အမေရိကန်တို့ရွေးချယ်ထားတဲ့ ၂ဝ၁၈ ထုတ် ဘေးကင်းလုံခြုံမှု အရှိဆုံးကားများ

0

Full article

အမေရိက ဘေးကင်းလုံခြုံရေးကောင်စီရဲ့ အစီရင်ခံစာအရဆိုရင် ၂ဝ၁၈ ခုနှစ်အတွင်း အမေရိကန်လမ်းတွေပေါ်မှာ လူပေါင်း ၄ဝ,ဝဝဝ လောက် မော်တော်ယာဉ်တွေနဲ့ပတ်သက်ပြီး သေဆုံးခဲ့ရတယ်။ ဒီအစီအရင်ခံစာကနေပြီး ကောင်းသတင်းကို ရှာရှာဖွေဖွေပြောပြရမယ်ဆိုရင်တော့ ကိန်းဂဏန်းတွေရဲ့ ညွှန်ပြချက်တွေအရ သေဆုံးမှုစာရင်းဟာ ၂ဝ၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁% ကျဆင်းသွားတယ်ဆိုတာပါပဲ။
ဒီလိုကျဆင်းသွားရခြင်းရဲ့ အကြောင်းပြချက်တွေထဲက ကြီးကြီးမားမားအကြောင်းပြချက်တစ်ခုကတော့ ဒီဘက်ခေတ်ကားတွေဟာ ပိုပြီးဘေးကင်းလုံခြုံမှုရှိလာကြတယ်လို့ ဆိုပါတယ်။ အမေရိကန်လမ်းတွေပေါ်မှာ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် ဘေးကင်းလုံခြုံမှုအဆင့်သတ်မှတ်ချက်တွေကို လုပ်ဆောင်ပေးတဲ့ NHTSA (National Highway Traffic Safety Administration) ကိုလည်း ကျေးဇူးတင်သင့်ပါတယ်။ နောက်တစ်ခုကတော့ IIHS လို့ခေါ်တဲ့ Insurance Institute for Highway Safety ပါ။ သူကတော့ ကားတစ်စီးဟာ ယာဉ်မတော်တဆထိခိုက်မှုဖြစ်စဉ်အတွင်း ယာဉ်ပေါ်မှာပါလာတဲ့လူတွေ ဘယ်လောက်အထိ ဘေးကင်းလုံခြုံမှုရှိသလဲဆိုတာကို အလွယ်တကူ ဖွေရှာနိုင်တဲ့ အဖွဲ့အစည်းပေါ့။
NHTSA ကတော့ ကားတစ်စီးဟာ ဘယ်လောက်ဘေးကင်းလုံခြုံမှုရှိ/မရှိဆိုတာကို ကြယ်တစ်ပွင့်ကနေ အမြင့်ဆုံး ငါးပွင့်အထိ ရိုးရိုးရှင်းရှင်း အဆင့်သတ်မှတ်ပေးလေ့ရှိပြီး IIHS ကတော့ Good ၊ Acceptable ၊ Marginal ၊ ဒါမှမဟုတ် Poor ဆိုပြီးတော့ မော်တော်ယာဉ်ကို စမ်းသပ်စစ်ဆေး ခွဲခြားပေးလေ့ရှိတာပါ။ စမ်းသပ်စစ်ဆေးမှုတွေမှာ ဘက်ပေါင်းစုံမှ မော်တော်ယာဉ် အတိုက်ခံမှု ခံနိုင်ရည်၊ အလိုအလျောက် အရေးပေါ် ဘရိတ်စနစ်၊ ရှေ့မီးကြီးနဲ့ အချက်ပြမီးတို့ရဲ့ ရှင်းလင်းပြတ်သားမှု၊ မော်တော်ယာဉ်ဝင်တိုက်မှု အခြေအနေ၊ လေအိတ်စနစ်တွေ စသည်ဖြင့် ပါဝင်ပါတယ်။ အခုဆက်လက်ဖေါ်ပြမယ့် ကားတွေကတော့ NHTSA က ကြယ်ငါးပွင့် အဆင့်သတ်မှတ်ပေးထားပြီး IIHS က Top Safety အဖြစ်ရွေးချယ်ပေးထားတဲ့ ကားတွေချည့်ပါပဲ။ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ရင် ပိုမိုကောင်းမွန်တဲ့ သဏ္ဌာန်ရှိတဲ့ Crossovers နဲ့ SUVs အမျိုးအစား တွေထဲကတော့ မဟုတ်သေးပါဘူး။ ၂ဝ၁၉ အတွက် ဘေးကင်းလုံခြုံမှုအကောင်းဆုံး Crossovers တွေနဲ့ SUVs တွေအကြောင်းကိုတော့ နောက်တစ်ခေါက်မှ တင်ဆက်ပေးပါဦးမယ်။

