သင့်ကားဘက်ထရီအိုးကို သက်တမ်းတိုစေတဲ့ အကြောင်းအရင်းများ

0

Full article

ဘက်ထရီအိုးဆိုတာ ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ ကားတိုင်းရဲ့ မရှိမဖြစ်အရေးကြီးတဲ့ ပစ္စည်းတစ်ခုပါ။ ကားဘက်ထရီအိုးနဲ့ အားသွင်းစနစ်မကောင်းရင် လမ်းခရီးမှာသွားရင်းလာရင်း ဘက်ထရီအားကုန် ချက်မီးလင်း ကားစက်ထိုးရပ်တာတွေ၊ ကားရပ်ထားပြီး ပြန်နှိုးမရတာတွေ ကြုံဖူးကြမှာပါ။ ဒါပေမဲ့ ကားဘက်ထရီအိုးတစ်လုံးကို ဘယ်လိုသက်တမ်းကြာရှည်အောင် သုံးစွဲရမယ်၊ မထင်မှတ်ထားတဲ့ ဘယ်လိုအပြုအမူတွေက ကားဘက်ထရီသက်တမ်းတိုစေတယ်ဆိုတာမျိုးတွေကို သိတဲ့သူနည်းပါလိမ့်မယ်။ ဒီနေ့တော့ ကားဘက်ထရီနဲ့ ပတ်သက်တဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို့ကို ဝေမျှချင်ပါတယ်။

ကျနော်တို့လက်ရှိ အိမ်စီးကား၊ တက္ကစီအစရှိတဲ့ ကားလေးလောကမှာ ကားတိုင်းလိုလို မတူကွဲပြားတဲ့ ကားဘက်ထရီ Brand တွေ အမျိုးအစားတွေကို အသုံးပြုနေကြပါတယ်။ ဘက်ထရီအိုးနာမည်တွေနဲ့ ဘက်ထရီအိုး အကြီးအသေး ဆိုက်အမျိုးမျိုးကွဲပြားပေမဲ့ အဓိက အခြေခံတွေကတော့ တူညီပါတယ်။

အဓိက တူညီတာတွေကတော့ 12V DC အမျိုးအစားကို အသုံးပြုတာရယ်၊ အိုးစို (Distilled Water-မိုးရေနဲ့ အက်ဆစ် ပြန်လည်ဖြည့်တင်းပေးရတဲ့ အမျိုးအစား) ၊ အိုးခြောက် (Maintenance-Free) အမျိုးအစားသုံးတာရယ်ကတော့ ဘယ်ကားမဆိုတူညီပါတယ်။

12V ကားဘက်ထရီအိုးကို အခြေခံအားဖြင့် အပေါင်းငုတ် (Positive Terminal) ၊ အနှုတ်ငုတ် (Negative Terminal) ရှိပြီး အခန်း 6 ခန်းနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အခန်း 1 ခန်းကို 2.1 V ရှိပါတယ်။ အဲဒီအခန်း 6 ခန်းကို အပေါင်း (+) နဲ့ အနှုတ် (-) Series ချိတ်ဆက်ထားခြင်းဖြင့် 12V ရအောင်ဖန်တီးထားတာပါ။ အတိအကျဆိုရင်တော့ 12.6V ရှိရပါမယ်။

ကားမှာပါတဲ့ ဘက်ထရီအိုးကို မှီခိုနေတဲ့ကားရဲ့ အခြားအရေးပါတဲ့ စနစ်တွေကတော့

  • Starting System ဆိုတဲ့ Starter Motor ကိုလည်စေတဲ့ ကားစက်နှိုးစနစ်
  • Lighting System ဆိုတဲ့ ကားရှေ့နောက် အချက်ပြမီး၊ အတွင်းခန်းမီး စတဲ့စနစ်
  • Horn ဆိုတဲ့ ကားအချက်ပေး ဟွန်းစနစ်
  • Air-Conditioning System ဆိုတဲ့ ကား အအေးပေးစနစ်
  • Cooling System မှာပါတဲ့ Fan Motor တွေကို လည်စေတဲ့စနစ်
  • Audio System ဖြစ်တဲ့ TV ၊ Radio နဲ့ Speakers တွေ အသုံးပြုတဲ့စနစ်
  • Security System တချို့ဖြစ်တဲ့ Power Window ၊ Door Lock
  • ECU (Engine Control Unit)  စတဲ့ ကားအတွက်အရေးကြီးတဲ့ စနစ်ပေါင်းများစွာ ကားဘက်ထရီအိုးတစ်လုံးပေါ်မှာ မှီခိုအသုံးပြုနေတာပါ။

ဘက်ထရီအိုးပေါ်မှာ ရေးထားတဲ့ ကိန်းဂဏန်းတွေက ဘာတွေလဲ?

