အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ မကအဖိုးထိုက်တန်တော့မည့် Tesla ကုမ္ပဏီ

0

Full article

လွန်ခဲ့သောလမတိုင်မီက Tesla ၏ အစုရှယ်ယာတန်ဖိုးသည် $400 အထက်သို့ ပထမဆုံးမြင့်တက်လာခဲ့၏။ ယခုအချိန်တွင်မူ ၎င်း၏ အစုရှယ်ယာတစ်ခုတန်ဖိုးမှာ $500 အထိရှိ၍လာလေပြီ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၃ ရက်နေ့စာရင်းအရ တိတိကျကျဆိုရလျှင် Tesla အစုရှယ်ယာတစ်ခု၏တန်ဖိုးမှာ $516 ဖြစ်ပြီး အဓိပ္ပါယ်မှာ ကုမ္ပဏီ၏စုစုပေါင်းတန်ဖိုးသည် $93 ဘီလီယံကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း Tesla သည် ကားအစီးရေပေါင်း 112,000 အထိတင်ပို့ရောင်းချနိုင်ခဲ့ပြီး တစ်နှစ်လုံးစာဆိုလျှင် စုစုပေါင်းအစီးရေ 367,500 အထိရှိခဲ့၏။ ယခုနှစ်အစောပိုင်းတွင် Tesla သည် တရုတ်နိုင်ငံ၌ စက်ရုံသစ်ဖွင့်လှစ်နိုင်ခဲ့ကာ အဆိုပါစက်ရုံသည် ပန္နက်ရိုက်ပြီး တစ်နှစ်အကြာတွင်ဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့နံပတ် ၁ လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီသည် တတိယမြောက် အဓိက ကားထုတ်လုပ်ရေးစက်ရုံကို ဂျာမနီနိုင်ငံ၌ ဆက်လက်တည်ဆောက်သွားရန် အစီအစဉ်ကလည်းရှိနေသေး၏။

Tesla ၏ အစုရှယ်ယာဈေးနှုန်းတက်ရခြင်းအကြောင်းအရင်းတွင် Elon Musk ၏စွမ်းဆောင်ရည်သည် အဓိကကျခဲ့ပြီး ၂၀၁၉-၂၀၂၀ နှစ်များအတွင်း Musk သည် သမိုင်းမှတ်တိုင်နှစ်ခု စိုက်ထူနိုင်တော့မည််ဖြစ်သည်။ ပထမတစ်ခုအနေဖြင့် Tesla ကုမ္ပဏီ၏တန်ဖိုးမှာ $100 ဘီလီယံထက်ပိုမိုသော ကုမ္ပဏီတစ်ခုဖြစ်လာတော့မည်ဖြစ်ပြီးယခုအချိန်မှာပင် $93 ဘီလီယံအထိရှိ၍နေလေပြီ။ နောက်တစ်ခုမှာ ဝင်ငွေပိုင်းဖြစ်၏။ ဥပမာအားဖြင့် Tesla ၏ တစ်နှစ်ဝင်ငွေမှာ $20 ဘီလီယံအထိရှိလေသည်။ မဝေးလှသည့် အနာဂတ်တွင် စံချိန်တင် တိုးဖို့ရာသာရှိနေတော့သည်။

ထုတ်ပြန်ချက်များအရ ပြီးခဲ့သောနှစ်အောက်တိုဘာလအတွင်းမှာပင်လျှင် Tesla ၏ ဝင်ငွေသည် $20 ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၎င်း၏ အစုရှယ်ယာတန်ဖိုးမှာ လာမည့် ‘လ’ များအတွင်း $553 သို့ရောက်ရှိသွားလိမ့်မည်ဟုလည်း အားလုံးကခန့်မှန်းထားကြပြီးဖြစ်၏။

Wall Street သည်အဘယ်ကြောင့် Tesla ၏ ရှယ်ယာများကို တက်စေခဲ့သနည်း

ယခုအချိန်တွင် Tesla သည် အမေရိကရှိ မော်တော်ယာဉ်ကုမ္ပဏီများအားလုံးတွင် $93 ဘီလီယံဖြင့် တန်ဖိုးအများဆုံး ကုမ္ပဏီတစ်ခုဖြစ်၍လာပြီး $50 ဘီလီယံတန်ဖိုးရှိသော General Motors နှင့် $37  ဘီလီယံတန်ဖိုးရှိသော Ford တို့နှင့် နှိုင်းယှဉ်ပါက Tesla ၏တန်ဖိုးမှာ အဆိုပါ ကုမ္ပဏီနှစ်ခုပေါင်းတန်ဖိုးထက်ပင် ပို၍များနေသေး၏။ ထူးခြားသည်က ၂၀၁၉ ခုနှစ်အတွင်း GM သည် Tesla ထက် ကားအစီးရ အဆ ၂၀ ပိုမိုရောင်းချခဲ့ရသလို Ford သည်လည်း ၆ ဆ ပိုမိုရောင်းချခဲ့ရခြင်းပင်။

