4x4 ထဲက အချိန်တိုင်းအကောင်းဆုံး ကားသုံးစီး

0

Full article

ဒီတစ်ပတ်ဖေါ်ပြသွားမှာကတော့ သြစတြေးလျ 4x4 ကရွေးချယ်ထားတဲ့ အချိန်တိုင်းအကောင်းဆုံး 4x4 ကားတွေဖြစ်ပါတယ်။ အမြင်မတူတာတွေရှိနိုင်တာမို့ ကိုယ့်အကြိုက်သူ့အကြိုက်တွေကို comment မှာ ဝင်ရောက်ရေးသားပေးဖို့တောင်းဆိုလိုက်ချင်ပါတယ်။

ကားဆိုတဲ့နေရာမှာ တချို့တွေက အသွားအလာပိုမိုအဆင်ပြေချောမွေ့စေဖို့သက်သက်ပဲသုံးကြတယ်။ တချို့ကတော့ လုံးဝကို အမြန်နှုန်း။ မြန်နှုန်းမြင့်ပေ့ ဆိုတဲ့ကားတွေကိုပဲ ချစ်ကြတယ်။ တချို့တွေကတော့ 4X4 မှ။ ကားဆိုတာ ဒီလိုမျိုးစွမ်းဆောင်နိုင်မှလို့ဆိုကြတယ်။ သြစတြေးလျက 4x4 ချစ်သူတွေကရော၊ ဘယ်လိုကားမျိုးတွေကို ရွေးချယ်ခဲ့ကြသလဲ။

အကြမ်းဖျင်းပြောရမယ်ဆိုရင်တော့ Toyota Land Cruiser တို့ Land Rover တို့ကိုနှစ်သက်ကြတာတွေ့ရပါတယ်။ ဘယ်ကားတွေလည်းဆိုတာကိုတော့ အောက်မှာတဆက်တည်းဆက်ဖတ်ကြည့်နိုင်ပါတယ်။

၁။ WWII US Army Jeep: The Godfather

နံပတ် ၁ နေရာကို အခိုင်အမာရယူထားတာကတော့ အမေရိကရဲ့ စစ်သုံး WWII US Army Jeep ပါ။ စစ်သုံးကားဖြစ်တဲ့အားလျော်စွာ လမ်းဆိုး၊ လမ်းကောင်းသာမက လမ်းမဟုတ်တဲ့နေရာတွေကိုတောင် မောင်းနှင်သွားလာနိုင်စွမ်းရှိတယ်။ နောက်ပြီးအကြမ်းကလည်း ရေလည်ခံတယ်။ Willys-Overland MB ဒါမှမဟုတ် Ford GP လို့လည်းခေါ်တဲ့သူတွေရှိပါတယ်။ Ford GP လို့ခေါ်ရတဲ့အကြောင်းအရင်းက ဒုတိယကမ္ဘာစစ်အတွင်း ကုမ္ပဏီတွေပေါင်းပြီး Jeeps ထုတ်လုပ်ခဲ့ကြတဲ့သူတွေအထဲမှာပါခဲ့လို့ပါ။

Jeeps လို့ဆိုလိုက်တာနဲ့ ကားချစ်သူတွေသာမက လူတိုင်းလိုလိုဟာ ဘယ်လိုကားပုံစံဆိုတာ မျက်စိထဲတန်းမြင်သွားလောက်အောင်ကိုကျော်ကြားမှုရှိပါတယ်။ ပြဿနာက Jeep ရဲ့ဒီဇိုင်းကိုဘယ်သူထုတ်ခဲ့တာလဲ။ တကယ်တော့ Jeep ဒီဇိုင်းကိုထုတ်ခဲ့တဲ့ ကုမ္ပဏီတွေက နှစ်ခုထက်ပိုပြီး အဲဒီထဲကမှ Bantam ကုမ္ပဏီကတော့ credit ထိုက်ထိုက်တန်တန်ပေးသင့်တဲ့ကုမ္ပဏီတစ်ခု။

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာလည်း Jeep တွေဟာ ရိုးမသွားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ Jeep ဆိုတဲ့အမည်ဟာ ၁၉၅၀ ခုနှစ်အထိတောင်မှ register လုပ်ရသေးတာမဟုတ်ဘူး။ Willys-Overland က မတောင်းဆိုသေးခင်အထိပေါ့။ သူတို့အနေကလည်း Jeep ဆိုတဲ့အမည်ကို ပိုင်ဆိုင်သင့်တဲ့သူတွေပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က စစ်အတွင်းမှာ Jeep တွေကိုအများဆုံးထုတ်လုပ်ခဲ့ကြသူတွေကိုး။

