ဇရာကိုအံတုပြီး သင် ကားဆက်မောင်းနေဦးမှာလား

0

Full article

အသက်ကြီးလျှင် ဆင်စီးပါ။ သို့မဟုတ် မြင်းစီးပါဟူ၍ မြန်မာတိုင်းရင်းဆေးဆရာတို့က ဆိုတတ်ကြ၏ ။ အမှန်စင်စစ် ဆင်တို့မြင်းတို့ကို တက်စီးရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ မြန်မာပရဆေးပင်များဖြစ်သော ဆင်တုံးမနွယ်နှင့် မြင်းခွာရွက်တို့ကို မှီဝဲစားသုံးရမည်ဟု ဆေးလောကအထာဖြင့် သတိပေးကြခြင်းသာဖြစ်သည်။ အသက်ကြီးသူများအနေဖြင့် ဆင်ပဲစီးစီး၊ မြင်းပဲစီးစီး စီးလိုရာကိုစီးနိုင်ကြပါ၏ ။

သို့သော် ကားစီးဖို့ရန်ကား သတိထားသင့်သည်။ ကားမစီးသင့်ဟုဆိုခြင်းထက် ကားမမောင်းသင့်ဟုဆိုပါက ပို၍မှန်ပေလိမ့်မည်။ မော်တော်ကားမောင်းနှင်သည်ဆိုရာဝယ် သန်မာဖျတ်လတ်သောလူငယ်လူရွယ်များပင် တခါတရံ၌ အသက်ကိုရင်းနှီးပေးဆပ်ရသည်အထိ စွန့်စားမှုကြီးမားတတ်ရာ ဇရာထောင်းသောသက်ကြီးရွယ်အိုများအနေဖြင့်မူ ပို၍စွန့်စားမှုဆန်သောကိစ္စကြီးဟု ဆိုရပါမည်။ မြန်မာနိုင်ငံတွင် မော်တော်ကားမောင်းသော အသက် ၇ဝ ကျော်သူများမှာ လက်ချိုးရေတွက်၍ရအောင် ရှားပါးပေလိမ့်မည်။ သို့သော် နိုင်ငံတကာတွင်မူ အသက် ၇ဝ မှ ၈ဝ အရွယ်အဘိုးအဘွားများပင် မော်တော်ကားကို ကိုယ်တိုင်မောင်းကာ မြို့တွင်းမြို့ပြင်သွားလာလေ့ရှိကြလေသည်။
လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်က ပြုလုပ်ခဲ့သောစစ်တမ်းတစ်ခုအရ အသက် ၇ဝ နှင့်အထက် အမေရိကန်လူမျိုး ၂၂ ဒဿမ ၃ သန်းတွင် ကားမောင်းလိုင်စင်ရှိထားကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။ ယင်းပမာဏမှာ နိုင်ငံတွင်းအသက် ၇ဝ ကျော်လူဦးရေ၏ ၈ဝ ရာခိုင်နှုန်းဖြစ်ပြီး လိုင်စင်ရ ကားမောင်းသူအရေအတွက်၏ ၁၁ ရာခိုင်နှုန်းလည်းဖြစ်လေသည်။ သေသေချာချာစဉ်းစားကြည့်လျှင် ကြောက်မက်ဖွယ်အခြေအနေများနှင့် အမေရိကန်တို့ရင်ဆိုင်နေရပြီဟု ဆိုနိုင်မည်ဖြစ်၏။ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်းကလည်း အသက် ၈၁ နှစ်အရွယ်အဘိုးအိုတစ်ဦးမှာ နယူးယော့ခ်မြို့တွင်း လမ်းမကြီးပေါ်၌ ယာဉ်ကြောပြောင်းပြန်မောင်းလာပြီး မျက်နှာချင်းဆိုင်မှကားနှင့် ခေါင်းချင်းဆိုင်ဝင်တိုက်မိခဲ့သည့် မတော်တဆမှုဖြစ်ပွားခဲ့သည်။ ယင်းမတော်တဆမှုတွင် ယာဉ်မောင်းသူအဖိုးအိုမှာ အသက်အန္တရာယ်မှလွတ်မြောက်ခဲ့သော်လည်း ၄င်း၏နံဘေးတွင်လိုက်ပါလာသော အသက် ၇၆ နှစ်အရွယ် ဇနီးဖြစ်သူမှာ သနားစဖွယ် အသက်ဆုံးရှုံးခဲ့ရသည်။ ဇရာ၏အကျိုးသက်ရောက်မှုက မော်တော်ကားမောင်းရာတွင် အထင်းသားပေါ်လွင်လာခဲ့ပြီး ဘဝနေဝင်ချိန်ရောက်မှ ဇနီးမောင်နှံနှစ်ဦးကို သေခွဲ ခွဲပစ်လိုက်ခြင်းပင်။
အသက် ၇ဝ ကျော်အရွယ်များ မော်တော်ကားမောင်းရာတွင် လူငယ်များထက် ယာဉ်မတော်တဆမှုနှုန်းမြင့်မားနေသည့်အချက်ကို သုတေသီများက စမ်းသပ်လေ့လာခဲ့ကြရာတွင် အရေးပါသောအချက် ၃ ချက်ကို တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါအချက် ၃ ချက်မှာ သက်ကြီးရွယ်အိုများတွင် ဖြစ်ပေါ်တတ်သော သာမန်မဟုတ်သည့် အားနည်းချက်များ သို့မဟုတ် ကျန်းမာရေးချို့ယွင်းချက်များဟုလည်း သတ်မှတ်နိုင်ပါသည်။ ဇရာက နုတ်ယူသွားခဲ့သော စွမ်းအားများအနက် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာကို အဓိကထောက်ပံ့ပေးနေသည့် စွမ်းအားများပါဝင်နေခြင်းကြောင့် သက်ကြီးရွယ်အိုများအနေဖြင့် မော်တော်ကားကို ကိုယ်တိုင်မမောင်းသင့်ဟုတိုက်တွန်းနေရခြင်းဖြစ်သည်။ ယင်းချို့ယွင်းချက်များကို အသေးစိတ်လေ့လာကြည့်ကြပါစို့ ...။