ရောင်းအားပမာဏကို အခြေခံ၍ကြည့်မည်ဆိုလျှင် Tesla ၏ အစုရှယ်ယာတန်ဖိုးသည် အဘယ်ကြောင့် အလွန်မင်းမြင့်တက်ခဲ့ရသနည်း။ Wall Street ၏ အတွေးအခေါ်ကို အတိအကျသိရဖို့တော့မလွယ်ကူပါ။ သို့သော် Tesla ၏ အစုရှယ်ယာတန်ဖိုးကို ဦးစားပေးလျက်ရှိနေသည့် အချက်နှစ်ချက်တော့ရှိသည်။

ပထမတစ်ခုမှာ ကြီးထွားမှုအလားအလာဖြစ်၏။ ကမ္ဘာ့ကားဈေးကွက်သည် အကြမ်းဖျင်းအရ တော်တော်လေး ပြည့်စုံနေပြီဖြစ်သည်။ သို့သော် များစွာသော ကျွမ်းကျင်သူတို့က လျှပ်စစ်ကားဈေးကွက်သည် လာမည့် ဆယ်စုနှစ်အတွင်းကြီးထွားလာမည့်ဈေးကွက်၊ ဖွံ့ဖြိုးလာမည့်ဈေးကွက်အဖြစ် မျှော်လင့်ထားကြ၏။ ကမ္ဘာအနှံ့မှ အစိုးရများသည် သက်ဆိုင်ရာပြည်သူလူထုတို့ လျှပ်စစ်ကားများပိုမိုဝယ်ယူစေရန်အတွက် မက်လုံးများ (အခွန်လျော့ပေးခြင်း၊ အလွယ်တကူတင်သွင်းခွင့်ရအောင်ပြုလုပ်ပေးခြင်း) ဖန်တီးပေးလျက်ရှိနေကြသည်။ ထို့အပြင် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဘက်ထရီတန်ဖိုးများ များများစားစားကျဆင်းလျှက်ရှိနေပြီး လာမည့် ၂၀၂၀ ပြည့်လွန်နှစ်များတွင်လည်း ဆက်လက်ကျဆင်းရန် ရှိနေသေး၏။ ထို့ကြောင့် လျှပ်စစ်ကားများ၏ ဈေးနှုန်းမှာ ပို၍ကျဆင်းလာဖွယ်သာရှိနေသည်ဟု ဆိုရမည်ပင်။ အဓိပ္ပါယ်သည်ကား လာမည့်ဆယ်စုနှစ်လျှပ်စစ်ကားဈေးကွက်သည် ကျယ်ပြန့်မှုနှုန်းမြင့်မားသည့် ဈေးကွက်ဖြစ်လာဖွယ်ရာသာ ရှိနေတော့သည်။

ကမ္ဘာတစ်ဝှမ်းလုံးရှိ မော်တော်ကားကုမ္ပဏီကြီးများသည် ပိုမိုကောင်းမွန်သော ကိုယ်ပိုင်လျှပ်စစ်ကားများထုတ်လုပ်ရန်အတွက် ကျိုးစားဆောင်ရွက်လျှက်ရှိကြသော်လည်း Tesla ၏ကားများကဲ့သို့ လူထု၏စိတ်ဝင်စားမှုကို ခံယူနိုင်ရန်အတွက်မူ ရုန်းကန်ကြရပေးဦးမည်။ ပြောကြစတမ်းဆိုလျှင် Model 3 သည် အမေရိက၌ ၂၀၁၉ ခုနှစ်အတွင်း ရေပန်းအစားဆုံးသော လျှပ်စစ်ကားဖြစ်၏။ ကျန်တစ်ကမ္ဘာလုံးအတွက်လည်း ထို့အတူပင်။ အကယ်၍သာ Tesla သည် ၎င်းတို့၏ လျှပ်စစ်မော်တော်ယာဉ်ဈေးကွက် ဝေစုအား အလုံးစုံသောလျှပ်စစ်ကားဈေးကွက် ဖွံ့ဖြိုးကြီးထွားရေးအတွက် ပြုပြင်ထိန်းသိမ်းနိုင်ခဲ့မည်ဆိုပါက Tesla သည် ကမ္ဘာကိုဦးဆောင်နိုင်သည့် တစ်ခုတည်းသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်လာပေလိမ့်မည်။

နောက်တစ်ချက်မှာ Tesla ၏မြင့်မားသည့် တန်ဖိုးဖြစ်၏။ မြင့်မားသည့်တန်ဖိုးသည်သာလျှင် မြင့်မားသည့် နယ်နိမိတ်များကို ထိကပ်ကျော်လွန်နိုင်စေရန် အလားအလာရှိလေသည်။