ဟိုးအရင်ကားတွေမှာအသုံးပြုတဲ့ ဘက်ထရီတွေကိုတော့ 60 အိုး၊ 70 အိုး၊ 100 အိုး အစရှိသဖြင့် ဘက်ထရီအိုးရဲ့ ဆိုက်အမျိုးအစားတွေကို ကားလောကထဲမှာ အရပ်ခေါ် ခေါ်ဝေါ်အသုံးပြုတတ်ကြပါတယ်။ တကယ့်ဆိုလိုရင်းကတော့ 60 Ah ၊ 70 Ah ၊ 100 Ah ကို ဆိုလိုတာပါ။ Ah ဆိုတာ (Ampere Hour) ဆိုလိုတာဖြစ်ပြီး တစ်နာရီအတွင်း ဘက်ထရီအားကုန်တဲ့အထိ သုံးစွဲနိုင်တဲ့ (Current) Ampere စီးဆင်းနိုင်မှုနှုန်းကို ဆိုလိုတာပါ။ တစ်နည်းအားဖြင့် ဘက်ထရီအိုးရဲ့ သိုလှောင်နိုင်စွမ်းအားကို ဝန်သုံးဆွဲနိုင်မှု ခံနိုင်ရည်အားကို ရည်ညွှန်းထားတာပါ။

ဥပမာအားဖြင့် 60 Ah အိုးတစ်လုံးဟာ 60 Ampere Current ဆွဲတဲ့ ပစ္စည်းတစ်ခုခု (Load) တစ်ခုသုံးစွဲမယ်ဆိုရင် ဒီဘက်ထရီအိုးကို လုံးဝအားကုန်တဲ့အထိ 1 နာရီကြာအောင် သုံးစွဲနိုင်မယ်ဆိုလိုတဲ့ သဘောပါ။ ဒီလိုဆိုရင် 70 Ah ၊ 100 Ah အစရှိသဖြင့် ဘက်ထရီအိုးရဲ့ သိုလှောင်မှု စွမ်းအားမြင့်လေလေ ဝန်ထမ်းနိုင်မှု ပိုမြင့်လာလေလေပါပဲ။

အခုနောက်ပိုင်း ဘက်ထရီအိုးတွေကိုတော့

  • 46B24L
  • 70D23L
  • 80D23R
  • 90D31L
  • 115D31R အစရှိတဲ့ ကုဒ်နံပါတ်တွေနဲ့ ဖော်ပြလာကြပါပြီ။ အဲဒါတွေကရော ဘာကိုဆိုလိုသလဲဆိုရင်တော့

ဥပမာ 46 B 24 L ကိုပဲ ကြည့်လိုက်ရင် ရှေ့ဆုံးမှာရှိတဲ့ 46 ဆိုတာက အဲဒီဘက်ထရီအိုးရဲ့ ဘက်ထရီအားသိုလှောင်နိုင်စွမ်း Capacity ကိုဆိုလိုတာပါ။ B ဆိုတာကတော့ ဘက်ထရီအိုးရဲ့ အနံနဲ့ အမြင့်အတွက် သတ်မှတ်ကုဒ်တစ်ခုပါ။ 24 ဆိုတာကတော့ အဲဒီဘက်ထရီအိုးရဲ့ အလျားဖြစ်ပြီး Cm (စင်တီမီတာ) နဲ့ဖော်ပြထားတာပါ။ L ကတော့ ဘက်ထရီအိုးမှာရှိတဲ့ Negative Terminal (-) အနှုတ်ငုတ်ကို ဘယ်ဖက်ခြမ်း (Left) မှာရှိတယ်လို့ဖော်ပြထားတာပါ။

