ရေတက်နေတဲ့နေရာတွေမှာ ကားမောင်းရင် ဒါလေးသတိထားပါ

0

Full article

မကြာတော့တဲ့ လပိုင်းအတွင်း မိုးရာသီကလည်း ရောက်လာတော့မယ်။ ဒီနေ့ဆိုရင်လည်း ပူပြင်းလှတဲ့ ရန်ကုန်မှာ မိုးစ ရွာတယ်။ ရွာတယ်ဆိုရင်ပဲ ရန်ကုန်မြို့ပြရဲ့ ထုံးစံအတိုင်း မိုးသည်းတဲ့နေရာတွေမှာ ကားလမ်းမတွေအပေါ် ရေတွေဝပ်ပြီး ကားအင်ဂျင်ခန်းမြုပ်လုနီးပါး ရေတွေတင်နေတတ်ပါတယ်။ အဲဒီလိုရေကြီးနေတဲ့နေရာတွေ၊ ရေတွေတက်လာပြီး ရေကျော်နေတဲ့ကားလမ်းမတွေမှာ သင့်ကားကိုမောင်းတော့မယ်ဆိုရင် ဖြစ်တတ်တဲ့ ပြဿနာတစ်ရပ်ရှိပါတယ်။

အများအားဖြင့်တော့ အင်ဂျင်ခန်းအနိမ့် ကားတွေမှာဖြစ်တတ်ပါတယ်။ အဲဒီပြဿနာကတော့ hydrolock လို့ခေါ်တဲ့ အင်ဂျင်မီးလောင်ခန်းထဲမှာရေတွေဝင်ပြီး ပိတ်လှောင်မိတဲ့ပြဿနာပါ။

Hydrolock ဆိုတာဘာလဲ?

Hydrolock ဆိုတာက သင်ရေထဲမှာ ကားမောင်းနေလို့ သင့်အင်ဂျင်ခန်းက ရေထဲမြုပ်သွားမယ်ဆိုရင် အင်ဂျင်တစ်လုံးရဲ့ လည်ပတ်ပုံစနစ်ဖြစ်တဲ့ လေနဲ့ဆီ အရောအနှော (ဝါ) လေဝင်တဲ့ inlet ပေါက်ကနေ ရေတွေဝင်လာပြီး အဲဒီရေတွေက cylinder ထဲရောက်၊ အဲဒီအချိန် piston ကရေတွေကိုသွားပြီး ဖိသိပ်မိရာကနေ ရေထောင်ချောက်မိတဲ့ ပြဿနာပါ။ ဘာကြောင့်လဲဆိုရင် ရေဆိုတာဟာ hydraulic အမျိုးအစားထဲပါဝင်ပြီး ပမာဏအနည်းငယ်မှလွဲ၍ ဖိသိပ်လို့မရနိုင်ပါဘူး။ ဖိသိပ်လို့ မရတဲ့ရေကို ဖိသိပ်မှုအားပြင်းတဲ့ အင်ဂျင်ထဲထည့်ပြီး ဖိသိပ်သလိုဖြစ်သွားရင် ဘာဖြစ်သွားမလဲဆိုတော့......

ဘာပြဿနာတွေရှိနိုင်လဲ?
အရှိန်များများနဲ့မောင်းနေရင် ကရိုင်း (crankshaft) နဲ့ ပစ်စတင်(piston) ကြားထဲမှာရှိတဲ့ (connecting rod) ကွန်းနက်တင်း တွေကွေးကောက်သွားမယ်။ ဒါမှမဟုတ် ကျိုးပဲ့သွားပါမယ်။