တကယ်တော့ Jeep ရဲ့ဇာတ်လမ်းက ၁၉၃၈ ခုနှစ်မှာစတင်ခဲ့တာပါ။ အမေရိကဟာ သူတို့ရဲ့စစ်တပ်ကို ခေတ်မီအောင် ပြင်ဆင်ဖို့လုပ်တုန်းကပေါ့။ Tenders တွေအများကြီးခေါ်ခဲ့ကြတယ်။ စည်းကမ်းသတ်မှတ်ချက်တွေအများကြီးချခဲ့ကြတယ်။ အလေးချိန်ဘယ်လောက်၊ အရွယ်အစားဘယ်လောက်၊ အင်ဂျင်ပါဝါဘယ်လောက်၊ စွမ်းဆောင်ရည်ဘယ်လောက်အထိရှိရမယ် စသည်ဖြင့်ပေါ့။ အဲဒီအထဲမှာ 4WD ဖြစ်ကိုဖြစ်ရမယ်ဆိုတာလည်းပါပါတယ်။

အမေရိကစစ်တပ်ရဲ့တောင်းဆိုမှုတွေဟာ များပြားလှတဲ့အတွက် Bantam နဲ့ Willys-Overland ကစပြီးနောက်ဆုံး Ford ကရေးဆွဲပေးခဲ့ကြတဲ့ ရှေ့ပြေးပုံစံတွေအားလုံးဟာ ငြင်းပယ်ခံခဲ့ရတယ်။ ဒါပေမဲ့ ရှေ့ပြေးပုံစံတွေက ထွက်လာတုန်းပဲ။ အဲဒီအချိန်မှာ အမေရိကစစ်တပ်ဟာ ကုမ္ပဏီတစ်ခုစီကပေးတဲ့ ရှေ့ပြေးပုံစံ blueprints တွေကို ကားကုမ္ပဏီ တစ်ခုခြင်းစီကို လျှို့ဝှက်ပြီးပြန်ပြခဲ့ကြပါတယ်။ Bantam ရဲ့ prototype ကို Willy နဲ့ Ford ကိုပြန်ပြခဲ့ပြီး Willy ရဲ့ prototype ကိုလည်း Bantam နဲ့ Ford ကိုပြန်ပြခဲ့သလိုမျိုးပေါ့။ နောက်ဆုံးတော့ အားလုံးပေါင်းစပ်ထားတဲ့ ဒီဇိုင်းလို့ပြောနိုင်တဲ့ Jeep ရဲ့နောက်ဆုံးဒီဇိုင်းဟာ ၁၉၄၁ ခုနှစ်မှာ အကြမ်းဖျင်း ထွက်လာခဲ့ပါတော့တယ်။ Chassis တွေ axles ဒီဇိုင်းတွေကွဲပြားခဲ့ပေမဲ့လည်း leaf springs အောက်ပိုင်းနဲ့ 4x4 မောင်းနှင်နိုင်စွမ်းကတော့ ကွဲလွဲခြင်းမရှိခဲ့ပါဘူး။

စစ်အတွင်း Jeep ရဲ့ စွမ်းဆောင်ရည်ကတော့ သိတဲ့သူလည်း သိကြပါတယ်။ လုံးဝကိုထိပ်တန်းပါပဲ။ ကင်းထောက်ကားတစ်စီးအဖြစ်ရည်ရွယ်ခဲ့ပေမဲ့ စွယ်စုံသုံးကားတစ်စီးဖြစ်လာခဲ့တယ်။ Jeep ဆိုတာဘာလဲဆိုတဲ့မေးခွန်းကို အတိုဆုံးဖြေရရင်တော့ “ပြီးပြည့်စုံတဲ့ မယုံနိုင်စရာ လမ်းကြမ်းမောင်း” ကားလို့ဆိုရမှာပါပဲ။ ပြောရမယ်ဆိုရင် 4x4 တွေရဲ့ The Godfather ပေါ့။

၂။ Toyota Land Cruiser 40 Series: The Rising Son

Toyota ရဲ့ 40 Series Land Cruiser ကတော့ ကုမ္ပဏီအတွက်သာမက ဂျပန်နိုင်ငံအတွက်ပါ နိုင်ငံတကာအောင်မြင်မှုတစ်ခုပါ။