အမြင်အာရုံအားနည်းခြင်း

အမြင်အာရုံဆိုသည်က မော်တော်ကားမောင်းရာတွင် အဓိကအသုံးချရသည့် အခြေခံအကျဆုံးသောအာရုံခံစနစ်တစ်ခုပင်။ အကွာအဝေးတစ်ခုအထိ ရှင်းလင်းစွာမြင်နိုင်သည့် လုံလောက်သောစွမ်းအားရှိထားဖို့က ကားမောင်းသူတစ်ဦးအတွက် အရေးကြီးဆုံးလိုအပ်ချက်ဟုဆိုနိုင်သည်။ သို့ရာတွင် အသက်ကြီးလာသည်နှင့်အမျှ ဖြစ်ပေါ်လာသည့် မျက်စိတိမ်စွဲခြင်း၊ မျက်ကြည်လွှာထိခိုက်ပျက်စီးခြင်းစသည့် ရောဂါများကြောင့် အမြင်အာရုံလည်း တဖြည်းဖြည်းနှင့်ဆုံးရှုံးလာရတော့သည်။ ထို့အပြင် အမှောင်မှအလင်း၊ အလင်းမှအမှောင်သို့ ရုတ်တရက်ကူးပြောင်းသွားချိန်၌ မျက်စိပြာဝေသွားရာတွင်လည်း သက်ကြီးရွယ်အိုများမှာ ပုံမှန်အမြင်ကိုပြန်ရရန် အချိန်ကြာမြင့်စွာစောင့်စားရလေ့ရှိသည်။ ဆိုကြပါစို့ ... ညအချိန်ကားမောင်းလာသည့် သက်ကြီးရွယ်အိုကားမောင်းသူတစ်ဦးအနေဖြင့် မျက်နှာချင်းဆိုင်ကားမှ စူးရှစွာထိုးလိုက်သောမီးရောင်ကြောင့် မျက်စိများပြာဝေသွားချိန်တွင် ၄င်း၏တုန့်ပြန်မှုက အဘယ်သို့ရှိပါမည်နည်း။ ကားဘရိတ်ကို ရုတ်တရက်ထိုးအုပ်လိုက်ရမည်လား ...။ လမ်းဘေးသို့ကားကိုဆွဲချလိုက်ရမည်လား ...။ ယာဉ်သွားယာဉ်လာရှုပ်ထွေးသောလမ်းမအလယ်၌ဖြစ်ပါလျင် ယင်းအဘိုးအိုမှာ ယာဉ်မတော်တဆမှုဖြစ်ပွားတော့မည်မှာ သေချာသလောက်ပင်။ အဘယ့်ကြောင့်ဆိုသော် သက်ကြီးရွယ်အိုများ၏မျက်လုံးမှာ စူးရှသည့်အလင်းရောင်ကြောင့် မျက်စိပြာဝေသွားရာတွင် ပုံမှန်အမြင်ပြန်ရရန် ပို၍အချိန်ယူရသောကြောင့်ပင်။

