အမေရိကမှာ အခိုးခံရဆုံးကားအမျိုးအစားများ

0

Full article

နည်းပညာတိုးတက်လာတာနဲ့အမျှ မော်တော်ကားတွေရဲ့လုံခြုံ‌ရေးစနစ်တွေကလည်း မြင့်မားလာခဲ့ပါပြီ။ ဒါပေမဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အခိုးခံရတဲ့ကားအရေအတွက်က များပြားနေဆဲပါ။ အမေရိကန်စုံစမ်းထောက်လှမ်းရေးအဖွဲ့ FBI ရဲ့အဆိုအရ ၂၀၁၈ ခုနှစ်အတွင်း စစ်တမ်းပြုလုပ်ခဲ့ရာမှာ ၄၂ ဒသမ ၁ စက္ကန့်တိုင်းမှာ ကားတစ်စီးနှုန်းအခိုးခံနေရတယ်လို့ သိရပါတယ်။ Immobilizers လို့ခေါ်တဲ့ အီလက်ထရောနစ်ကားလုံခြုံရေးနည်းပညာတွေတိုးတက်မလာခင်က ထုတ်လုပ်ခဲ့တဲ့မော်ဒယ်တွေဖြစ်တဲ့ ၂၀၀၀ ခုနှစ်ထုတ် Honda Civic နဲ့ ၁၉၉၇ မော်ဒယ် Honda Accord တို့ဟာ အမေရိကမှာ ပျောက်ဆုံးမှုနှုန်းအများဆုံးမော်ဒယ်တွေဖြစ်နေဆဲပါ။ ဒါပေမဲ့ ကားဟောင်းတွေချည်းပဲ အခိုးခံနေရတာမျိုးတော့မဟုတ်ပါဘူး။ အမေရိကန်အစိုးရလက်အောက်မှာရှိတဲ့ National Insurance Crime Bureau (NICB) က ၂၀၁၈ ခုနှစ်အတွင်း အခိုးခံရဆုံးကားတွေကို စာရင်းပြုစုဖော်ပြခဲ့ရာမှာ GMC တို့၊ Ford Pickup တို့၊ Toyota Camry တို့လို မော်ဒယ်မြင့်ကားတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။ ဘယ်လိုကားအမျိုးအစားတွေကို ကားသူခိုးတွေမျက်စိကျလေ့ရှိသလဲ၊ ဘယ်လိုကားတွေ အများဆုံးအခိုးခံရတတ်သလဲဆိုတာ လေ့လာကြည့်လိုက်ကြရအောင်။

၁။ Dodge Charger HEMI

Chrysler ကုမ္ပဏီရဲ့နာမည်ကျော် HEMI အင်ဂျင်တပ်ဆင်ထားတဲ့ မော်ဒယ်မြင့် Dodge Charger HEMI ကားတွေဟာ အမေရိကမှာ အခိုးခံရဆုံးကားတွေဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ကားတွေထဲမှာ Dodge Charger HEMI ရဲ့ အခိုးခံရနှုန်းက တခြားကားမော်ဒယ်တွေထက် ၅ ဆအထိ ပိုများနေတာကိုတွေ့ရပါတယ်။ အမေရိကန်ကားသူခိုးတွေဟာ အင်ဂျင်ပါဝါကောင်းကောင်းနဲ့ တံခါး ၄ ပေါက်ဆီဒင်ကားတွေကို ပစ်မှတ်ထားလေ့ရှိတယ်လို့လည်း NICB က သုံးသပ်ထားပါတယ်။

၂။ Dodge Challenger SRT Hellcat

အထက်ကဆိုခဲ့တဲ့အတိုင်း ကားသူခိုးအများစုဟာ ဒီဇိုင်းလန်းပြီး အင်ဂျင်ပါဝါကောင်းတဲ့ကားမျိုးကိုသာ ပစ်မှတ်ထားရွေးချယ်တတ်ကြပါတယ်။ ဒီနှစ်ချက်လုံးနဲ့ အပြည့်အဝကိုက်ညီတာက Dodge အမှတ်တံဆိပ်နဲ့ထုတ်လုပ်တဲ့ ခေတ်သစ် Muscle car တွေပါ။ ဒါကြောင့် မြင်းကောင်ရေ 707 hp ထုတ်လုပ်ပေးနိုင်တဲ့ Dodge Challenger SRT Hellcat လည်း ပါဝင်နေပါတယ်။ အရေအတွက်အားဖြင့်လည်း Challenger SRT Hellcat ကားတွေကို ၂၀၁၆ ခုနှစ်မှာ ၁၆,၀၂၀ စီးထုတ်ခဲ့ပြီး ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာတော့ အစီးရေ ၄,၀၀၀ ကျော်နဲ့ ၆,၀၀၀ ကျော်သာ ထုတ်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပိုပြီးသီးသန့်ဆန်လာသလို ပိုပြီးလူကြိုက်များလာတဲ့ Challenger SRT Hellcat မော်ဒယ်တွေကို ကားသူခိုးတွေ မျက်စိကျလာခဲ့တာပါ။

