စစ်အတွင်း စီးနင်းစရာ အကောင်းဆုံးကားတွေဆိုတာ...

0

Full article

တကယ်တော့ အမျိုးအစားတူ လူသားတွေပဲကြီးစိုးနေတဲ့ ဒီကမ္ဘာမှာ စစ်လက်နက်တွေ၊ တိုက်ပွဲသုံး မော်တော်ယာဉ်တွေ လိုအပ်နေသေးတာဟာ ရှက်ဖို့တော့ကောင်းလှပါတယ်။ ဒါပေမဲ့လည်း တိုက်ခိုက်ဖို့အတွက် မဟုတ်ဘူးဆိုရင်တောင်မှ ကာကွယ်ဖို့အတွက်ရယ်ပဲဖြစ်ဖြစ်၊ တကယ်လို့များ စစ်ကြီးဖြစ်လာခဲ့ရင် ဘယ်လိုသွားလာလှုပ်ရှားမှာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေတစ်ခုရယ်ဖြစ်ဖြစ်...

ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲတွေအကြား ဟိုဟိုဒီဒီသွားလာနိုင်မယ့် မော်တော်ယာဉ်တွေလိုအပ်လာမှာကတော့ အသေအချာပါပဲ။ ဘယ်လို မော်တော်ယာဉ်တွေ အသုံးပြုသင့်သလဲဆိုတာကိုတော့ Car Throttle မဂ္ဂဇင်းက အခုလို ရွေးချယ်ပေးထားပါတယ်။

Fennek

ဥရောပရဲ့ ဂျာမန်နဲ့ ဒတ်ချ် စစ်တပ်တွေက အသုံးပြုနေတဲ့ကားအမျိုးအစားပါ။ မာကျောမှုအဆင့် ထိပ်တန်းမှာရှိပြီး လမ်းအမျိုးအစားမျိုးစုံမှာလည်း မောင်းနှင်နိုင်စွမ်းရှိတယ်။ ပိုကောင်းတဲ့အချက်က ခေတ်မီလက်နက် တော်တော်များများကိုလည်း အံဝင်ခွင်ကျ တပ်ဆင်လို့ရသေးတယ်။ 12.7mm စက်သေနတ်ကနေပြီး Rafael Spike တင့်ကားပစ် missiles တွေအထိ တပ်ဆင်လို့ရတယ်လေ။

Volkswagen Schwimmwagen

Volkswagen ဟာ လူထုသုံး မော်တော်ယာဉ်များသာမက တိုက်ပွဲသုံး စစ်ဘက်မော်တော်ယာဉ်တွေကိုလည်း အကောင်းဆုံးထုတ်လုပ်ပေးနိုင်ပါတယ်။ ပုံစံကတော့ သိပ်မလန်းဘူးဆိုချင်ဆိုကြပေါ့။ ဒါပေမဲ့ ရေထဲကိုပါဖြတ်မောင်းလို့ရတာမျိုး။ ပြောရမယ်ဆိုရင် 1942-44 လောက်တုန်းကတည်းက ဒါမျိုးပုံစံက ထွက်ပြီးသား။ ဒုတိယကမ္ဘာစစ်တုန်းကလည်း ဂျာမန်တပ်တွေ အကြမ်းပတမ်းသုံးခဲ့ပြီးသား။ မှတ်ကျောက်တင်ပြီးသား ကားတစ်စီးလို့ပြောနိုင်တာပေါ့။ 1.1-litre အင်ဂျင်နဲ့ဆိုတော့ ဆီစားနှုန်းလည်း သက်သာဦးမှာဖြစ်တဲ့အတွက် ဂျာမန်ကားနှစ်သက်သူတွေ ရွေးချယ်သင့်တဲ့ ကားတစ်စီးပါပဲ။

Marauder

အာဖရိက က စစ်ပွဲတွေအကြား ရေပန်းစားလှတဲ့ ကားတစ်စီးကိုလည်း ဒီနေရာမှာ မိတ်ဆက်ပေးချင်ပါတယ်။ တောင်အာဖရိက ကနေထုတ်လုပ်ထားတဲ့ Marauder ဟာ အကြမ်းခံတဲ့အပြင်၊ မြန်မြန်ဆန်ဆန် အားကောင်းကောင်းနဲ့လည်း မောင်းနှင်လို့ရတယ်။ ခေါင်မှာ စက်သေနတ်တင်စရာပါပြီး cylinder ခြောက်လုံး ဒီဇယ်အင်ဂျင်ကိုအသုံးပြုထားတဲ့အတွက် ခရီးဝေးတွေဘာတွေအတွက်လည်း ကောင်းကောင်းအသုံးပြုလို့ရပါတယ်။