Genesis G80

လမ်းမတွေပေါ်မှာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး Genesis G80 ရဲ့ ကောင်းမွန်တဲ့အချက်တွေကတော့ စံချိန်မီ ယာဉ်မောင်းသူ အထောက်အကူ အင်္ဂါရပ်တွေဖြစ်ကြတဲ့ အလိုအလျောက် အရေးပေါ် ဘရိတ်စနစ်၊ blind-spot စောင့်ကြည့်အချက်ပြစနစ်၊ (parking မှ) ကားနောက်ဆုတ်တဲ့အချိန်မျိုးမှာ မမြင်ကွယ်ရာကနေ ကားလာမှုရှိ/မရှိကို အချက်ပြပေးနိုင်တဲ့စနစ် (rear cross-traffic alert)၊ ယာဉ်လမ်းကြောင်းပေါ်ကနေ သွေဖည်ခြင်းအား အချက်ပြစနစ်နဲ့ adaptive cruise control တို့ပါပဲ။ (ယာဉ်လမ်းကြောင်းပေါ်ကနေ သွေဖည်ခြင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာတော့ ကားအများစုဟာ (ယာဉ်)လိုင်တွေးကိုခွပြီး မောင်းလေ့မောင်းထရှိကြပါတယ်။ ဒီလိုမောင်းတဲ့အပေါ်မှာလည်း လေးလေးနက်နက် တားမြစ်တာမျိုးတွေသိပ်မရှိကြဘူး။ နိုင်ငံတကာမှာတော့ ဒီလိုမျိုး (ယာဉ်)လိုင်းတွေကို ကျော်ခွမောင်းတာဟာ အပြစ်ကြီးတစ်ခုပါ။ တစ်ခြားယာဉ်မောင်းသူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လေ။ ကြုံခဲ့ဖူးတာကတော့ အမေရိက ကနေ မြန်မာနိုင်ငံကို ပထမဆုံးလာလည်တဲ့သူတစ်ဦးကို လေဆိပ်ကနေကြိုပြီး မောင်းလာတာ၊ လိုင်းတွေကိုခွပြီးမောင်းမိတော့ ကြောက်လန့်ပြီး အော်နေခဲ့တယ်ဗျ)
Genesis G80 အတွက် အမေရိကမှာ ရောင်းချတဲ့ဈေးနှုန်းတွေကတော့
G80 3.8 Ultimate: $47,295
G80 3.3T Sport: $56,245
G80 5.0 Ultimate: $57,995
တို့ဖြစ်ပါတယ်။

Honda Insight

Honda Insight ကတော့ မြန်မာနိုင်ငံမှာလည်း အတွေ့များတဲ့ ကားအမျိုးအစားပါ။ Hybrid တွေပါပဲ။ သူ့မှာပါဝင်တဲ့ အလိုအလျောက်အရေးပေါ် ဘရိတ်စနစ်၊ ယာဉ်လမ်းကြောင်းပေါ်မှ သွေဖည်ခြင်းအား အချက်ပြပေးနိုင်မှုနဲ့ အရှေ့အနောက် LED မီးတွေဟာ ဘေးကင်းလုံခြုံရေးအတွက် ရမှတ်တော်တော်များများရရှိခဲ့တဲ့ အင်္ဂါရပ်တွေဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ အဖွဲ့အစည်းနှစ်ခုစလုံးက လက်တွေ့စစ်ဆေးကြတဲ့ ယာဉ်တိုက်မှု၊ ယာဉ်အတိုက်ခံနိုင်ရည် စမ်းသပ်ချက်တွေမှာ တော်တော်လေး အထင်ကြီးစရာ ရလဒ် ရရှိခဲ့တာပါ။Honda Insight ဟာ NHTSA ကရော IIHS ဆီကပါ မော်တော်ယာဉ်ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး ဆုတွေရရှိခဲ့တဲ့ ကားအမျိုးအစားလည်းဖြစ်ခဲ့ပါတယ်။
အမေရိကန်ပေါက်ဈေးကတော့
LX: $23,850
EX: $25,080
Touring: $29,110 ပါ။