ခုနောက်ပိုင်း ဘက်ထရီအိုးတွေမှာ ဒီလိုကုဒ်နံပါတ်တွေနဲ့ ဘက်ထရီအိုးရဲ့ ဆိုက်အရွယ်အစား ဘက်ထရီအားသိုလှောင်နိုင်မှု ပမာဏ အပေါင်းအနှုတ်ခေါင်းတွေရဲ့ တည်နေရာတွေက အတိအကျလာတာမို့ တူညီတဲ့ ကုဒ်နံပါတ်အမျိုးအစားရှိတဲ့ ဘက်ထရီအိုးမှသာ ကားမှာတပ်ဆင်အသုံးပြုလို့ အဆင်ပြေမှာဖြစ်ပါတယ်။

ကားဘက်ထရီမကောင်းတော့ဘူးဆိုရင် သိသာစေတဲ့ အချက်တွေကတော့

  • ကားစက် စနှိုးလိုက်ချိန်မှာ ဘက်ထရီဝပ်ပြီးမှစက်နှိုးသွားမျိုး၊ Starter Motor က အီပြီးမှ နှိုးသွားတာမျိုးတွေဟာ ကားဘက်ထရီကျလာပြီ၊ ဘက်ထရီမကောင်းတော့ဘူးဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တစ်ချက်ပါ။
  • ကားကို မမောင်းဘဲ ရက်အတော်ကြာရပ်ထားပြီး ကားပြန်စက်နှိုးလို့မရတာမျိုးကလည်းကားဘက်ထရီသိပ်မကောင်းတော့ဘူးဆိုတာ ပြတဲ့အချက်ပါ။
  • ကားမောင်းနေရင် အားလုံးအိုကေ၊ ကားရပ်ပြီး ချက်ခြင်းပြန်နှိုးမရတော့ဘူး၊ ဘက်ထရီထောက်နှိုးမှရတယ်ဆိုတာမျိုးကလည်း ကားဘက်ထရီမကောင်းတော့တဲ့ လက္ခဏာပါ။
  • ဘက်ထရီအိုးက ကားစက်နှိုးထားချိန် လိုအပ်တာထက် အပူချိန်မြင့်တာ၊ ပူနေတာကလည်း ဘက်ထရီအိုးမကောင်းတဲ့ လက္ခဏာပါ။
  • ဘက်ထရီအိုး ဗိုက်ပူလာတာ၊ ဖောင်းလာတာမျိုးကလည်း ဘက်ထရီအိုးမကောင်းတော့ဘူးဆိုတာကို ဖော်ပြနေတာပါ။

နောက်တစ်မျိုး ကားဘက်ထရီကောင်းမကောင်း စစ်ဆေးနိုင်တာမျိုးကတော့

ပုံမှန် ဘက်ထရီအိုးကောင်းတစ်လုံးရဲ Voltage က 12.60V လောက် ပျမ်းမျှရှိပြီး၊ ကားစက် စ စနှိုးလိုက်တဲ့ အချိန် Starter Motor ကိုစဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို့အား Voltage Drop က 11.V ကနေ 10.V ထိပဲ ဆင်းသွားပါတယ်။ ဒါက အားပြည့်နေတဲ့ ဘက်ထရီးကောင်းတစ်လုံးအတွက်ပါ။ ဒါကို Digital Multimeter နဲ့တိုင်းတာကြည့်လို့ရပါတယ် ။ 11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီဘက်ထရီကို စိတ်ချလက်ချ အသုံးပြုနိုင် ခရီးသွားနိုင်ပါတယ်။ သင့်ကား လမ်းမှာဘက်ထရီဝပ်စရာမရှိနိုင်ပါ။

အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5V လောက်ထိ ဗို့အားထိုးကျသွားတတ်ပါတယ်။ ဒီလောက်ဆို စိတ်ချလက်ချအသုံးပြုနိုင်သေးတဲ့ အဆင့်မဟုတ်တောင့် အသင့်အတင့်သုံးရပါတယ်။ ပုံမှန်အားဖြင့် ဒီလောက်ဆို ဘက်ထရီအိုး အားထိုးကျသွားတာဖြစ်ခဲပါတယ်။

ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘက်ထရီဗို့အားက 8V အောက် ဆင်းသွားတယ်ဆိုရင်တော့ ခရီးသွားဖို့ ဘယ်လိုမှစိတ်မချရတော့ပါဘူး။ ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ကားစက်သတ် ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘက်ထရီအားကျပြီး စက်ပြန်နှိုးလို့မရတဲ့ ပြဿနာနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ့ Voltage က 13.50V ကနေ 14.50V လောက်ထိ ပျမ်းမျှရှိပါတယ်။ ကားစက်နှိုးထားပြီး ဘက်ထရီမှာ တိုင်းတာလိုက်လို့ 13V အောက်ကျနေတာ ဒါမှမဟုတ် 14.50V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ့ အားသွင်းစနစ်တစ်ခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို့လို့နေပါပြီခမျာ ။

