Muscle Car တို့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း

0

Full article

Muscle Car တွေအကြောင်းပြောမယ်ဆိုရင် ဝါသနာရှင်အများစုကတော့ ၁၉၄၉ ခုနှစ်ကစပြီး ညွှန်းဆိုကြပါလိမ့်မယ်။ အဲဒီနှစ်မှာ General Motors ကစပြီး ထုတ်လုပ်ခဲ့တဲ့ Oldsmobile Rocket 88 မော်ဒယ်ဟာ ပထမဆုံး Muscle Car အဖြစ် သတ်မှတ်ခံထားရလို့ပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်တွေကွဲလွဲနိုင်ပေမဲ့ ပိုပြီးမြန်စေဖို့ရည်ရွယ်ချက်နဲ့ပေါ့ပါးတဲ့ကားကိုယ်ထည်မှာ V8 အင်ဂျင်ကို စပြီးတပ်ဆင်အသုံးပြုခဲ့တာက အမေရိကန်ကားလောကအတွက် အလှည့်အပြောင်းဖြစ်ခဲ့တာကတော့ အမှန်ပါပဲ။ Rocket 88 မော်ဒယ်မှာတပ်ဆင်ခဲ့တဲ့ Oldsmobile 303 V8 အင်ဂျင်ကနေ Cadillac ကားတွေရဲ့ 331 အင်ဂျင်တွေအသုံးပြုလာတဲ့ ကာလတလျှောက်မှာ V8 ရဲ့ စွမ်းဆောင်ရည်ဟာ ထင်ရှားပေါ်လွင်လာခဲ့ပြီး စျေးကွက်ကလည်း ဆီးကြိုအသုံးပြုဖို့ အသင့်ဖြစ်လာခဲ့ပါတယ်။

မာကျောပြီး မြန်နှုန်းမြင့်တဲ့မော်တော်ကားတွေကို စျေးကွက်က တောင်းဆိုတာကြောင့် Oldsmobile Rocket 88 မော်ဒယ်တွေ ပေါ်ထွက်လာခဲ့တာပါ။ ဒီကားမျိုးကို အမေရိကမှာ အရက်ပုန်းရောင်းသူတွေက ရဲတွေလက်က လွတ်အောင်ထွက်ပြေးနိုင်ဖို့ အဓိကအသုံးပြုခဲ့ကြတယ်လို့သိရပါတယ်။ အမေရိကမှာ အရက်သေစာရောင်းချခွင့်ပြုလိုက်တဲ့နောက်ပိုင်းမှာတော့ Muscle Car တွေဟာ ပြိုင်ပွဲလမ်းကြောင်းတွေပေါ် ပြောင်းလဲရောက်ရှိလာခဲ့ပါတော့တယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေအထိ Muscle Car တွေကို Muscle Car လို့ မသိကြသေးပေမဲ့ Fire Power လို့ လူသိများတဲ့ Chrysler Hemi ကားကတော့ Chevrolet ကုမ္ပဏီရဲ့အရွယ်အစားခပ်ကျုံ့ကျုံ့ V8 အင်ဂျင်မျိုးဆက်သစ်ကိုအသုံးပြုခဲ့ပါတယ်။ Hemi V8 အင်ဂျင်တွေဟာ ၁၉၅၅ ခုနှစ်မှာထုတ်လုပ်တဲ့ Chrysler C-300 မော်ဒယ်တွေထံ ကူးပြောင်းရောက်ရှိလာခဲ့ပါတော့တယ်။ Chrysler C-300 ကားတွေဟာ မြင်းကောင်ရေ 300 hp ထုတ်ပေးနိုင်တာကြောင့် ဒီနာမည်ပေးခဲ့တာဖြစ်ပြီး အမေရိကန်စျေးကွက်ထဲမှာတော့ စွမ်းဆောင်ရည်အကောင်းဆုံးကားအဖြစ် လူသိများခဲ့ပါတယ်။

၁၉၅၅ ခုနှစ်မှာ General Motors (GM) က စတင်လိုက်တဲ့ အရွယ်အစားသေးကျစ်တဲ့ V8 အင်ဂျင်တွေဟာ အမေရိကန် Muscle Car လောကရဲ့ ရှေ့ဆောင်လမ်းပြသဖွယ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မြန်နှုန်းမြင့်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့  မ‌တော်တဆမှုတွေကြောင့် အဲဒီနှစ်က ပြင်သစ် Le Mans ကားပြိုင်ပွဲမှာ သေဆုံးသူပေါင်း ၈၄ ဦးအထိရှိလာခဲ့တာကြောင့် နောက် ၂ နှစ်အကြာမှာတော့ အမေရိကန်မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသူများအစည်းအရုံးက V8 အင်ဂျင်တပ်ဆင်ထုတ်လုပ်မှုကို တားမြစ်ပိတ်ပင်ခဲ့ပါတော့တယ်။

