝကို မဖြေရှင်းနိုင်တော့ဘူးလို့ ထင်ရတဲ့ပြဿနာကို ရင်ဆိုင်ကြုံတွေ့နေပါသလား။ မကြောက်ပါနဲ့။ လူသားတွေရဲ့ ကြံရည်ဖန်ရည်၊ ဉာဏ်ရည်‌ဉာဏ်သွေးတွေကြောင့် တစ်နည်းနည်းနဲ့ဖြတ်ကျော်သွားခဲ့ကြတာချည်းပါပဲ။

ဒါပေမဲ့ အပြောင်းအလဲကိစ္စရပ်တိုင်းမှာ ကောင်းတဲ့ဘက်ရှိသလို ဆိုးတဲ့ဘက်လည်း ရှိပါတယ်။ မော်တော်ကားတွေထုတ်လုပ်နိုင်ခဲ့တာဟာ လန်ဒန်မြို့ကြီးသားတွေအတွက် သတင်းကောင်းတစ်ရပ်ဖြစ်လာခဲ့ပြီး ဝမ်းမြောက်ဝမ်းသာလက်ခံကြိုဆိုခဲ့ကြမယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒါပေမဲ့ မော်တော်ကားတွေဟာ အားလုံးအတွက် ကောင်းကျိုးချည်းပဲယူဆောင်မလာခဲ့ပါဘူး။ ကားတွေအစားထိုးဝင်ရောက်လာတဲ့အတွက် တိုက်ရိုက်နစ်နာဆုံးရှုံးသူတွေကတော့ မြင်းတိရိစ္ဆာန်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ မြင်းတွေအလုပ်မရှိတော့တာ၊ ပိုင်ရှင်တွေရဲ့ ဂရုတစိုက်မွေးမြူခြင်းမခံရတော့တာက ထင်သာမြင်သာတဲ့ပြဿနာတော့မဟုတ်ပါဘူး။ မြင်းချေးကျုံးတဲ့သန့်ရှင်းရေးအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်တာက ပိုပြီးဆိုးရွားတဲ့ကိစ္စဖြစ်လာခဲ့ပါတယ်။

၁၉ ရာစုနှောင်းပိုင်းက အင်္ဂလန်မှာ မြင်းတွေများတာနဲ့အမျှ မြင်းချေးကျုံးတဲ့အလုပ်သမားတွေလည်း ရှိခဲ့ပါတယ်။ ဒီအလုပ်သမားတွေရဲ့ဝင်ငွေကလည်း မနိမ့်ကျခဲ့ပါဘူး။ မြင်းတွေဆီက စွန့်ပစ်ပစ္စည်းများပြားရင် မြင်းချေးကျုံးအလုပ်သမားတွေရဲ့ဝင်ငွေကလည်း တိုက်ရိုက်အားဖြင့် မြင့်တက်လာတာပဲဖြစ်ပါတယ်။ မြင်းချေးနံ့ကိုသာ ခံနိုင်တယ်ဆိုရင် အဲဒီခေတ်က မြင်းချေးကျုံးအလုပ်ဟာ တွက်ချေကိုက်တဲ့အလုပ်ပဲလို့ ဆိုရမှာပါ။ ဒါပေမဲ့ မော်တော်ကားတွေပေါ်လာတော့ မြင်းတွေကိုမသုံးကြတော့သလို မြင်းချေးကျုံးအလုပ်လည်း ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဗြိတိန်ရာဇဝင်သမိုင်းစာအုပ်တွေမှာ ဒီအကြောင်းတွေမပါပေမဲ့ ခေတ်အပြောင်းအလဲတစ်ခုမှာ ဖြစ်လေ့ရှိတဲ့အမြင်သာဆုံးအကျိုးဆက်တစ်ခုအဖြစ် ဗြိတိန်မှာ ပြောစမှတ်တွင်ခဲ့ပါတယ်။

အဓိကပြောလိုရင်းကတော့ အပြောင်းအလဲကိစ္စတိုင်းမှာ အကျိုးခံစားရသူနဲ့ နစ်နာဆုံးရှုံးသူတွေရှိတယ်ဆိုတဲ့အချက်ပါပဲ။ ယနေ့မော်တော်ကားနယ်ပယ်မှာဆိုရင်လည်း သာမန်လောင်စာဆီသုံးအင်ဂျင်အသုံးပြုရာကနေ လျှပ်စစ်စွမ်းအင်ကိုပြောင်းလဲအသုံးပြုဖို့ တာစူနေပါပြီ။ ဒီကိစ္စမှာ နစ်နာဆုံးရှုံးမယ့် မြင်းချေးကျုံးအလုပ်သမားတွေအများအပြားရှိနေတာကိုတွေ့ရပါတယ်။ ဒါတွေကိုကြိုသိထားတဲ့ ကားကုမ္ပဏီတွေဟာ EV လို့‌ခေါ်တဲ့ လျှပ်စစ်ကားတွေကို ဖြည်းဖြည်းချင်းသာပြောင်းလဲထုတ်လုပ်နေပြီး လောင်စာဆီကုမ္ပဏီတွေရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ အထူးသဖြင့် စက်သုံးဆီဆိုင်က ရာဘာလက်အိတ်အပြာနဲ့ ဆီပန့်ကိုင်တဲ့အလုပ်သမားဝန်ထမ်းတွေရဲ့အနာဂတ်ဟာ ၁၉ ရာစုနှောင်းပိုင်းက မြင်းချေးကျုံးအလုပ်သမားတွေရဲ့ ကံကြမ္မာမျိုးကြုံတွေ့ရဖို့ရှိနေပါပြီ။

ကားစျေးကွက်မှာ လျှပ်စစ်ကားတွေလွှမ်းမိုးလာခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေတော်တော်များများမှာ လျှပ်စစ်ကားတွေအသုံးပြုလာခဲ့ရင် စက်သုံးဆီဆိုင်တွေကွယ်ပျောက်သွားမှာဖြစ်သလို ဆီပန့်ကိုင်တဲ့ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ဖြစ်သွားပါလိမ့်မယ်။ လာမယ့် ၁၀ နှစ်လောက်အတွင်းမှာ စာဖတ်သူအနေနဲ့ သင့်ရဲ့လျှပ်စစ်ကားကို ဘက်ထရီအားသွင်းဖို့ပြင်တိုင်း တစ်ချိန်က ဆီပန့်ကိုင်ထားတဲ့ရာဘာလက်အိတ်တစ်စုံကို ပြန်လည်မြင်ယောင်ကောင်း မြင်ယောင်မိကြပါလိမ့်မယ်။

Ref: What can horses teach us about electric cars? by Sam Philip

Author