၃။ Infiniti Q50

Nissan ကုမ္ပဏီရဲ့ Luxury Car အမျိုးအစားဖြစ်တဲ့ Infiniti တွေရဲ့ရောင်းအားက ၂၀၁၈ ခုနှစ်အတွင်းမှာ သိသိသာသာထိုးကျခဲ့ပါတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက ကားသူခိုးတွေ ပိုပြီးမျက်စိကျလာတာပါပဲ။ ၂၀၁၆ ခုနှစ်က အစီးရေ ၄၄,၀၀၀ ကျော်ရောင်းခဲ့ရတဲ့ Infiniti ကားမော်ဒယ်တွေဟာ ၂၀၁၈ ခုနှစ်မှာတော့ ၃၄,၇၆၃ စီးသာရောင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ Infiniti Q50 မော်ဒယ်တွေကို ကားသူခိုးတွေမျက်စိကျရတဲ့ အကြောင်းရင်းတစ်ချက်လည်း ရှိပါတယ်။ အဲဒါကတော့ Control Module ရဲ့အားနည်းချက်ပါပဲ။ စွန့်ပစ်ထားတဲ့ Nissan ကားဟောင်းတစ်စီးက အစိတ်အပိုင်းနဲ့အစားထိုးပြီး အလွယ်တကူခိုးယူနိုင်တာကြောင့် Infiniti Q50 အမျိုးအစားတွေ မကြာခဏပျောက်ဆုံးနေရတာပဲဖြစ်ပါတယ်။

၄။ Infiniti QX80

အလားတူပဲ Luxury SUV အမျိုးအစားဖြစ်တဲ့ Infiniti QX80 ရဲ့ လုံခြုံရေးစနစ်ကလည်း အားနည်းချက်တချို့ရှိနေတာကြောင့် အမေရိကမှာ အခိုးခံရမှုနှုန်းအများဆုံး ကားအမျိုးအစားဖြစ်နေပါတယ်။ 5.6 Litre V8 အင်ဂျင်အသုံးပြုထားတဲ့ Infiniti QX80 ဟာ ကိုယ်ထည်ဒီဇိုင်းအားဖြင့်ရော၊ အင်ဂျင်ပါဝါပိုင်းအနေနဲ့ပါ အမေရိကန်ထုတ် Cadillac Escalade ကို ရင်‌‌ဘောင်တန်းနိုင်တာကလည်း ကားသူခိုးတွေမျက်စိကျရတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်နေပါတယ်။

၅။ GMC Sierra 1500

မော်ဒယ်မြင့် Truck ကားတွေဟာ အမေရိကန်ဈေးကွက်မှာ ရောင်းအားအကောင်းဆုံးကားအမျိုးအစားတွေဖြစ်ပါတယ်။ လူကြိုက်များတာနဲ့အမျှ အခိုးခံရတဲ့နှုန်းကလည်း များပြားနေပါတယ်။ အထူးသဖြင့် GMC Sierra 1500 မော်ဒယ်ဟာ အမေရိကမှာ အခိုးခံရဆုံး Truck ကားအမျိုးအစားဖြစ်နေတာတွေ့ရပါတယ်။ ဒီကားတွေဟာ အစိတ်အပိုင်းတစ်ခုချင်းကအစ ဝယ်လိုအားရှိတာကြောင့် ကားသူခိုးတွေ တစ်စချင်းဖြုတ်ရောင်းဖို့လည်း အဆင်ပြေနေပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက GMC အမှတ်တံဆိပ်ပီပီ လုံခြုံရေးနည်းပညာမြင့်မားသလောက် အခိုးခံရနှုန်းများနေတာပါပဲ။ စစ်တမ်းတွေအရတော့ ယာဉ်မောင်းသူတွေဟာ ကားသော့ကို ကားထဲမှာပဲ အလွယ်တကူပစ်ထားခဲ့လေ့ရှိပြီး ကားသူခိုးတွေအတွက် အခွင့်အရေးဖြစ်သွားလေ့ရှိကြောင်း သိရပါတယ်။

၆။ Dodge Challenger

ကားသူခိုးတွေဟာ Hemi အင်ဂျင်တပ်ထားတဲ့ Challenger ကိုမှ နှစ်သက်တာမဟုတ်ပါဘူး။ ယနေ့ခေတ်ကားဈေးကွက်မှာ လူကြိုက်များပြီးရောင်းစွံတဲ့ သာမန် Dodge Challenger တွေဟာလည်း မကြာခဏအခိုးခံနေရပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ တတိယ ၃ လတစ်ဖြတ်အတွင်းမှာ Dodge Challenger ရဲ့ရောင်းအားဟာ Camaro နဲ့ Mustang တွေကို ကျော်လွန်ခဲ့ပြီး ရောင်းအားအကောင်းဆုံးခေတ်သစ် Muscle Car အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