V8 အင်ဂျင်တွေတစ်ခန်းရပ်သွားပေမဲ့ ကားဝါသနာအိုးတွေရဲ့ ပြိုင်ပွဲဝင်လိုစိတ်ကတော့ ရပ်တန့်မသွားခဲ့ပါဘူး။ စျေးကွက်တောင်းဆိုမှုအရ ကားထုတ်လုပ်သူတွေဟာ Drag Racing လိုပြိုင်ပွဲတွေနဲ့ကိုက်ညီတဲ့ပေါ့ပါးသွက်လက်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ပြိုင်ကားတွေ ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာတော့ Drag Racing ပြိုင်ပွဲတွေ ပိုရေပန်းစားလာခဲ့ပြီး ပိုမြန်ဆန်သွက်လက်တဲ့  Muscle ကားတွေ အပြိုင်အဆိုင်ထပ်မံထုတ်လုပ်ခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်မှာ ဆင့်ကဲပြောင်းလဲလာတဲ့ နာမည်ကြီး Muscle ကားတွေကို အောက်ပါအတိုင်းတွေ့ကြရမှာပါ။

1962 Dodge Dart

Muscle ကားတွေအကြောင်း ပြောမယ်ဆို အထက်ကဆိုခဲ့သလို ၁၉၆၀ ပြည့်လွန်နှစ်တွေက စရပါလိမ့်မယ်။ ၁၉၆၂ ခုနှစ်မှာ ကားလောကကို ဂယက်ရိုက်သွားစေမယ့် မော်ဒယ်သစ်တစ်စီးထွက်ရှိခဲ့ပါတယ်။ အဲဒါကတော့ Dodge Dart ပါ။ ပြိုင်ပွဲဝင်ဖို့အကောင်းဆုံးပြင်ဆင်မှုအဖြစ် မိခင်ကုမ္ပဏီ Chrysler ရဲ့ 413 Max Wedge အင်ဂျင်ကိုတပ်ဆင်ထားပြီး မြင်းကောင်ရေ 410 hp ထုတ်လုပ်ပေးနိုင်ပါတယ်။ မှတ်တမ်းတွေအရ Dodge Dart မော်ဒယ်ဟာ အချိန် ၁၃ စက္ကန့်အတွင်းမှာ တစ်မိုင်ရဲ့ ၄ ပုံတစ်ပုံအထိ ခရီးရောက်နိုင်တယ်လို့သိရပါတယ်။

Pontiac Tempest GTO

နောက်ထပ်အချိုးအကွေ့တစ်ခုကတော့ ၁၉၆၄ ခုနှစ်မှာ Pontiac အမှတ်တံဆိပ်နဲ့ ထုတ်လုပ်လိုက်တဲ့ Tempest GTO မော်ဒယ်တစ်စီးပဲဖြစ်ပါတယ်။ မိခင်ကုမ္ပဏီ GM ရဲ့ အလယ်အလတ်စားကားတွေကိုသာ ထုတ်လုပ်မယ်ဆိုတဲ့ စည်းမျဉ်းကို လက်တစ်လုံးခြားဆန့်ကျင်ပြီး 5.4 Liter အရွယ်အစားအင်ဂျင်ကိုအသုံးပြုထုတ်လုပ်ခဲ့ပါတယ်။ ပုံမှန် Standard အနေနဲ့ ထုတ်လုပ်တဲ့ Pontiac Tempest GTO ဟာ မြင်းကောင်ရေ 325 hp ထုတ်ပေးနိုင်ပြီး Tri-Power နဲ့အဆင့်မြှင့်တင်ထားတဲ့ GTO ကတော့ မြင်းကောင်ရေ 348 hp အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။

Ford Mustang

ဒီကားကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ မကြာခဏတွေ့မြင်ရသလို လက်ရှိအထိလည်း ခေတ်မီနည်းပညာတွေပူးတွဲပြီး အသစ်ထုတ်လုပ်နေဆဲဖြစ်တာကြောင့် အားလုံးနဲ့ရင်းနှီးပြီးသား Muscle Car တစ်စီးပါ။ Ford Mustang ဟာလည်း ၁၉၆၄ ခုနှစ်မှာ စတင်ထွက်ရှိလာတဲ့ Ford ရဲ့ အသစ်တီထွင်မှုလက်ရာဖြစ်ခဲ့ပြီး ဒီဇိုင်းခေတ်မီလှပသလောက် စျေးနှုန်းသိပ်မကြီးတဲ့ကားအဖြစ်ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ Pontiac GTO တို့လို အရွယ်အစားသိပ်မကြီးဘဲ ဥရောပဆန်ဆန် ၂ ယောက်စီး Coupe ပြိုင်ကားအဖြစ် စျေးကွက်ကို ထိုးဖောက်ခဲ့တာပါ။ မူလ V8 အင်ဂျင်ကို 4.7 Liter အရွယ်အစားအထိ အဆင့်မြှင့်တင်ခဲ့တာကြောင့်လည်း လူကြိုက်များတဲ့ကားတစ်စီးဖြစ်ခဲ့ပါတယ်။ တစ်ဖက်ကကြည့်ရင်လည်း Mustang ကစခဲ့တဲ့ Muscle ကားယဉ်‌ကျေးမှုဟာ Chevy’Camaro တို့ ၊ Pontiac Firebird တို့ ၊ Dodge Challenger တို့လိုမော်ဒယ်တွေအထိ ဆက်လက်တည်တံ့ခဲ့တယ်လို့ ဆိုရမှာပါ။

