စားသုံးသူတို့ရွေးချယ်ထားတဲ့ ၂၀၁၉ အတွက် အမေရိကရဲ့လူကြိုက်အများဆုံးကား ၁၀ စီး

0

Full article

ဒီတစ်ပတ်အတွက်ဖေါ်ပြပေးမှာကတော့ အမေရိကမှ ဝယ်ယူသုံးစွဲသူတွေ အကြိုက်တွေ့ပြီးအများဆုံးရွေးချယ်စီးနင်းကြတဲ့ကားတွေဖြစ်ပါတယ်။ MarkLines Data Center ရဲ့အချက်အလက်တွေအရဆိုရင် အမေရိကမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း စုစုပေါင်းကားအစီးရေ ၁၇ သန်းကျော်ရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်အရောင်းပမာဏကလည်း ၁၇ သန်းကျော်ပဲရှိခဲ့တာမို့လို့ အမေရိကနိုင်ငံရဲ့ တစ်နှစ်ပျမ်းမျှမော်တော်ယာဉ်ရောင်းချနှုန်းဟာ ၁၇ သန်းခန့်လို့ ယေဘုယျတွက်ဆလို့ရပါတယ်။ ပြောရမယ်ဆိုရင် အမေရိကဟာ မော်တော်ယာဉ်သုံးစွဲမှုအလွန်များတဲ့ နိုင်ငံတစ်ခု။ ဒီလိုနိုင်ငံကလူတွေရဲ့ အကြိုက်ဆုံးရွေးချယ်မှုစာရင်းက စိတ်ဝင်စားစရာကောင်းလှတယ်ဆိုရင်တော့ ငြင်းရခက်မှာပါသေချာပါတယ်။

ကားတစ်စီးကိုရွေးချယ်ရာမှာ အမေရိကန်တွေရဲ့ဦးစားပေးမှုကတော့ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစိတ်ချရေးပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အတွင်းအမေရိက ကားဝယ်ယူသူတွေရဲ့ ဦးစားပေးအချက်အလက်မှာ automatic emergency braking စနစ်ပါဝင်မှု ရှိ/မရှိဟာ ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တာပါ။

Consumer Reports ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Marta Tellado ကတော့ “safety ဟာ အမြဲတမ်းဦးစားပေး စံသတ်မှတ်ချက်ပါပဲ။ ဇိမ်ကျမှုကတော့ ဝယ်ယူသူရဲ့ ငွေကြေးသုံးစွဲနိုင်မှုအပေါ်သာတည်မှီနေပါတယ်။ လျှပ်တစ်ပြက်အခြေအနေတွေမှာ အလိုအလျောက် ဘရိတ်ဖမ်းပေးတဲ့စနစ်ဟာ ယာဉ်တိုက်မှုများစွာကို လျော့ကျစေပြီး အသက်ပေါင်းများစွာကို ကယ်တင်နေလို့ပါပဲ။ ကျွန်တော့်အမြင်မှာတော့ ကားသစ်အားလုံးမှာ  ဒီစနစ်ဟာ စံသတ်မှတ်ချက်အနေနဲ့  ထည့်သွင်းသင့်ပါတယ်။” လို့ဆိုလိုက်ပါတယ်။

အခု စားသုံးသူတွေ စိတ်ကျေနပ်မှုအရဆုံးစာရင်းလို့ပြောနိုင်တဲ့ ရွေးချယ်မှုစာရင်းမှာ Toyota အမှတ်တံဆိပ်ကတော့ အမျိုးအစား ၄ မျိုး ပါဝင်ခြင်းနဲ့အတူ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ ကျန်တဲ့အမှတ်တံဆိပ်တွေကတော့ Audi ၊ BMW ၊ Ford နဲ့ Hyundai စတဲ့နာမည်ကျော်အမှတ်တံံဆိပ်တွေပါ။ သူတို့ရွေးချယ်ထားတဲ့ကားတွေဟာ $18,000 နဲ့ $68,000 ကြားထဲမှာသာရှိတာဖြစ်လို့ လူလတ်တန်းစားကားတွေလို့လည်းဆိုလို့ရပါတယ်။ ဘယ်အမျိုးအစားအတွက် ဘယ်ကားကိုရွေးချယ်ထားကြသလဲ ကြည့်ကြရအောင်လား။