၇။ Nissan Maxima

ဒီဇိုင်းလှပြီး စွမ်းဆောင်ရည်မြင့်တဲ့ဆီဒင်ကားမျိုးကို ကားသူခိုးတွေ ပစ်မှတ်ထားလေ့ရှိတာကြောင့် Nissan Maxima အမျိုးအစားဟာလည်း မကြာခဏဆိုသလို အခိုးခံရကြောင်း သိရပါတယ်။ အထက်ကဖော်ပြခဲ့သလို Nissan ရဲ့အမှတ်တံဆိပ်ခွဲ Infinity ကားမော်ဒယ်နှစ်မျိုးနဲ့အတူ အခိုးခံရနှုန်းများတဲ့ကားတွေထဲမှာ Nissan Maxima ဆိုတဲ့ ခန့်ညားတဲ့ဆီဒင်တစ်စီးကိုလည်း ထည့်သွင်းဖော်ပြရပါလိမ့်မယ်။ NICB အဖွဲ့ကတော့ Nissan ကုမ္ပဏီအနေနဲ့ အလွယ်တကူချိုးဖောက်ခံရနိုင်တဲ့ ၎င်းတို့ရဲ့လုံခြုံ‌ရေးနည်းပညာကို အာရုံစိုက်ပြင်ဆင်သင့်ကြောင်း အကြံပြုထားပါတယ်။

၈။ Chevrolet Silverado 1500 Crew Cab

ဒါကတော့ နောက်ထပ် Pickup Truck တစ်စီးပါ။ Chevrolet Silverado 1500 Crew Cab ကို ‌နောက်ယက်ဖြစ်စေ၊ လေးဘီးယက်အမျိုးအစားဖြစ်စေ ရရှိနိုင်ပြီး ကားသူခိုးတွေက နောက်ယက်အမျိုးအစားကို ပိုပစ်မှတ်ထားလေ့ရှိတာတွေ့ရပါတယ်။ နောက်ယက်အမျိုးအစား Chevrolet Silverado တစ်စီးဟာ လူကြိုက်များတဲ့ Pickup Truck တစ်စီးဖြစ်တာနဲ့အညီ အခိုးခံရနှုန်းလည်း ပိုမိုမြင့်မားနေတာပါ။

၉။ Chrysler 300

အရွယ်အစားအားဖြင့် ကြီးမားခံ့ညားပြီး အင်ဂျင်ပါဝါမြင့်တဲ့ Chrysler 300 အမျိုးအစားဆီဒင်ကားကို လေးဘီးယက်အမျိုးအစားရော၊ နောက်ယက်အမျိုးအစားအနေနဲ့ပါ ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ အခိုးခံရနှုန်းမြင့်မားတာက နောက်ယက်အမျိုးအစားပါ။ ဒီကားမှာ V6 ရဲ့ V8 အင်ဂျင်တွေကို Drivetrain အရ လိုက်ဖက်ညီအောင် အသုံးပြုထားပြီး ကားသူခိုးတွေက V6 အင်ဂျင်သုံးတဲ့ကားတွေကို ပိုမိုပစ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

၁၀။ Mercedes-Benz S-Class Sedan

S-Class မော်ဒယ်တွေဟာ Mercedes အမှတ်တံဆိပ်ရဲ့ ထိပ်တန်းဇိမ်ခံကားအုပ်စုဖြစ်ရုံသာမက အရွယ်အစားနဲ့ ကိုယ်ထည်ဒီဇိုင်းပိုင်းအရလည်း ဝင့်ဝင့်ကြွားကြွားရှိလှပါတယ်။ S-Class ထဲမှာမှ လေးဘီးယက်အမျိုးအစား (All-Wheel Drive) တွေဟာ ပိုပြီးလူကြိုက်များတာကိုလည်းတွေ့ရပါတယ်။ ဒါပေမဲ့ ကားသူခိုးတွေရဲ့ ပစ်မှတ်ထားအခံရဆုံးဆီဒင်ကားတွေဖြစ်နေတာကလည်း အံ့ဩစရာကောင်းတဲ့အချက်ပါ။ အားလုံးသိတဲ့အတိုင်း Mercedes-Benz S-Class တွေကို ငွေကြေးချမ်းသာကြွယ်ဝသူတွေ၊ အနုပညာရှင်နဲ့ အားကစားကြယ်ပွင့်တွေလောက်သာဈေးကြီးပေးဝယ်ယူလေ့ရှိပြီး မြို့ပြလမ်းမတွေပေါ်မှာ အတွေ့ရများတဲ့ကားအမျိုးအစားလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ မကြာခဏအခိုးခံရတဲ့ကားအမျိုးအစားတွေထဲမှာ S-Class တွေကတော့ အသေအချာကိုပါဝင်နေတာပါ။

Ref : The Most Stolen Cars In America by IAN WRIGHT

Author