ကရိုင်း (crankshaft) ကွေးသွားမယ် ကောက်သွားမယ်

ဆလင်ဒါဟက် (cylinder head) နဲ့ အင်ဂျင် ဘလောက် (engine block) တွေကိုတွဲထားတဲ့ မူလီတွေ ဆွဲဆန့်သလိုဖြစ်သွားမယ်၊ ပျော့သွားမယ်၊ အဝင်နဲ့အထွက်ဘားတွေ (intake and/or exhaust valves) ကသူတို့ရဲ့ဘားအထိုင်တွေကို ထိုးပြီးထွက်သွားမယ်၊ ပလပ် (spark plug) အရစ်တွေပျက်ဆီးပြီး အပြင်ကိုရုတ်တရက်ထွက်သွားမယ်၊ ပစ်စတင် (piston) ရဲ့အပေါ်မျက်နှာပြင်တွေ ကွေးသွားမယ်၊ ဆလင်ဒါဟက် (cylinder head) လည်း ကွေးသွားမယ်၊ ကွဲသွားမယ်၊ ကင်းရှပ် (camshaft) တွေလည်းကျိုးသွားနိုင်ပါတယ်။ အင်ဂျင်ဘလောက်လည်း ကွဲတာ၊ အက်တာဖြစ်နိုင်ပါတယ်။
ရေထဲမှာအရှိန်နဲ့မောင်းနေတုန်း ရေဝင်ပြီး hydrolock ဖြစ်သွားရင် အထက်ပါအချက်တွေထဲက တစ်ခုထဲဖြစ်စေ ဒါမှမဟုတ် မောင်းတဲ့အရှိန်ကိုမူတည်ပြီး အင်ဂျင်တစ်ခုလုံးလည်း ပျက်စီးမှုတွေဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကားကိုဝပ်ရှော့ပို့ အင်ဂျင်ချပြီး 
အင်ဂျင်အစိတ်အပိုင်းတွေ အများကြီးပြုပြင်ရပါမယ်။ အင်ဂျင်တစ်ခုလုံးလဲရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အရှိန်နည်းနည်းနဲ့မောင်းနေရင်

အင်ဂျင်အစိတ်အပိုင်းတွေမပျက်စီးဘဲ ရုတ်တရက်ကားစက်ထိုးရပ်သွားတာမျိုးပဲဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင်တော့ပထမဆုံး ပလပ်အားလုံးကိုချွတ်လိုက်ပြီး အတွင်းမှာအောင်းနေတဲ့ဖိအားတွေကို ပလပ်အပေါက်တွေကနေ လျော့သွားပါစေ။

အင်ဂျင်ကို လက်နဲ့ဖြစ်စေ၊ starter motor နဲ့ဖြစ်စေ အပတ်ရေအနည်းငယ်လှည့်ပေးပါ။ နောက်ဆလင်ဒါထဲက ရေတွေကို အဆင်ပြေတဲ့နည်းနဲ့ စုပ်ထုတ်ရပါမယ်။
ပလပ်တွေကိုခြောက်သွေ့အောင်လုပ်ပေးပါ။
အခြားချို့ယွင်းချက်များမရှိပါက ပြန်တပ်ပြီးစက်ပြန်နိုးလို့ရနိုင်ပါတယ်။

ကားရပ်ထားတုန်း အင်ဂျင်ထဲရေဝင်သွားရင်ရော

ကားရပ်ထားတုန်း အင်ဂျင် ဆလင်ဒါထဲ ရေတွေဝင်နေမယ်၊ အဲဒါကိုသတိမမူဘဲ ကားစက်နှိုးမယ်ဆိုရင်တော့ ကားအင်ဂျင်အစိတ်အပိုင်းတွေဘာမှမဖြစ်ပါဘူး၊ သင့်ရဲ့ starter ပဲလောင်သွားပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင် starter mechanism's torque လို့ခေါ်တဲ့ starter motor ရဲ့ လည်ကိန်းဟာ (engine's operating torque) အင်ဂျင်အလုပ်လုပ်တဲ့လည်ကိန်းထက် နည်းနေတာမလို့ မနိုင်ဝန်ကိုအတင်းထမ်းခိုင်းသလိုဖြစ်ပြီး လောင်သွားတာပါ။