ကားဘက်ထရီအိုးသက်တမ်းတိုစေတဲ့ အပြုအမူတွေကတော့

၁။ ဘက်ထရီ အပေါင်းအနှုတ်ခေါင်း (Terminal) တွေကို သေချာမကြပ်ထားတာ

ဒီလို ဘက်ထရီခေါင်းတွေကို သေချာမကျပ်တည်းထားဘဲ ကားမောင်းနေတဲ့ သူတွေကို မကြာခဏတွေ့ရပါတယ်။ ကားဘက်ထရီခေါင်းတွေကို သေချာမကြပ်တဲ့အတွက် ကားမှာရှိတဲ့ Electronic နဲ့ Electrical ပစ္စည်းတွေကနေ ဝန်အားဆွဲတဲ့အခါမှာ ကားဘက်ထရီအားဆွဲတစ်ချက် လွတ်တစ်ချက်မို့ ဘက်ထရီအိုးကို နာစေပါတယ်။ ဘက်ထရီအိုးကို ဒိုင်နမို (alternator) ကနေ အားသွင်းတဲ့အခါမှာလည်း မိလိုက် လွတ်လိုက်ဖြစ်စေပါတယ်။ ဒီလိုနဲ့ ရက်ပေါင်းများစွာအသုံးပြုလာတဲ့အခါမှာ ဘက်ထရီအိုးရဲ့ Voltage တွေ Current တွေ မတည်ငြိမ်စေတော့ဘဲ ဘက်ထရီအိုးကိုသက်တမ်းတိုစေပါတယ်။

၂။ ဘက်ထရီအိုး အထိုင်သေချာမငြိမ်တာ

ကားဘက်ထရီအိုးအထိုင်ကို တည်ငြိမ်အောင်မထားတာ၊ ဘက်ထရီအိုးကို ရှေ့နောက် ဘယ်ညာ ယိမ်းထိုးစေတမျိုးကလည်း ဘက်ထရီအိုးရဲ့ အတွင်းပိုင်းပစ္စည်းတွေ အက်စစ်တွေကို မတည်ငြိမ်ဘဲ လှုပ်ရှားစေတာမို့ ကားဘက်ထရီသက်တမ်းကို တိုစေပါတယ်။ ဒါကြောင့် ခုနောက်ပိုင်းကားတွေမှာဆိုရင် ကားဘက်ထရီအိုးတည်ငြိမ်ဖို့ ဘက်ထရီအိုးအထိုင်တွေကို ချုပ်တန်းလေးတွေနဲ့တည်ငြိမ်အောင် ဖမ်းထားတာဖြစ်ပါတယ်။

၃။ ဘက်ထရီအိုး အားကုန်အောင် ခဏခဏသုံးမိတာ

တချို့ကားမောင်းတဲ့သူတွေရှိပါတယ်။ ကားရပ်ထားတဲ့အချိန် အတွင်းခန်းမီးတွေ ဖွင့်ထားခဲ့မိတာ၊ Silent မီးတွေ ဖွင့်ထားခဲ့မိတာ၊ ကားသော့ကို ACC (ACCESSORY position) မှာထားမိတာ၊ တချို့ကားတွေမှာဆိုရင် Brake Switch တွေကပ်ပြီး ဘရိတ်မီးတွေလင်းနေတာမျိုးတွေကြောင့် ကားဘက်ထရီကုန်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို ဘက်ထရီ ခဏခဏကုန်အောင်သုံးမိတတ်တာတွေကြောင့်လည်း ကားဘက်ထရီအိုးရဲ့သက်တမ်းကို တိုစေပါတယ်။