အထူးသဖြင့် Tesla သည်အကျိုးအမြတ်ရရှိနိုင်သည့် ကုမ္ပဏီသာမဟုတ်။ ကုမ္ပဏီ၏ ပတ်ဝန်းကျင်တွင်ရှိသော အရာများအားလုံးသည်လည်း အချိန်နှင့်အမျှ အထက်သို့တက်လျက်သာရှိနေသော ဒုံးပျံယာဉ်တစ်စီးဟုလည်း ဆိုနိုင်ပေသည်။ ဘက်ထရီဈေးနှုန်းများကျဆင်းခြင်းသည် Tesla ၏ နယ်နိမိတ်များကို ပိုမိုကျယ်ပြန့်စေမည်။ နုနယ်ပြီး အတွေ့အကြုံမဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်ခဲ့သော Tesla တွင် ၎င်းတို့၏ထုတ်လုပ်မှုကို ပိုမိုအကျိုးများစေမည့် အခွင့်အလမ်းများစွာရှိနေလေပြီဟူ၍သာ ဆိုရပေတော့မည်။

တစ်ချိန်တည်းမှာပင် Tesla တွင် အခြားမော်တော်ယာဉ်ထုတ်လုပ်သူတို့တွင်မရှိသည့် သစ္စာရှိသော စိတ်အားထက်သန်တက်ကြွလျက်ရှိသော အခြေခံဖေါက်သည်များကို ပို၍များပြားစွာ ပိုင်ဆိုင်ထားပြီးဖြစ်လေသည်။

Apple နှင့်တူစွာ

Tesla နှင့် Apple ကိုနှိုင်းယှဉ်ကြည့်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး မည်သို့မှမဖြစ်နိုင်ပေ။ Apple သည် Google ၏ Android အောက် ကမ္ဘာ့ smartphone ဈေးကွက်၏ 15-20% ကိုသာပိုင်ဆိုင်ထားသူဖြစ်သည်။ သို့ရာတွင် iOS platform ၏ ထူးခြားထင်ရှားမှုနှင့် Apple အခြေခံဖေါက်သည်တို့၏ သစ္စာရှိမှုတို့ ပေါင်းစပ်ခြင်းအကျိုးရလဒ်အဖြစ် Apple သည် iPhone များကို ထိပ်တန်းဈေးနှုန်းများဖြင့်  ရောင်းအားကောင်းကောင်းရောင်းချခွင့်ရရှိစေ၏။ ရလဒ်သည်ကား Apple ၏ smartphone နယ်ပယ်အတွင်း ရရှိသော အစုရှယ်ယာ အမြတ်သည် ထုတ်လုပ်ရောင်းချသည့်ဝင်ငွေထက် ပို၍ပင်များနေပေတော့သည်။

ယနေ့မှစ၍ နောင်ဆယ်နှစ်အတွင်း လျှပ်စစ်ကားဈေးကွက်၏ ပုံစံကို မှန်းဆရန်မှာ လွယ်ကူလှသော အလုပ်တစ်ခုမဟုတ်။ သို့ရာတွင် ယနေ့သွားနေသည့် လမ်းကြောင်းအတိုင်းသာ သွားလိမ့်မည်ဆိုသည်မှာတော့ စိတ်ကူးယဉ်ရန်မခက်ခဲလှပါ။ Tesla သည် ပို့ဆောင်သွားလာရေး၏ Apple မလွဲမသေဖြစ်လာပေလိမ့်မည်။ လူများစွာသည် Apple ၏ iPhone အတွက် ဒေါ်လာ ရာဂဏန်းအနည်းငယ်ကို ပိုမိုသုံးစွဲရန် လိုလားသကဲ့သို့ Tesla ၏ ဂုဏ်ဒြပ်နှင့် ပြိုင်ဘက်ကင်းအင်္ဂါရပ်များအတွက် ဒေါ်လာထောင်ဂဏန်းအနည်းငယ်ကို ပိုမိုသုံးစွဲကြရန် လက်တွန့်ကြလိမ့်မည်မဟုတ်။ သို့ရာတွင်….

အကြင်နာကင်းမဲ့သော ကားလောကဖြစ်သည့်အတိုင်း ဈေးကွက်အတွင်း သေးငယ်သောပမာဏ ကွာခြားမှုသည် အမြတ်ငွေအရာတွင်မူ ကြီးမားသည့်ကွာဟချက် ဖြစ်၍လာမည်ကား မလွဲဧကံပင်ဖြစ်တော့သည်။

Ref: Tesla is now worth more than Ford and GM—combined by Timothy B. Lee

Author