Dodge Charger

၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ Muscle ကားတွေရဲ့ရေပန်းစားမှုဟာ အရှိန်အဟုန်အမြင့်ဆုံးကိုရောက်ရှိလာခဲ့ပါတယ်။ ဒီအချိန်မှာ အင်ဂျင်စွမ်းဆောင်ရည်အရရော၊ ကိုယ်ထည်ဒီဇိုင်းအရပါ ကားစျေးကွက်ရဲ့အာရုံစိုက်ခြင်းခံခဲ့ရတာက Dodge Charger ပဲ ဖြစ်ပါတယ်။ အမှန်တော့ Dodge Charger ဟာ ၁၉၆၆ ခုနှစ်ကတည်းက ထွက်ရှိခဲ့‌ပေမဲ့ ပွဲဦးထွက်မှာ မအောင်မြင်ခဲ့ပါဘူး။ ပြန်လည်မွမ်းမံမှုတွေလုပ်ပြီး ၂ နှစ်အကြာမှာ ထပ်မံထုတ်လုပ်လိုက်တဲ့ဒီဇိုင်းသစ်ကသာ Icon တစ်ခုဖြစ်လာခဲ့တာပါ။ Dodge အမှတ်တံဆိပ်ဌာနခွဲအနေနဲ့ ကနဦးပိုင်းက အစီးရေ ၃၅,၀၀၀ သာထုတ်လုပ်မယ်လို့ စီစဉ်ခဲ့ပေမဲ့ စျေးကွက်ဝယ်လိုအားအရ အစီးရေ ၉၆,၁၀၀ အထိ ထုတ်လုပ်ခဲ့ရပါတယ်။

Pontiac Firebird

၁၉၇၀ ကျော်နှစ်တွေအတွင်း အမေရိကမှာ လောင်စာဆီအကျပ်အတည်းကြုံတွေ့ခဲ့ရပါတယ်။ လောင်စာပြတ်လပ်မှုနဲ့အတူ စက်သုံးဆီစျေးနှုန်းတွေမြင့်တက်လာတာကြောင့် ဆီစားကြမ်းတဲ့ Muscle ကားစျေးကွက်ကလည်း ရပ်ဆိုင်းလုနီးနီးဖြစ်ခဲ့ရပါတယ်။ ကားကြီးတွေအစား သေးငယ်ကျစ်လစ်တဲ့ကားလေးတွေ ရေပန်းစားလာခဲ့ပါတယ်။ ဒီအချိန်မှာ စျေးကွက်ကို ရဲရဲဝံ့ဝံ့ထိုးဖောက်လာခဲ့တာက Pontiac Firebird မော်ဒယ်ပဲဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအရရော အင်ဂျင်ပိုင်းအရပါ အဘက်ဘက်က အဆင့်မြှင့်တင်မှုတွေလုပ်ထားတဲ့ Firebird မော်ဒယ်ဟာ အဆိုပါနှစ်တွေအတွင်း ပြိုင်ဘက်ကင်းတဲ့ Muscle တစ်စီးဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

Dodge Challenger

Muscle ကားတစ်စီးဖြစ်ပေမဲ့ ရှေးဟောင်းကားအဖြစ်မှတ်တမ်းမဝင်သေးသလို မော်ဒယ်သစ်တွေ ထပ်မံထုတ်လုပ်နေဆဲကားအမှတ်တံဆိပ်တစ်ခုကတော့ Dodge Challenger ပဲဖြစ်ပါတယ်။ ၁၉၇၀ ကျော်နှစ်တွေမှာ လောင်စာဆီပြဿနာကြောင့် Muscle ကားတွေ လူကြိုက်နည်းခဲ့ပြီး ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အသစ်တဖန်ရေပန်းစားခဲ့ပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ Mustang နဲ့ Camaro မျိုးဆက်သစ်တွေနဲ့အတူ Dodge Challenger မော်ဒယ်သစ်တွေထပ်မံပေါ်ထွက်ခဲ့ပါတယ်။ ဒီဆယ်စုနှစ်တွေအတောအတွင်း သီးသန့်ရပ်တည်ပြီး ဂုဏ်သိက္ခာတစ်ရပ်ကိုထိန်းထားနိုင်ခဲ့တဲ့ Dodge Challenger မော်ဒယ်ဟာ အခုဆိုရင် မျိုးဆက် ၃ ဆက်တိုင်ရှိခဲ့ပါပြီ။ နောက်ပိုင်းနှစ်တွေမှာ ထုတ်လုပ်တဲ့ Dodge Challenger ဟာ Muscle ကားရဲ့အသွင်သဏ္ဌာန်ရှိနေသေးပေမဲ့ ကိုယ်ထည်ချောမွေ့ပြေပြစ်သွားသလို အတွင်းပိုင်းနည်းပညာတွေလည်း စုံစုံလင်လင်ပါဝင်လာခဲ့တာ တွေ့ရပါတယ်။

Ref : The Evolution Of The Muscle Car by IAN WRIGHT

Author