ဂီယာဘောက် (ATF) ထဲ ရေဝင်သွားတတ်တာမျိုး

ရေတက်တဲ့နေရာတွေမှာ ကားမောင်းရင် ဂီယာဘောက်ထဲ ရေဝင်တာမျိုးလည်း ကြုံခဲ့ရဖူးပါတယ်။ မိုးရာသီရေတွေကြီးတဲ့အချိန် ရေထဲဖြတ်မောင်းပြီး နောက်နေ့တွေမှာ ဂီယာအချိန်းအပြု၊ အဆွဲအရုန်း၊ တစ်မျိုးမျိုးထူးခြားတာဖြစ်တတ်တယ်၊ ဂီယာဆောင့်တာမျိုးဖြစ်တယ်ဆိုရင် (ATF) ဂီယာဝိုင် ဂိတ်တံကတဆင့် ဂီယာဝိုင်အခြေအနေကို တိုင်းတာစစ်ဆေးသင့်ပါတယ်။

ကျနော်ကိုယ်တိုင်ကြုံတွေ့ဖူးတာကတော့ အရင်နှစ် မိုးရာသီတုန်းက Belta ကားလေးတစ်စီး ဂီယာဆောင့်တယ်ဆိုပြီး ရုံမှာလာပြလို့ ဂီယာဝိုင် (ATF) ဂိတ်တံကနေ ဆီအနေအထားတိုင်းတာကြည့်တော့ ATF ဆီတွေက ရေနဲ့ရာနေလို့ ဂီယာဘောက် အောက်ဇကာပါခွာပြီးဆေးကြော ဆီအသစ်ပြန်ထည့်ပေးလိုက်ရပါသေးတယ်။ ဖြစ်ဖြစ်ခြင်း သတိထားမိပြီး မြန်မြန်ဆန်ဆန်ပြုပြင်လိုက်နိုင်လို့ အများကြီး အကုန်အကျသက်သာသွားတာပါ။

ABS မီးတွေ လင်းလာတတ်ပါတယ်

ရေတက်နေတဲ့နေရာတွေကို ဖြတ်မောင်းပြီးရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက် error တမျိုးကတော့ ABS မီးလင်းလာတာမျိုးပါ။ ဒါမျိုးကတော့ ဖြစ်လေ့ဖြစ်ထရှိပြီး အဓိက ကတော့ ABS စနစ်ရဲ့ wheel speed sensors တွေရေစိုသွားရင် ဖြစ်တတ်တာမျိုးပါ။

ပုံမှန်အားဖြင့်တော့ ရေခြောက်သွားတဲ့အချိန်မှာ ABS မီးတွေ ပြန်ပျောက်သွားတတ်ပါတယ်။ ကားခြောက်သွေ့သွားတဲ့အထိ ABS မီးတွေလင်းနေသေးတယ်ဆိုရင်တော့ ကျွမ်းကျင်ဝပ်ရှော့တွေမှာ ပြသစစ်ဆေးရမှာဖြစ်ပါတယ်။

ရေစိုလို့ဖြစ်တတ်တဲ့ ABS မီးလင်းတာမျိုးကတော့ wheel speed sensors တွေကို ဖြုတ်ဆေးကြောရုံနဲ့ ကောင်းသွားတတ်ပါတယ်။

ဒါတွေကတော့ သင် ရေထဲကားဖြတ်မောင်းနေတုန်း လေဝင်ပေါက်ကနေ အင်ဂျင်
ဆလင်ဒါထဲကို ရေဝင်သွားရင် ဖြစ်လာနိုင်တဲ့ကြီးမားတဲ့ ပြဿနာတွေကစပြီး အခြား စက်မှုပိုင်းဆိုင်ရာ၊ အီလက်ထရောနစ်ပိုင်းဆိုင်ရာ အခြေခံပြဿနာတွေပါ။ အခြားဆင့်ပွား ပြဿနာတွေအများကြီးဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ရေထဲကားမောင်းရင်သတိထားကြပါလို့ စေတနာထားတင်ပြလိုက်ရပါတယ်။
စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ တိုးပွားကြပါစေခင်ဗျာ။

စာရေးသူ : Lynn Za Nee (P.T.U)

Author