စိတ်ဝင်စားစရာကောင်းတာက Jeep ဒီဇိုင်းတော်တော်များများအပေါ် မှီခိုထားရတာပါပဲ။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ငါးနှစ် ဒါမှမဟုတ် ၁၉၅၀ ကိုပြန်သွားမယ်ဆိုရင် ဂျပန်တွေဟာ အမေရိကန်စစ်တပ်ရဲ့ ထိန်းချုပ်မှုကိုခံထားရပြီး အမေရိကန်တွေက ဂျပန်တွေရဲ့စီးပွားရေးကို ပြန်လည်တည်ဆောက်နေကာ ဂျပန်စစ်တပ်ကိုလည်း ဖျက်သိမ်းနေခဲ့တာပါ။ စစ်တပ်သုံးအသုံးအဆောင်အသစ်တွေ ထုတ်လုပ်ရာမှာလည်းခြယ်လှယ်ခံထားရပါတယ်။

ဒါပေမဲ့ ၁၉၅၀ ကိုရီးယားစစ် ရုတ်တရက်ဖြစ်ပွားချိန်မှာတော့ အပြောင်းအလဲတွေဖြစ်လာခဲ့ပါတော့တယ်။ အမေရိကစစ်တပ်ဟာ ဖိအားအသစ်တွေအောက်မှာကျရောက်ခဲ့ပြီး ရလဒ်အဖြစ်ကတော့ အမေရိကန်တွေဟာ ဂျပန်ကားကုမ္ပဏီတွေကို အခြားကားတွေအပါအဝင် 4x4 ကားတွေကို ထုတ်လုပ်ဖို့ တောင်းဆိုလာခဲ့ပါတော့တယ်။ အချိန်အတိုအတွင်း များများစားစားထုတ်လုပ်ဖို့ကလည်းလိုလာပါတယ်။

ဇာတ်လမ်းအရှည်ကြီးကို ခပ်တိုတိုပြောရရင် Toyota ရဲ့ပထမဆုံးကြိုးစားအားထုတ်မှုဟာ အမေရိက စစ်သုံး Jeep နဲ့တော်တော်ကြီးတူခဲ့တာပါ။ Jeep လိုပဲ live axles တွေ leaf springs တွေပါတယ်။ အဲဒီကားကို BJ လို့ပညတ်ထားပြီး B ကတော့ 6-cylinder အင်ဂျင်ကိုရည်ညွှန်းကာ J ကတော့ Jeep ကိုညွှန်းဆိုထားခြင်းဖြစ်ပါတယ်။ အဲဒီကားသစ်ကို Willys-Overland ကနေ Jeep အမည်အတွက် မူပိုင်ခွင့်မရခင်အထိ Toyota Jeep လို့တောင်မှ ခေါ်ဆိုခဲ့ကြတာပါ။

၁၉၅၅ ခုနှစ်မှာတော့ BJ ဟာ 20 series အဖြစ် မွမ်းမံခြယ်သ အသွင်ပြောင်းလာခဲ့ပြီး ပြည်ပပို့ကုန်တစ်ခုဖြစ်လာခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Toyota ဟာ သူတို့ရဲ့ပထမဆုံးကြိုးစားအားထုတ်မှုရလဒ်ကနေပြီး အမှားတွေကို အလျင်အမြန်သင်ယူပြင်ဆင်နိုင်ခဲ့ကာ ၁၉၆၀ မှာတော့ 40 Series ကို ပို့ကုန်အဖြစ်စတင်ထုတ်လုပ်လာနိုင်ခဲ့တယ်။ ၁၉၈၄ ခုနှစ်အထိ ၂၄ နှစ်တိုင် 40 series တွေထုတ်လုပ်ခဲ့ရတယ်ဆိုတာကိုကြည့်ရင်ပဲ သူတို့ရဲ့ ယုံကြည်ကိုးစားစရာကောင်းမှုကို တွေ့မြင်ကြရပါလိမ့်မယ်။ ဒါဟာ ဒီနေ့ခေတ် Land Cruiser တွေရဲ့ ဈေးကွက်ဦးဆောင်မှုအတွက် ပထမဆုံးခြေလှမ်းပါပဲ။ သြစတေးလျရဲ့ ကားအကြောင်းကျွမ်းကျင်သူ Ian Glover ကဆိုရင်

“ဒီကားကတော့ ဗြိတိသျှ (Land Rover) ရဲ့ ဈေးကွက်ဝေစုဦးဆောင်မှုကို ပြောင်းရွှေ့ဦးဆောင်ခဲ့တဲ့ ကားပါပဲ” လို့တောင်မှ ဆိုခဲ့တာပါ