၁။ Compact luxury car: Audi A4

ခန့်မှန်းဈေးနှုန်း : $48,890

Audi ရဲ့ A4 ဟာ အလွန်တိကျတဲ့ လက်ကိုင်ထိန်းချုပ်မှု၊ နောက်ဆုံးပေါ်နည်းပညာနဲ့ ငြင်းရက်စရာမရှိတဲ့ဂုဏ်သိက္ခာတွေနဲ့အတူ အသေးစိတ် စေ့စေ့စပ်စပ်ထုတ်လုပ်ထားတာဖြစ်လို့ ဝယ်ယူသုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုကို အထူးရရှိခဲ့ပါတယ်။ Consumer Reports ကတော့ A4 ရဲ့အတွင်းခန်းဟာ အသံဆူညံမှုမရှိဘဲ တစ်စီးလုံးကို အဆင့်မြင့် materials တွေအသုံးပြုထားလို့လူကြိုက်များတာလို့ဆိုပါတယ်။

A4 ရဲ့ ဟန်ချက်ညီတဲ့ suspension ဟာ ထိန်းချုပ်မောင်းနှင်ရာမှာ လုံခြုံစိတ်ချမှုကိုဖြစ်စေပြီး ပုံမှန်အချိန် ခပ်တင်းတင်းအောက်ပိုင်းဟာ ကြမ်းတမ်းတဲ့လမ်းတွေပေါ်မှာတော့ သိသိသာသာ ချောမွေ့သွားတာကလည်း တန်ဖိုးတစ်ခုပါပဲ။ Turbocharged 4-cylinder အင်ဂျင်ရဲ့ စွမ်းဆောင်ရည်က အထူးကောင်းမွန်ပြီး လိုအပ်တဲ့ ပါဝါလောက်ကို ကောင်းကောင်းကြီးထုတ်ပေးနိုင်တာမျိုးပါ။ Automatic transmission ဟာအထင်ကြီးရလောက်အောင် ချောမွေ့တာကလည်း လူကြိုက်များစေတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။

၂။ Luxury SUV: BMW X5

ခန့်မှန်းဈေးနှုန်း : $68,730

၂၀၁၉ အတွက် သစ်လွင်တဲ့ ဒီဇိုင်းနဲ့ဖြစ်တယ်။ Consumer Reports ရဲ့စမ်းသပ်ချက်အရတော့ အလယ်အလတ်အရွယ်အစား SUVs တွေထဲမှာ အကောင်းဆုံးအမျိုးအစားတစ်ခုဖြစ်တယ်။ SUV တစ်စီးအတွက် သက်သောင့်သက်သာနဲ့ဇိမ်ကျရမယ်၊ ပြီးရင် မောင်းလို့လည်းကောင်းရမယ် ဆိုတဲ့အချက်နှစ်ချက်စလုံး အပြည့်အဝပြည့်စုံဖို့ဆိုတာမလွယ်ပါဘူး။ BMW ရဲ့ X5 မှာတော့ နှစ်ချက်စလုံးထိအောင်ပစ်နိုင်ခဲ့တယ်။

၃။ Full-size pickup truck: Ford F-150

ခန့်မှန်းဈေးနှုန်း : $52,535

တောထဲတောင်ထဲမောင်းနှင်ဖို့အတွက် ဒီဇိုင်းအသစ်နဲ့ထုတ်လိုက်ကြတဲ့ Chevrolet Silverado 1500 ၊ GMC Sierra 1500 နဲ့ Ram 1500 တို့ကို ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ F-150 လို့တောင်ဆိုနိုင်ပါတယ်။ 2.7-litre V6 turbo အင်ဂျင်နဲ့ F-150 ဟာ ဖျတ်ဖျတ်လတ်လတ်နဲ့လျင်မြန်မှု၊ ဆွဲအားကောင်းတဲ့ စွမ်းဆောင်ရည်ရှိမှုတို့အပြင် လောင်စာဆီစားသုံးမှုမှာလည် အံ့သြလောက်စရာနည်းပါး ပါသေးတယ်။

