ကားလေအေးစက်ကပေးသော ကျန်းမာရေးပြဿနာများ

0

Full article

ရာသီဥတုဖောက်ပြန်မှုများကြောင့် ကမ္ဘာကြီးပိုမိုပူနွေးလာချိန်တွင် မော်တော်ကားစီး၍ ခရီးသွားလာရသည့်ကိစ္စကလည်း ခက်ခဲပင်ပန်းသည့်စိန်ခေါ်မှုလိုဖြစ်လာခဲ့ရသည်။ အထူးသဖြင့် ယခုလိုနွေဦးပေါက်အချိန်ကာလမျိုးဆိုလျင် အပူချိန်မြင့်မားမှုကြောင့် ကိုယ်ပိုင်ကားစီးသူများရော၊ အငှားယာဉ်တွေမှာပါ လေအေးစက်ဖွင့်ကြသည်ချည်းပင်။ ကားငယ်များသာမက ယနေ့ရန်ကုန်မြို့တွင်းမှ YBS ယာဉ်လိုင်းများ၏ ဘတ်စ်ကားအသစ်ကြီးများတွင်လည်း လေအေးစက်ကို အချိန်ပြည့်ဖွင့်ထားကြသည်ကိုတွေ့ရသည်။ Air con ဟုအလွယ်ခေါ်ကြသည့် လေအေးစက်ဆိုသည်မှာ အပူဒဏ်ကို ကာကွယ်ရန်အကောင်းဆုံးပစ္စည်းဖြစ်သော်လည်း သဘာဝအပူဒဏ်နှင့် လေအေးစက်က ထုတ်လွှတ်လိုက်သည့်အအေးဓာတ်များမှာ ဆန့်ကျင်ဘက်သဘောဆောင်နေသဖြင့် အခန့်မသင့်လျင် ကျန်းမာရေးထိခိုက်မှုများခံစားရနိုင်သည်ကို သတိထားရပါလိမ့်မည်။ ထို့ကြောင့် နွေရာသီကာလအတွင်း ကားလေအေးစက်အသုံးပြုသူများ သတိထားသင့်သောကျန်းမာရေးဆိုင်ရာအချက်အလက်များကို ရှာဖွေတင်ဆက်ပေးသွားပါမည်။

အရေပြားခြောက်သွေ့ခြင်း

လေအေးပေးစက်ဖွင့်ထားသည့် အလုံပိတ်အခန်းတွင်း၊ ကားအတွင်းခန်း၌ ကြာရှည်စွာရှိနေသူများအနေဖြင့် အရေပြားအစိုဓာတ်လျော့ကျသွားမှုကြောင့် အရေပြားခြောက်သွေ့မှုကိုကြုံတွေ့ရမည်ဖြစ်၏။ လုံလောက်သောအရေပြားအစိုဓာတ်ကို ပြန်လည်မဖြည့်တင်းပေးလျင် အရေပြားပျက်စီးမှုနှင့်ဆက်စပ်သောရောဂါလက္ခဏာများကိုခံစားရမည်မှာ သေချာသလောက်ပင်။ ဥပမာအားဖြင့် အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တတ်သော ခြေဖဝါးအက်ကွဲမှုမျိုးတို့ကို ခံစားရမည်ဖြစ်သည်။