Toyota ရဲ့ထုံးစံအတိုင်း ထုတ်လုပ်မှုအရည်အသွေးဟာ တစ်ခုထက်တစ်ခု ခုန်ကျော် တိုးတက်လာခဲ့ပြီး 4x4 ကားတွေမှာ တွေ့ရခဲတဲ့ သက်သောင့်သက်သာဖြစ်မှုနဲ့ လွယ်ကူအဆင်ပြေမှု အင်္ဂါရပ်တွေနဲ့ပါ မိတ်ဆက်လာနိုင်ခဲ့တယ်။ အရည်အသွေးမြင့်တယ်။ ထုတ်လုပ်မှုလျင်မြန်တယ်။ ဈေးလည်းသက်သာတယ်ဆိုတဲ့ ကားတစ်စီးဖြစ်လာခဲ့ပြီး ရောင်းအားကလည်း အဆမတန်မြင့်တက်ခဲ့တဲ့ကားပါပဲ။

40 series တွေဟာ wheelbase အတို၊ အလတ်၊ အရှည်အားလုံးနဲ့ရရှိနိုင်သလို တံခါးနှစ်ပေါက်ပဲဖြစ်ဖြစ် လေးပေါက်ပဲဖြစ်ဖြစ် ရွေးချယ်နိုင်ရုံသာမက ခေါင်အမာနဲ့ဖြစ်ဖြစ် ခေါင်အပျော့နဲ့ဖြစ်ဖြစ်လည်းရရှိနိုင်တယ်။ ဒီဇယ်အင်ဂျင်နဲ့လိုချင်လည်းရတယ်။ ဓါတ်ဆီအင်ဂျင်နဲ့လိုချင်လည်းရနိုင်တာမျိုးဆိုတော့...

Toyota Land Cruiser 40 Series ရဲ့အောင်မြင်မှုက ကမ္ဘာအနှံ့ပါပဲဆိုတာကတော့ အံ့အားသင့်စရာမရှိလှပါဘူး။ သူက လမ်းကြမ်းတွေမှာအကောင်းဆုံးမောင်းနှင်နိုင်ရုံမက ဇိမ်ပါခံနိုင်တာမျိုးမဟုတ်လား။

၃။ Land Rover: Earth Roamer

Land Rover တွေရဲ့အစက မရှိသုံးအဖြစ် ဖန်တီးခဲ့ကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ခရီးသွားလာနိုင်စွမ်းအဆင့်အတန်းကတော့ ကမ္ဘာဂြိုဟ်ပေါ်မှာ အတုမရှိလို့တောင်မှ ဆိုနိုင်တဲ့အထိဖြစ်လာခဲ့တယ်။

တကယ်တော့ Land Rover ဟာလည်း Toyota ရဲ့ 40 series တွေလိုပါပဲ။ စစ်သုံး Jeep ကိုအခြေခံပြီး ပိုမိုကောင်းမွန်အောင် တည်ဆောက်ခဲ့ကြတာပါ။

အချက်အလက်အရပြောရမယ်ဆိုရင် Land Rover ရဲ့အဲဒီအချိန်က နည်းပညာပိုင်းခေါင်းဆောင် Maurice Wilks မှာ WWII Jeep တစ်စီးရှိခဲ့တယ်။ Wales မှာရှိတဲ့ သူ့နေအိမ်အတွက် အကြမ်းစီးဖို့ပေါ့။ ဒါဟာ ၁၉၄၇ မူရင်း Land Rover အတွက် စိတ်ကူးအခြေစိုက်ရာလည်းဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်တွေတုန်းက Rover ဟာ စစ်ပြီးခေတ် ဈေးကွက်မြင့် saloons ကားထုတ်လုပ်ရေးမှာ ကျဆင်းလျက်ရှိပြီး model အသစ်တစ်မျိုးထုတ်လုပ်ဖို့ အသည်းအသန်လိုအပ်နေတဲ့အချိန်လည်း ဖြစ်ခဲ့တာပါ။ စစ်ပြန်ဂျစ်ကားတွေဟာ အဲဒီအချိန်မှာတော့ အကြမ်းခံနိုင်ရည်စွမ်းအတွက် သက်သေပြစရာမလိုတော့ဘဲ သူ့ကိုအခြေခံပြီး စွယ်စုံသုံးကားတည်ဆောက်ဖို့ဆိုတာ Wilks အတွက်တော့ စိတ်ကူးယဉ်မှုကို ဖြစ်တန်ခြေအရှိဆုံး အကောင်အထည်ဖေါ်ဆောင်ခြင်းပါပဲ။ သူ့ရည်ရွယ်ချက်က စစ်သုံးထက်စာရင် လယ်သမား၊ တောင်ယာသမားနဲ့ လူထုအသုံးပြုဖို့အတွက်ဖြစ်ခဲ့ပါတယ်။