၄။ Subcompact SUV: Hyundai Kona


ခန့်မှန်းဈေးနှုန်း : $25,025

Kona ကိုမောင်းရတာဟာ တော်တော်လေးပျော်ဖို့ကောင်းပြီး subcompact SUVs တွေထဲမှာ အရမ်းကြီးကို တိုးတက်လာတဲ့ ကားတစ်စီးပါ။ ခေတ်မီသပ်ရပ်လှတဲ့ အပြင်သဏ္ဍာန်နဲ့ နှစ်လို့ဖွယ်ကောင်းတဲ့ အတွင်းခန်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ Compact ထက်တောင်မှ ပိုမိုသေးငယ်တဲ့ကားတစ်စီးအနေနဲ့ စွယ်စုံရစွမ်းရည်ရှိအောင် တည်ဆောက်ပေးထားတာကတော့ သူ့ရဲ့တန်ဖိုးတစ်ခုပါပဲ။ မြင့်မားတဲ့ နောက်တံခါးနဲ့ လှန်ချလို့ရတဲ့ နောက်ခုံတွေက လူကြိုက်များစေတဲ့အချက်တွေဖြစ်ပါတယ်။

၅။ Midsize SUV: Subaru Ascent

ခန့်မှန်းဈေးနှုန်း : $43,867

ညက်ညောတဲ့ ပါဝါထုတ်လွှတ်မှု၊ ပျော်ရွှင်ဖွယ်ရာ စီးနင်းမောင်းနှင်နိုင်မှုနဲ့ လက်တွေ့အသုံးကျလှတဲ့အင်္ဂါရပ်တွေနဲ့စုံလင်မှုတွေဟာ ခုံသုံးတန်း SUV တစ်စီးဖြစ်တဲ့ Ascent ကို လူကြိုက်များစေတဲ့အချက်တွေဖြစ်ပါတယ်။ တပ်ဆင်ထားတဲ့ turbocharged 4-cylinder အင်ဂျင်ဟာ နေ့စဉ်အသုံးပြုဖို့အတွက် လုံလောက်တာထက်ပိုတဲ့ စွမ်းအင်ကိုထုတ်ပေးနိုင်စွမ်းရှိတာကလည်း မောင်းနှင်သူအတွက် ယုံကြည်မှုကို ပေးစွမ်းနိုင်ပါသေးတယ်။

၆။ Compact SUV: Subaru Forester

ခန့်မှန်းဈေးနှုန်း : $29,341

ပွယောင်းယောာင်းသဏ္ဍာန်မဲ့ ကျစ်လစ်ပြီး စွယ်စုံရတဲ့ Forester ဟာ လုံလောက်အောင်ကျယ်ဝန်းတဲ့အတွင်းခန်းကိုပိုင်ဆိုင်ထားပြီး လက်တွေ့အသုံးကျမှုနဲ့ အင်္ဂါရပ်စုံလင်မှုကို ဦးစားပေးထားတဲ့ ကားတစ်စီးပါ။

၂၀၁၉ ထုတ် ဒီဇိုင်းအသစ်ဟာ အဟောင်းနဲ့တော်တော်ကြီးကွဲပြားသွားတာကလည်း ဝယ်ယူမယ့်သူတွေကို ဆွဲဆောင်နိုင်ပါတယ်။ အခု model အသစ်ရဲ့အတွင်းခန်းဟာ ပိုပြီးအရည်အသွေးမြင့်မားသလိုခံစားရပြီး ပိုပြီးလည်းတိတ်ဆိတ်မှုကိုပိုင်ဆိုင်ထားပါတယ်။ ပါဝါကတော့ တော်ရုံသင့်ရုံသာရှိပေမဲ့ ဆီစားနှုန်းအထူးနည်းပါးတာကတော့ ရှေ့ကအချက်ကို ကောင်းကောင်းကြီးထေမိစေမှာပါ။