အကောင်းဆုံးအချက်က ကားရဲ့အမြင့်ပါပဲ။ သာမန်ကားတွေဆိုရင် Marauder ရဲ့မှန်တံခေါင်းဘောင်လောက်ပဲမြင့်ကြတာလား။ တကယ်လို့များ လိုအပ်မယ်ဆိုရင် ကားနှစ်စီးလောက်ကို အသာလေး နင်းပြီးကျော်သွားလို့တောင်ရပါသေးတယ်။ Offroad စွမ်းဆောင်ရည်ကိုလည်း လာမမေးပါနဲ့။ ဘယ်လိုလမ်းမျိုးမဆိုတောင်မဟုတ်၊ လမ်းမရှိရင်တောင်မှ မောင်းလို့ရတဲ့ဟာမျိုး။ ကိုယ်ထည်က နှစ်ထပ်ဖြစ်ပြီး အပြင်ကိုယ်ထည်လောင်ကျွမ်းနေချိန်မှာတောင်မောင်းနှင်လို့ရတယ်။ TNT 8kg လောက် ကိုယ်ထည်အောက်မှာပေါက်ကွဲသွားရင်တောင် ခံနိုင်ရည်ရှိတဲ့အပြင် TNT 14kg လောက် ဘီးတွေအောက်မှပေါက်ကွဲရင်လည်း ခံနိုင်ရည်ကရှိဦးမှာ။ ကဲ.. ဘာလိုသေးလဲ။

HDT Storm SRTV

တကယ်လို့ကိုယ်ဟာ မြန်မြန်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးမောင်းနှင်ရတာကို သဘောကျသူဆိုရင်တော့ Storm SRTV တစ်စီးကိုသာ ဝယ်ယူလိုက်ပါတော့။ SRTV ဆိုတာက Search and Rescue Tactial Vehicle ရဲ့အတိုကောက်ဖြစ်ပြီး စစ်ပွဲတွေအတွင်း ကျန်ရစ်ခဲ့သူတွေ၊ ဒဏ်ရာရသူတွေကို ရှာဖွေကယ်တင်ဖို့ ဒီဇိုင်းရေးဆွဲထားတာရယ်။ နောက်ပြီး လေယာဉ်ပေါ်က ဆင်းသက်နိုင်အောင်လည်း ရည်ရွယ်တည်ဆောက်ထားသေးတာ ဆိုတော့ ဘာလိုသေးလဲပေါ့နော်။ အင်ဂျင်ပါဝါက 430hp အထိရရှိနိုင်တာမို့လို့ အားမကောင်းစရာကိုလည်း ပူစရာမလို။ Lockheed C-130 ‘Hercules’ ၊ Boeing C-17 Globemaster III ၊ CH-47 Chinook တို့လိုလေယာဉ်ပျံမျိုးစုံနဲ့လည်း ကွက်တိတင်သွားလို့ရသေးတာဟာလည်း SRTV ရဲ့အားသာချက်တစ်ခုပါပဲ။

Cougar 6x6

4WD တွေ AWD တွေလုပ်မနေပါနဲ့တော့။ တိုက်ပွဲအတွင်းဆိုတာမျိုးက 6x6 လောက်မှ တော်ကာကျတာမျိုးမလား။ ဗြိတိသျှတို့ရဲ့ Wolfhound တပ်မှာ နှစ်ပေါင်းများစွာ အသုံးတော်ခံရင်း မာကျောမှု၊ ခံနိုင်ရည်ရှိမှုတွေအပြင် လက်တွေ့အသုံးကျမှုတွေကိုပါ မှတ်ကျောက်အတင်ခံပြီးသား Congar 6x6 ပါ။

တိုက်ပွဲတွေအတွင်း ကြီးကြီးမားမားနဲ့ အေးအေးဆေးဆေး သွားလာလိုသူတွေအတွက်တော့ သင့်တော်မှု အထူးရှိတယ်လို့ ဆိုရမယ်။

Volvo TP21

Volvo TP21 ကတော့ အိမ်စီးကားစတိုင်ကိုမှာ စစ်တပ်သုံးအတွက် ပြောင်းလဲထုတ်လုပ်လိုက်တာမို့လို့ အိမ်စီးကားတွေရဲ့ အရသာမျိုးနဲ့ တိုက်ပွဲတွေနဲ့ ခပ်လှမ်းလှမ်းမှာ ဟိုဟိုဒီဒီသွားဖို့ သိပ်သင့်လျှော်တာပေါ့။ အခြေခံကတော့ PV800 ကိုအခြေခံထားတာဖြစ်ပါတယ်။ ဆွီဒင်တပ်မတော်အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ offroad စွမ်းရည်အပြည့်နဲ့ Volvo TP21 ဟာ ဆွီဒင်စစ်တပ်မှာ 1953-58 လောက်မှာကတည်းက စတင်အသုံးပြုခဲ့တာဖြစ်တဲ့အတွက် ကာလရှည်ကြာသက်သေပြချက်တွေ တသီကြီးနဲ့ဆိုတော့...