လအနည်းငယ်အကြာမှာတော့ ရှေ့ပြေးပုံစံထွက်လာခဲ့တယ်။ Jeep chassis ပေါ်တင်ထားတဲ့ Land Rover ထက်တော့ ဘာမှသိပ်မပိုသေးပါဘူး။ ဒါပေမဲ့ Rover စီမံခန့်ခွဲမှုရဲ့အောက်မှာတော့ အချိန်ကြာလာတာနဲ့အမျှ ရုပ်လုံးက ပေါ်သထက်ပေါ်လာပါတော့တယ်။

အမြန်ဆုံးနဲ့ ဈေးအသက်သာဆုံးဖြစ်အောင်ကြိုးစားခဲ့ကြတယ်။ ကိုယ်ထည် panels တွေကို စစ်ပြန် အလူမီနီယံ အလွိုင်းတွေအသုံးပြုခဲ့ကြတယ်။ အဲဒီအချိန်က steel တွေက ရှားပါးနေခဲ့တာကလည်း တစ်ကြောင်းပေါ့။

နောက်ပိုင်း မတရားမြန်ဆန်တဲ့ လုပ်ဆောင်မှုတွေနဲ့အတူ ၁၉၄၈ ခုနှစ်မှာတော့ Wilks ရဲ့အဖွဲ့ဟာ Amsterdam Motor Show မှာ Land Rover အသစ်ကြီးကို ပထမဆုံးပွဲထုတ်လာနိုင်ခဲ့ပါတော့တယ်။

Glover ကတော့ “Wilks ဟာ ရိုးရှင်းအသုံးဝင်ပြီး ရှုပ်ထွေးမှုမရှိတဲ့ အင်ဂျင်နီယာနည်းပညာတွေကို ဆက်လက်သယ်ဆောင်လာနိုင်ခဲ့ပြီး အခြေခံသက်သောင့်သက်သာဖြစ်မှုအဆင့်ကိုလည်း အကောင်းဆုံးဖန်တီးနိုင်ခဲ့တယ်။ လေးဘီးယက်ကားတွေရဲ့ခေတ်မှာ လက်တွေ့အသုံးဝင်မှုအပိုင်း အကောင်းဆုံး ကားတစ်စီးပါပဲ။” လို့ဆိုခဲ့ပါတယ်။

အဲဒီ Land Rover ရဲ့အောင်မြင်မှုဟာ အဲဒီအချိန် 4x4 မော်တော်ကားတစ်စီးအတွက် လိုအပ်တဲ့ ပင်ကိုယ်အရည်အချင်းတွေဟာ ဒါတွေပါပဲလို့ ပြသနိုင်ခဲ့ရုံသက်သက်သာမဟုတ်ခဲ့ဘူး။ ဗြိတိန်တို့ရဲ့ တစ်ကမ္ဘာလုံးကို ခြုံငုံမိထားခဲ့တဲ့ အရှိန်ကြောင့် အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှနဲ့ သြစတေးလျအထိကို ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့အောင်မြင်ခဲ့ပါတော့တယ်။ ရိုးရှင်းပြီးစွမ်းအားကောင်းမွန်တဲ့ 4x4 ဆိုတာ အသုံးဝင်တာထက်တောင်ပိုပါသေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။

Land Rover ဟာ ကျေးလက်တောနယ်တွေမှာ အကောင်းဆုံးအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတယ်။ လက်တွေ့လည်း အကောင်းဆုံးဖြစ်ခဲ့တာမှန်ပေမဲ့ အဲဒီထက်တောင်မှပိုခဲ့တယ်။ ကမ္ဘာပတ်ပြီး စွန့်စွန့်စားစား ခရီးသွားချင်သူတွေ၊ လမ်းကြမ်းမောင်းနှင်ချင်သူတွေအတွက်ပါ အကောင်းဆုံးရွေးချယ်စရာဖြစ်လာခဲ့ပါတော့တယ်။

အဲဒီနောက်ပိုင်း Series တွေတစ်ခုထက်တစ်ခု ပိုမြင့်လာတာနဲ့အမျှ ကောင်းသထက်ပိုကောင်းလာတာမှန်ပေမဲ့ ရိုးရှင်းလွယ်ကူစွာ လက်တွေ့အသုံးကျနိုင်စွမ်းနဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်ကတော့ Land Rover တွေရဲ့ မူပိုင် နာမဝိသေသနဖြစ်နေတော့တာပါပဲ။

Ref: The 10 greatest 4x4s of all time

Author