အပင်ပန်းမခံနိုင်တော့ခြင်း

လေအေးပေးစက်များအနေဖြင့် အပူချိန်ကိုတစ်သမတ်တည်း ထိန်းညှိပေးထားသလို အေးမြသောပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးနိုင်စွမ်းရှိထားကြသည်။ ထို့ကြောင့် လေအေးပေးစက်ဖွင့်ထားသောကားအတွင်း၌ ပင်ပန်းနွမ်းနယ်မှုမရှိဘဲ ဇိမ်ကျကျစီးနင်းလိုက်ပါနိုင်ကြပေမည်။ သို့သော် လေအေးစက်ဖွင့်ထားသည့် ကားအတွင်းမှနေ၍ အပြင်ထွက်လိုက်ချိန်တွင်တော့ ပြင်ပအပူချိန်ကိုခံနိုင်ရည် နည်းသွားလေ့ရှိကြသည်။ ဆိုလိုရင်းကတော့ လေအေးစက်ဖွင့်ထားသည့်ကားကို အစီးများလျင် ပြင်ပအပူချိန်အောက်၌ ချွေးထွက်ပြီး ပင်ပန်းသည့်ဒဏ်ကိုမခံနိုင်ကြတော့ခြင်းပင်။ အထူးသဖြင့် ကားအတွင်းမှထွက်ပြီး အလေးအပင်မရသည့် ကာယအလုပ်မျိုးတစ်ခုခုလုပ်ရပြီဆိုလျင် အပင်ပန်းမခံနိုင်သည့်အဖြစ်က ပိုမိုသိသာလာပါလိမ့်မည်။

ဖျားနာမှုနှင့် ခန္ဓာကိုယ်နာကျင်မှုကို ပိုမိုဆိုးရွားစေခြင်း

လေအေးပေးစက်ဖွင့်ထားသည့်ကားအတွင်း၊ အခန်းတွင်း၌ အချိန်ကြာမြင့်စွာရှိနေလျင် ကိုယ်ခန္ဓာအတွင်းမှ သွေးဖိအားလျော့ကျသွားလေ့ရှိကြောင်းသိရသည်။ သွေးဖိအားကျဆင်းမှုကြောင့် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများ၏စွမ်းရည်နှင့် အလုပ်လုပ်နိုင်စွမ်းကိုလည်း ပို၍ကျဆင်းစေမည်ဖြစ်၏ ။ အကျိုးဆက်အားဖြင့်တော့ ကိုယ်လက်အင်္ဂါနာကျင်မှုကို ပိုမိုဆိုးရွားစေသည့်အပြင် ကုသခြင်းကိုလည်း အဟန့်အတားဖြစ်စေနိုင်ပေသည်။ ထို့အပြင် ဖျားနာမှုခံစားရချိန်တွင်လည်း ထိုဖျားနာမှုမှာ နာတာရှည်အဖျားရောဂါအဖြစ် အသွင်ပြောင်းသွားနိုင်ကြောင်းသိရသည်။

အပူချိန်အပြောင်းအလဲဒဏ် ပိုမိုခံစားရခြင်း

လေအေးစက်ဖွင့်ထားသောကားအတွင်းမှ ပြင်ပနွေရာသီအပူချိန်အတွင်းကို ရုတ်တရက်ထွက်လိုက်ချိန်တွင် ခံစားရသည့်အပူချိန်မှာ ပိုမိုပြင်းထန်နေလေ့ရှိသည်။ လေအေးစက်ဖွင့်ထားသည့်ကားအတွင်းမှ အမြင့်ဆုံးအပူချိန်မှာ ၂ဝ ဒီဂရီပတ်ဝန်းကျင်သာရှိတတ်ပြီး လက်ရှိရန်ကုန်မြို့၏ပတ်ဝန်းကျင်အပူချိန်က ၃၉ ဒီဂရီဝန်းကျင်မှာရှိနေရာ ကွာဟချက်များလွန်းသည်ဟုဆိုရပေမည်။ မူလကတည်းက ပြင်ပအပူချိန်တွင်ရှိနေပြီးသား ကိုယ်ခန္ဓာအနေဖြင့် ၃၉ ဒီဂရီကို ပူလွန်းသည်ဟုမခံစားရသော်လည်း လေအေးစက်ခန်းထဲမှထွက်လိုက်ချိန်တွင် အပူချိန်ခြားနားချက်ကြောင့် ပူပြင်းလွန်းသည်ဟု ခံစားရမည်သာ။ အပူချိန်ခြားနားချက်ကြောင့် ကြုံတွေ့ရလေ့ရှိသည့်အများဆုံးအကျိုးဆက်ကတော့ ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက်အသက်ဆုံးရှုံးရခြင်းပင်။ မှတ်တမ်းများအရ အပူချိန်ခြားနားချက်ဒဏ်ကြောင့် ရုတ်တရက်အသက်ဆုံးရှုံးရသူအရေအတွက်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ပျမ်းမျှ ၄ဝ,ဝဝဝ ခန့်ရှိကြောင်းသိရသည်။