၄။ Starter Motor အကြီးတွေသုံးတာ

တချို့ ကားဆရာတွေက ကားစက်နှိုးလို့လွယ်အောင်ဆိုပြီး မူရင်းပါလာတဲ့ Starter Motor တွေအစား မော်တာအကြီးစားတွေ ပြောင်းလဲသုံးစွဲတတ်ပါတယ်။ ကားစက်နှိုးရတာ ပိုမြန်တယ်၊ ပိုကောင်းတယ်ဆိုပြီး Start Motor တွေပြောင်းသုံးတာကြောင့်လည်း ဘက်ထရီသက်တမ်းကို လိုတာထက်ပိုတိုစေပါတယ်။ ဘာကြောင့်လဲဆိုရင် မူရင်းမော်တာတွေက Current ဆွဲတာ နည်းပြီး မလိုဘဲအပိုတပ်ဆင်လိုက်တဲ့ မော်တာအကြီးတွေက Current တွေကို ဆောင့်ဆောင့်ဆွဲတာကြောင့် ကားဘက်ထရီမြန်မြန်ပျက်ပြီး သက်တမ်းတိုစေတာပါ။

၅။ ကားစက်မနှိုးခင် မီးကြီးတွေဖွင့်တာ

တချို့ကားမောင်းတဲ့သူတွေမှာ အဲဒီလိုအမူအကျင့်တွေရှိပါတယ်။ ကားပေါ်တက် စက်မနှိုးရသေးခင် ရှေ့မီးကြီးတွေဖွင့်တဲ့ အကျင့်တွေရှိပါတယ်။ အဲဒါမျိုးက တစ်ခါတစ်ရံဆို ပြဿနာမရှိပေမဲ့ အမြဲလိုလိုလုပ်တတ်တယ်ဆိုရင်တော့ ကားဘက်ထရီကိုဒုက္ခပေးပြီး သက်တမ်းတိုစေပါတယ်။

၆။ ကားစက်မနှိုးထားဘဲ AC တွေ Fan တွေဖွင့်သုံးတာ

ဒါကတော့ တော်တော်များများဖြစ်တတ်ကြပါတယ်။ ကားစက်မနှိုးခင် အတွင်းခန်း Blower Fan တွေကိုဖွင့်ထားမိတာ၊ အတွင်းပိုင်း Audio ပိုင်းတွေ၊ အတွင်းခန်းမီးတွေကို ဖွင့်ထားမိတာတွေကြောင့်လည်း ကားဘက်ထရီသက်တမ်းကို တိုစေတတ်ပါတယ်။

၇။ Alternator မကောင်းတာ

ဘက်ထရီအားသွင်းစနစ်ဖြစ်တဲ့ Alternator တွေရဲ့ ဘက်ထရီအားသွင်းစနစ် (Undercharging) အားသွင်းဗိုစ့်အားနည်းတာ၊ (Overcharging) အားသွင်းဗိုစ့်အားများတာတွေကြောင့်လည်း ကားဘက်ထရီသက်တမ်းကို မြန်မြန်ကုန်ဆုံးစေပါတယ်။

၈။ Short (Short Circuit) ကျပြီး Load ဆွဲတာ

ကားဝါယာရိန်းစနစ် ဒါမှမဟုတ် Electrical နဲ့သက်ဆိုင်တဲ့ ပစ္စည်းတစ်ခုခုပျက်စီးယိုယွင်းပြီး ကားစက်သတ် ရပ်ထားချိန် Amp (Current) ဆွဲနေတာကြောင့် နာရီပိုင်းလောက်ကားရပ်ထားပြီး ကားဘက်ထရီအားကုန်တာမျိုးတွေကလည်း ကားဘက်ထရီကို သက်တမ်းတိုစေတတ်ပါတယ်။ ဒါမျိုးဖြစ်တယ်ဆိုရင်တော့ ဘက်ထရီအိုးအသစ်လဲရုံနဲ့မရဘဲ Load ဆွဲနေတဲ့ ပြစ်ချက်ကိုရှာမှ ဘက်ထရီပျက်စီးတာ ရပ်တန့်မှာဖြစ်ပါတယ်။

ဒီအချက်တွေက အမှတ်မထင်ပြုမူမိတတ်တဲ့ ကားဘက်ထရီသက်တမ်းတိုစေတဲ့ အခြေခံအကြောင်းရင်းတွေပါ။ ဒီအချက်တွေကို သတိထားမယ်ဆိုရင် ပုံမှန်သတ်မှတ်ထားတဲ့ ကားဘက်ထရီသက်တမ်း ၁ နှစ်အထိ အပျက်အစီးအယိုအယွင်းမရှိဘဲ ကြာရှည်ထိန်းထားနိုင်ပြီး သက်တမ်းပြည့်သည်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်ခမျာ ။

စာဖတ်သူမိတ်ဆွေ ညီအစ်ကိုမောင်နှမအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ။

Author