တိုက်ပွဲဝန်းကျင်မှာလည်းသုံးရမယ်၊ အိမ်စီးကားတွေရဲ့ အရသာမျိုးလည်းလိုချင်တယ်ဆိုရင်တော့ဖြင့် Volvo TP21 ကို မမေ့ပါနဲ့လို့။

Humvee

Hummer ကြိုက်သူတွေအတွက် မူရင်းပုံစံကို စီးနင်းလို့ရပါပြီ။ Hummer ကတော့ဖြင့် အများသူငါ လူတကာစီးနင်းလို့ရအောင် ပြုပြင်ထားတာရယ်။ မူရင်းက Humvee ပါ။ HMMWV ရဲ့အများခေါ်နာမည်ဖြစ်ပြီး HMMWV ကတော့ High Mobility Multipurpose Wheeled Vehicle ဖြစ်ပါတယ်။ Hummer ရော Humvee ကိုပါ AM General Corporation ကပိုင်ဆိုင်ထားပြီး ပြောရမယ်ဆိုရင် Humvee ဟာ မူရင်းသီချင်းဖြစ်ပြီး Hummer ကတော့ cover ပြန်ဆိုထားတာပေါ့။ ၁၉၉၉ ခုနှစ်မှာတော့ AM General ဟာ သူတို့ရဲ့ Hummer အမှတ်တံဆိပ်ကို GM (General Motors) ထံကိုရောင်းချခဲ့ပါတယ်။

စွမ်းဆောင်ရည်တွေကတော့ အထူးတလည်ပြောပြနေစရာလိုမယ်မထင်ပါဘူး။ မာကျောမှုအဆင့် - မြင့်၊ စွမ်းဆောင်ရည် - မြင့် တဲ့အပြင်ကိုမှ လမ်းမဟုတ်တဲ့လမ်းတွေတောင် ဖြတ်ကျော်မောင်းနှင်နိုင်တာမျိုးမလား။

Willys Jeep

တကယ်တော့ Humvee ဆိုတာကလည်း Willys နောက်မှဖြစ်လာတာရယ်။ အပြည့်အစုံဆိုရင်တော့ Willys MB ‘Jeep’ ပေါ့။ ကြီးမားတဲ့ ရှေ့ grille တွေဆိုတာ အခုမှ ဟိုလူလိုချင်၊ ဒီလူလိုချင်ဖြစ်လာတာပါ။ Willys မှာက grille က ကြီးပြီးသား။ ဒုတိယကမ္ဘာစစ်မှာ အသုံးများဆုံး မော်တော်ယာဉ်တစ်စီးကိုပြပါဆိုရင် အရင်ဆုံးပြေးမြင်မိကြမှာက Willys Jeep ပါပဲ။ နောက်ပိုင်း အများပြည်သူတွေလည်း လိုက်လံစီးနင်းခဲ့ကြပါသေးတယ်။

Willys Jeep ကို Willys ကုမ္ပဏီက အစီးရေ 360,000 လောက်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း Ford က လိုင်စင်ယူကာ 277,000 လောက်ထပ်ထုတ်ခဲ့ပါသေးတယ်။ Willys ရဲ့ design language ကတော့ ရိုးရှင်းရမယ်၊ ထုတ်လုပ်မှု ကုန်ကျစာရိတ်လည်း သက်သာရမယ်၊ ဘယ်လိုနေရာမျိုးမှာမဆိုလည်း မောင်းနှင်လို့ရရမယ်ဆိုတာမျိုးကို ဦးစားပေးထားတာတွေ့ရပါတယ်။ ဒီအချက်တွေသာ ကိုယ့်ဦးစားပေးအချက်တွေဖြစ်ခဲ့မယ်ဆိုရင်တော့ Willys Jeep ကိုသာရွေးချယ်လိုက်ပါတော့။

Ref: The 10 Most Badass Military Vehicles Ever Made, As Chosen By You by Matt Robinson

Author