အသက်ရှူလမ်းကြောင်းပြဿနာများ

ပတ်ဝန်းကျင်အပူချိန်မြင့်မားနေချိန်တွင် လေအေးစက်အမြဲတမ်းဖွင့်ထားသောကား အတွင်းခန်းများသည် ဘက်တီးရီးယားပိုးမွှားများရှင်သန်ပေါက်ဖွားရန် အကောင်းဆုံးနေရာများဟုဆိုရပေမည်။ အထူးသဖြင့် အအေးပေးပိုက်လိုင်းများ၊ ကားအတွင်းရှိကော်ဇောများနှင့်ကူရှင်များတွင် မှိုများပေါက်ဖွားပြီး သာမန်မျက်စိဖြင့်မမြင်နိုင်သောဘက်တီးရီးယားပိုးမွှားများ အများဆုံးတွယ်ကပ်ရှင်သန်လေ့ရှိကြသည်။ ယင်းဘက်တီးရီးယားအများစုမှာ လူ၏အသက်ရှူလမ်းကြောင်းကိုဒုက္ခပေးလေ့ရှိသော ပိုးမွှားများဖြစ်ကြလေသည်။ ထို့ကြောင့် လေအေးစက်ဖွင့်ထားသောကားအတွင်း၌ အချိန်ကြာမြင့်စွာရှိနေသူများအနေဖြင့် အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ရလေ့ရှိကြောင်း သိရသည်။

လိုက်နာသင့်သည်မှာ

လေအေးစက်ဖွင့်ထားသောကားအတွင်း၌ အချိန်ကြာမြင့်စွာစီးနင်းလေ့ရှိသူများ လိုက်နာသင့်သည်ကတော့ ပထမဆုံးအနေဖြင့် ကားထဲဝင်လျင်ဝင်ချင်း လေအေးစက်ကို ချက်ချင်းမဖွင့်သင့်သည့်အချက်ပင်။ ကားမှန်များကို ခေတ္တခဏဖွင့်ထားပြီး မိနစ်အနည်းငယ်ခန့်ကြာမှ မှန်များပြန်တင်ကာ လေအေးစက်ဖွင့်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကားအတွင်းခန်းရှိ ကော်ဖြင့်ပြုလုပ်ထားသောပစ္စည်းများမှ Benzene ခေါ် ဟိုက်ဒရိုကာဘွန်တစ်မျိုးထုတ်လွှတ်လေ့ရှိသောကြောင့်ပင်။ ကားမှန်များပိတ်ထား၍ဖြစ်စေ၊ ဖွင့်ထားသော်လည်း ပတ်ဝန်းကျင်အပူချိန်မြင့်မား၍ဖြစ်စေ Benzene များထုတ်လွှတ်လေ့ရှိပြီး ယင်းဓာတ်ပစ္စည်းတွင် ကင်ဆာဖြစ်စေနိုင်သော အဆိပ်ဓာတ်များပါရှိနေကြောင်းသိရသည်။ ထို့အပြင် အရိုးများအပေါ် ဆိုးကျိုးသက်ရောက်နိုင်သလို သွေးဖြူများကိုလည်း လျော့နည်းစေတတ်သေးသည်။ ထို့ကြောင့် ကားအတွင်းဝင်လျင်ဝင်ခြင်း မှန်တံခါးပိတ်ပြီးလေအေးစက်ဖွင့်လိုက်လျင် Benzene ဓာတ်အများအပြား ခန္ဒာကိုယ်အတွင်းဝင်ရောက်သွားနိုင်ကြောင်း သတိပေးဖော်ပြလိုက်ရပါသည်။

စာရေးသူ : ကိုဆွဲ (မုံရွာ)

Author