COVID-19 နဲ့တိုက်ပွဲအတွက် လက်နက်ကရိယာတွေထုတ်လုပ်ပေးနေကြတဲ့ ကမ္ဘာကျော် ကားကုမ္ပဏီကြီးများ

0

Full article

လက်ရှိအခြေအနေအရ coronavirus ဟာ အမေရိကနဲ့ ဥရောပမှာ တော်တော်ကြီးကိုဆိုးဆိုးရွားရွား ကူးစက်ပြန့်ပွားလျက်ရှိနေတာပါ။ ဒီလိုအချိန်မှာ ကမ္ဘာ့အထင်ကရ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းစုကြီးတွေက မော်တော်ကားထုတ်လုပ်ရေးထက် ပိုပြီးအရေးကြီးတဲ့ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီခဲ့ကြပါတယ်။

ပထမဆုံးဖေါ်ပြလိုတာက  Mercedes ပါ။​ Formula One အင်ဂျင်တွေထုတ်လုပ်နေတဲ့ Mercedes အဖွဲ့ဟာ လန်ဒန်မြို့ကဆေးပညာရှင်တွေ၊ တက္ကသိုလ်အင်ဂျင်နီယာတွေနဲ့ပူးပေါင်းပြီး coronavirus လူနာတွေအတွက် အသက်ရှုအထောက်အကူကိရိယာကို ဒီဇိုင်းရေးဆွဲပြီး အများအပြားထုတ်လုပ်သွားဖို့ ဆောင်ရွက်နေကြပါတယ်။ ဒီလိုထုတ်လုပ်ခြင်းအားဖြင့် ventilators လိုအပ်ချက်လျော့ပါးသွားဖို့ ရည်ရွယ်ထားကြတာပါ။​

အဲဒီ ကရိယာကိုတော့ CPAP (Continuous Positive Airway Pressure) လို့ခေါ်ပြီး ရှိပြီးသားစက်ကို နာရီ ၁၀၀ အတွင်း အင်ဂျင်နီယာပိုင်းအရ ထပ်မံဆန်းသစ်ထားတာဖြစ်ပါတယ်။ အဆိုပါ CPAP ကို Mercedes နဲ့ အခြား F-1 အဖွဲ့တွေပူးပေါင်းပြီး တစ်ရက်ကို အလုံးရေ ၁,၀၀၀ အထိတောင်မှ ထုတ်လုပ်နိုင်ဖို့ကြိုးစားနေကြတာပါ။​ CPAP စက်တွေဟာ လူနာရဲ့အသက်ရှုလမ်းကြောင်းကို ပွင့်နေစေဖို့ အကူအညီပေးတဲ့အပြင် အဆုတ်အတွင်းသို့လည်း အောက်စီဂျင်အများအပြားဝင်ရောက်စေဖို့ကိုလည်း ထောက်ပံ့ပါတယ်။ ဒီလိုဝင်ရောက်စေဖို့ လူနာရဲ့ ပါးစပ်နဲ့ နှာခေါင်းကနေတစ်ဆင့် လေနဲ့ အောက်စီဂျင်တွေကို အဆက်မပြတ်ဖိသွင်းပေးနိုင်စွမ်းရှိတဲ့ CPAP ရယ်ပါ။ Coronavirus ရဲ့နောက်ဆုံးထိုးနှက်ချက်ကိုခံယူရချိန်မှာ အလိုအပ်ဆုံးဖြစ်တဲ့ ventilators တွေရဲ့နေရာမှာ အကောင်းဆုံးအစားထိုးအသုံးပြုနိုင်တဲ့ CPAP တွေရှိလာတာဟာ အသက်ရှုကြပ်ပြီး အသက်ဆုံးရှုံးကြရမယ့် လူသားတွေအတွက် မျှော်လင့်ချက်လည်းဖြစ်နေပြန်ပါတယ်။

နောက်ထပ်ထုတ်လုပ်ရေးလုပ်ငန်းစုကြီးကတော့ Lamborghini ပါ။ ပြိုင်ကားတွေ၊ sporty ကားတွေထုတ်လုပ်ရာမှာ ဆရာကျလှတဲ့ Lamborghini ဟာ အခုလိုအချိန်မှာတော့ surgical masks တွေ၊ COVID-19 အကာအကွယ်တွေ ထုတ်လုပ်ရေးသို့ပြောင်းလဲလိုက်ပါတယ်။ Sant’Agata Bolognese စက်ရုံက အချို့သောဌာနတွေကို ပြောင်းလဲပစ်လိုက်ပြီး ဘိုလော့နာမြို့မှာရှိတဲ့ Sant’Orsola-Malpighi ဆေးရုံအတွက် အကောင်းဆုံးအထောက်အပံ့တွေထုတ်လုပ်ပေးနေတာလည်းဖြစ်ပါတယ်။

Lamborghini ဟာ တစ်ရက်ကို mask တစ်ထောင်အထိထွက်ရှိအောင်လို့ Lamborghini ကားတွေရဲ့ အတွင်းခန်းထိုင်ခုံဖုံးချုပ်လုပ်တဲ့အဖွဲ့ကချုပ်လုပ်ပေးနေတာဖြစ်တဲ့အတွက် အရည်အသွေးကတော့ ထိပ်တန်းပါပဲ။ တစ်ချိန်တည်းမှာပဲ polycarbonate ဗိုင်းရတ်ကာကွယ်ရေးပစ္စည်းတွေကိုလည်း 3D printers တွေကိုအသုံးပြုကာ တစ်ရက်ကို ၂၀၀ လောက်ထုတ်လုပ်လျက်ရှိနေပါသေးတယ်။