Hyundai Sonata

ယာဉ်မောင်းသူအတွက် ထောက်ပံ့ကူညီမှု အင်္ဂါရပ်များစွာနဲ့ ဘေးကင်းလုံခြုံမှုအမှတ်တွေ အများကြီးရယူခဲ့တဲ့ ကားကတော့ Hyundai ကထုတ်တဲ့ Sonataပါ။ သူ့မှာက ပါနေကျ အလိုအလျောက် အရေးပေါ်ဘရိတ်စနစ်၊ ယာဉ်လမ်းကြောင်းပေါ်မှ သွေဖည်ခြင်းအား အချက်ပြပေးနိုင်မှုစတာတွေအပြင် မော်တော်ယာဉ်ကိုမောင်းနှင်နေစဉ် လမ်းသွားလမ်းလာတွေကို သိရှိအချက်ပြနိုင်တဲ့ နည်းပညာပါ ပါဝင်ပါတယ်။ ဒါပေမယ့် Hyundai Sonata တွေမှာတပ်ဆင်ထားတဲ့ halogen မီးတွေကိုတော့ IIHS က အမှတ်လျော့ထားတာ တွေ့ရတယ်။ ဒါပေမယ့်လည်း သားရေကူရှင်တွေ၊ အပူအအေးစနစ်ပါဝင်တဲ့ ရှေ့ထိုင်ခုံတွေ၊ auto-dimming စနစ်ပါဝင်တဲ့ နောက်ကြည့်မှန်တွေကတော့ ယာဉ်မောင်းသူကို လုံလုံလောက်လောက် အကူအညီဖြစ်စေမှာပါ။
အမေရိကမှာ ရောင်းချနေတဲ့ ဈေးတွေကတော့
Limited 2.4L: $28,620
Limited 2.0T: $33,020

Kia Optima

Kia Optima ဟာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ရင် အနိမ့်ဆုံး grade ကနေပြီး အမြင့်ဆုံးအထိကို ရမှတ်ကောင်းကောင်းရခဲ့တဲ့ ကားအမျိုးအစားပါ။ အလိုအလျောက် အရေးပေါ်ဘရိတ်စနစ်နဲ့ အရှေ့ဘက် ထိခိုက်နိုင်မှု ကြိုတင်အချက်ပြပေးတဲ့စနစ်တွေမှာ ရမှတ်တော်တော်ကောင်းတယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် IIHS ရဲ့ မှတ်ချက်ကောင်းကောင်းရရှိခဲ့တာကတော့ အရည်အသွေးမြင့် LED မီးတွေနဲ့အလိုအလျောက် မီးစလျှော့ချပေးတဲ့စနစ်တွေ (automatic high-beam headlamps) တွေကြောင့်ပါ။ Kia Optima ဟာ အမေရိကမှာတော့ SX နဲ့ SX Limited ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ကာ Limited မှာတော့ ကားအပြင်ပိုင်း ၃၆ဝ ဒီဂရီ ကင်မရာပါဝင်တဲ့အတွက် ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး ပိုမို ပြီးပြည့်စုံတယ်လို့ ပြောလို့ရပါတယ်။
အမေရိကဈေးနှုန်းအနေနဲ့ကတော့
SX: $32,915
SX Limited: $36,715

Toyota Camry

အနိမ့်ဆုံး L ကနေပြီး ဈေးအကြီးဆုံး XSE အထိ ဘယ်လို Toyota Camry မဆို အလိုအလျောက် အရေးပေါ် ဘရိတ်စနစ်၊ ယာဉ်လမ်းကြောင်းပေါ်ကနေ သွေဖည်ခြင်းအားအချက်ပြစနစ်တွေ၊ အလိုအလျောက် မီးစလျှော့ချပေးတဲ့စနစ်တွေ (automatic high-beam headlights)၊ adaptive cruise control စနစ်တွေအပြင် လေအိတ် ၁ဝ လုံးတောင်မှ အားလုံးကိုတပ်ဆင်ပေးထားပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Camry ရဲ့ အရှေ့မီးကြီးရဲ့ adaptive headlights စနစ်ဟာ  IIHS ရဲ့ Good သတ်မှတ်ချက်ကို ရရှိခဲ့တာပါပဲ။
အမေရိကမှာရောင်းချတဲ့ ဈေးနှုန်းအရတော့
XLE Hybrid with optional adaptive headlights: $38,325

နောက်တစ်ပတ်မှာတော့ ၂ဝ၁၉  အတွက် safety အဖြစ်ဆုံး SUVs တွေအကြောင်းဖေါ်ပြပါရစေ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)

Ref: The 10 Cars with the best safety rating by Drew Dorian

Author