၇။ Large car: Toyota Avalon Hybrid

ခန့်မှန်းဈေးနှုန်း : $38,643

ဒီဇိုင်းအသစ်နဲ့ Avalon ဟာ smart ကျတယ်။ Acura TLX နဲ့ Lexus ES တို့နီးနီးစီးရတာ အဖိုးတန်တယ်။ ကျယ်ကျယ်ဝန်းဝန်းရှိလှပြီး အတွင်းခန်းအသုံးအဆောင်တွေရဲ့အရည်အသွေးကလည်းကောင်းမွန်ပါတယ်။ ထိလို့တွေ့လို့ရတဲ့နေရတွေအားလုံးနီးပါးဟာ နူးညံ့တဲ့အတွက် မောင်းနှင်သူရော စီးနင်းသူအတွက်ပါ တော်တော်လေးကို သက်သောင့်သက်သာဖြစ်စေမှာပါ။

၈။ Midsize car: Toyota Camry Hybrid

ခန့်မှန်းဈေးနှုန်း : $28,949

Camry Hybrid ကားကတော့ Consumer Reports ရဲ့စမ်းသပ်ချက်အရ လောင်စာဆီစားသုံးမှုနှုန်း 47mpg အထိရတဲ့အတွက် တော်တော်လေးကို အကျိုးများတဲ့ကားတစ်စီးပါ။ သူ့မှာပါဝင်တဲ့ hybrid-electric powertrain ဟာမောင်းနှင်မှုအပိုင်းကို လုံးဝထိခိုက်မှုမရှိတာကလည်း ဝယ်ယူအသုံးပြုသူတွေရဲ့ စိတ်ကျေနပ်မှုကို ရရှိစေပါတယ်။ သက်သောင့်သက်သာစီးနင်းမောင်းနှင်နိုင်ပြီး ထိန်းချုပ်မှုအပိုင်းမှာလည်း တော်တော်လေးတိကျမှုရှိပါတယ်။

၉။ Hybrid/electric car: Toyota Prius

ခန့်မှန်းဈေးနှုန်း : $27,323

Consumer Reports ရဲ့ထိပ်တန်းကားစာရင်းမှာ Prius နေရာယူလာခဲ့တာဟာ အခုအကြိမ်နဲ့ဆိုရင် ၁၆ ကြိမ်တောင်မှရှိနေပါပြီ။ ဒီရှေ့ဆောင် hybrid ကားဟာ စံတင်ရလောက်အောင်အကျိုးများတဲ့ကားတစ်စီးဖြစ်ပါတယ်။ Consumer Reports လက်တွေ့စမ်းသပ်ချက်အရ 2019 Prus ဟာ ပျမ်းမျှလောင်စာဆီစားသုံးမှုအနေနဲ့ 52mpg အထိရရှိနိုင်ပြီး အဝေးပြေးလမ်းမတွေပေါ်မှာဆိုရင်တော့ 59mpg အထိတောင်မှရရှိနိုင်ပါတယ်။

၁၀။ Subcompact car: Toyota Yaris iA


ခန့်မှန်းဈေးနှုန်း : $17,570

Yaris ကတော့ ဈေးနှုန်းသက်သက်သာသာနဲ့ကိုမှ အထင်ကြီးလောက်စရာ အရည်အသွေး၊ ပျော်ရွှင်စရာမောင်းနှင်နိုင်စွမ်းတွေကိုပိုင်ဆိုင်ထားတဲ့ကားတစ်စီးပါ။ 2019 model မှာဆိုရင် တိုးတက်မှုအများအပြားပါဝင်လာပြီး XLE trim နဲ့ဆိုရင်တော့ automatic climate control လိုမျိုး အဆင့်မြင့်နည်းပညာတွေအပြင် အထိအတွေ့ပိုင်းမှာလည်း နူးညံ့မှုအများအပြားပါဝင်လာတာတွေ့ရပါတယ်။

Ref: The 10 Best Cars of 2019 by Benjamin Zhang

Author