အမေရိကမြင်ကွင်းမှာကရော။ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် Ford ဟာ ဗုံးကျဲလေယာဉ်တွေတည်ဆောက်ခဲ့ပြီး GM ကတော့ ကုန်း/ရေသုံးယာဉ်တွေကိုထုတ်လုပ်ပေးခဲ့ကြတဲ့ ရာဇဝင်တွေရှိခဲ့ပါတယ်။ အခုကိုရိုနာစစ်ပွဲအတွက်လည်း အမေရိကအခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်ရေးတွေဟာ ventilators ရှားပါးမှုပြဿနာကို ဝိုင်းဝန်းကူညီဖြေရှင်းဖို့ကြိုးစားနေကြပြန်ပါပြီ။

Ford ၊ GM ၊ Tesla အစရှိတဲ့ ကမ္ဘာကျော် မော်တော်ကားထုတ်လုပ်ရေးတွေဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းတုန်းက ​သူတို့ရဲ့ စက်ရုံတွေကို ခေတ္တပိတ်လိုက်ကြပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့တုန်းက အမေရိက သမ္မတ Donald Trump ဟာ Defense Production Act ကို ကိုးကားပြီး “လက်ခံ၊ ဆောင်ရွက်၊ ဦးစားပေး” အဖြစ်နဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးတွေကို ventilators တွေထုတ်လုပ်ဖို့ ညွှန်ကြားခဲ့တာပါ။

ဒါပေမဲ့ ventilators တွေဆိုတာက အလွယ်တကူထုတ်လုပ်ဖို့အတွက် ခက်ခဲတဲ့အရာတစ်ခုဖြစ်နေပါတယ်။​ Ventilators တွေဟာ နည်းနည်းရှုပ်ထွေးတဲ့ စက်ပစ္စည်းဖြစ်ပြီး အထူးပြုအစိတ်အပိုင်းတွေနဲ့ ခေတ်မီ software တွေလည်းအသုံးပြုထားကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Ford နဲ့ GM တို့ကတော့ ventilators ထုတ်လုပ်ရေးကျွမ်းကျင်သူတွေနဲ့ ပေါင်းပြီး အမေရိကအတွက်လိုအပ်တဲ့ အရေအတွက်ကို ထုတ်လုပ်နိုင်ဖို့ကြိုးစားလျက်ရှိနေပါတယ်။

အမေရိကရဲ့ လက်ရှိအအောင်မြင်ဆုံး လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာလည်း New York မှာရှိတဲ့ ထောက်ပံ့ရေးအဆောက်အဦကို Medtronic ventilators တွေထုတ်လုပ်ဖို့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ Medtronic ရဲ့ CEO ဖြစ်သူ Omar Ishrak ကတော့ ပုံမှန်အားဖြင့် သူတို့ဟာ ရက်သတ္တတစ်ပတ်အတွင်း ventilators ၂၅၀ လောက်ထုတ်လုပ်နိုင်ကြပြီး Tesla ရဲ့ကူညီမှုနဲ့ဆိုရင်တော့ ထုတ်လုပ်မှုအရေအတွက်က နှစ်ဆတိုးသွားမှာပါလို့ဆိုလိုက်ပါတယ်။ Tesla ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်သူ Elon Musk ကတော့

“Giga New York ကို ventilators တွေထုတ်လုပ်ဖို့ပြန်ဖွင့်လိုက်ပါပြီ။ ကျွန်တော်တို့ တတ်စွမ်းသမျှအမြန်ဆုံးဖြစ်အောင်လုပ်ဆောင်ကြမှာပါ။ New York မြို့သားတွေအတွက် အကူအညီဖြစ်စေဖို့ ကျွန်တော်တို့ လုပ်နိုင်တာမှန်သမျှ လုပ်သွားကြမှာပါ” လို့ New York မြို့မှာ COVID-19 ကူးစက်ဖြစ်ပွားမှု ပြင်းထန်လာတဲ့နောက်ပိုင်းမှာ သူ့ရဲ့ Twitter ကနေတစ်ဆင့်ပြောကြားလိုက်ပါတယ်။

တစ်ကမ္ဘာလုံးအနှံ့ဆိုးဆိုးရွားရွားဖြစ်ပွားနေတဲ့ COVID-19 ရဲ့ဒဏ်တွေကို အထောက်အကူဖြစ်စေဖို့အတွက် ထုတ်ကုန်ပစ္စည်းတွေ ပြောင်းလဲထုတ်လုပ်လိုက်ကြပေမဲ့ ကားထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်ကြတဲ့အတိုင်း ပြိုင်ပွဲကတော့ရှိနေတာပါပဲ။ ဒီတစ်ခေါက်ပြိုင်ပွဲကတော့ ‘အချိန်’ နဲ့ယှဉ်ပြိုင်ကြရတဲ့ပြိုင်ပွဲပါ။ အနိုင်ရရှိမှုတိုင်းမှာ လူသားတွေရဲ့ ‘အသက်’ တွေပါဝင်နေတဲ့အတွက် ရှုံးနိမ့်လို့မဖြစ်တဲ့ ပြိုင်ပွဲလည်း ဖြစ်နေပါတော့တယ်။

Ref:

Mercedes F1 engineers help make a breathing aid for coronavirus patients in less than 100 hours By Charles Riley, CNN Business

COVID-19: LAMBORGHINI IS PRODUCING SURGICAL MASKS AND MEDICAL SHIELDS by Lamborghini

Automakers are racing to make ventilators. But it's not that easy by Jackie Wattles and Peter Valdes-Dapena, CNN

Tesla to reopen New York facility to manufacture Medtronic ventilators by DANIELLE KIRSH LEAVE A COMMENT

Author