လျင်မြန်စွာတုန့်ပြန်နိုင်စွမ်း နည်းပါခြင်း

မော်တော်ကားမောင်းခြင်းဆိုရာဝယ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တစ်မျိုးတည်းပင်ဖြစ်သော်လည်း ပေါင်းစပ်အသုံးချရသည့် ကားမောင်းသူ၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းလှုပ်ရှားမှုများက တစ်ပုံတစ်ပင်ဖြစ်လေသည်။ ဦးနှောက်အတွင်းမှတ်သားမှု (memory)၊ မျက်လုံးရှေ့တည့်တည့်တွေ့မြင်ရသမျှတို့ကို စူးစိုက်ကြည့်ရှုရသောအာရုံခံစနစ် (visual processing attention)၊ ဦးနှောက်မှကိုယ်လက်အင်္ဂါများသို့ မတူညီသည့်အလုပ်များကို စေခိုင်းသော စီမံခန့်ခွဲမှုစနစ် (executive skills) တို့မှာ ယာဉ်မောင်း၏ကိုယ်ခန္ဓာတွင် တစ်ပြိုင်နက်တည်းပေါ်ပေါက်နေသော ဖြစ်စဉ်များပင်ဖြစ်တော့သည်။ ဤမျှအထိ အလုပ်ရှုပ်သောဖြစ်စဉ်များကို အချိန်ကိုက်စီမံခန့်ခွဲနေရသောဦးနှောက်မှာ ဇရာထောင်းလာသည်နှင့်အမျှ ချွတ်ချော်မှုများလည်း တဖြည်းဖြည်းများပြားလာရသည်မှာ သဘာဝပင်ဖြစ်၏ ။ ဥပမာအားဖြင့် ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ပြင်းထန်သည့်ဆေးဝါးများကို ကာလရှည်စွဲသောက်နေရသည့် သက်ကြီးရွယ်အိုများ၊ သတိလစ်ခြင်း၊ အတက်ရောဂါစသည့် အာရုံကြောပိုင်းဆိုင်ရာ ရောဂါများခံစားနေရသည့် သက်ကြီးရွယ်အိုများမှာ ကားမောင်းနေစဉ် အမှားအယွင်းများစွာလုပ်မိတတ်ကြလေသည်။ အထက်ကဖော်ပြခဲ့သည့် ယာဉ်ကြောပြောင်းပြန်မောင်းခြင်းမှာ သတိလက်လွတ်နှင့်ပြုမူတတ်ကြသည့် သက်ကြီးရွယ်အိုများ၏ လုပ်ရပ်များအနက်တစ်ခုပင်ဖြစ်သည်။

ယာဉ်ကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်ရန် ကြံ့ခိုင်မှုမပြည့်ဝခြင်း

ကားတစ်စီးအတွင်းမှ သက်ကြီးရွယ်အိုများကြုံတွေ့ရလေ့ရှိသည့် နောက်ထပ်အခက်အခဲတစ်ခုက ယာဉ်ကိုထိန်းချုပ်ရန် လုံလောက်သည့်ကြံ့ခိုင်မှုမျိုးမရှိတော့ခြင်းပင်။ မော်တော်ကားတစ်စီးကိုမောင်းနှင်ရန်အတွက် ကြွက်သားများ၏ သန်မာမှု၊ ပျော့ပျောင်းမှု၊ လျင်မြန်ဖြတ်လတ်မှုတို့ကလည်း မဖြစ်မနေလိုအပ်သည့်အရာများဟုဆိုရပေမည်။ ထို့အပြင် ကိုယ်ခန္ဓာကို လိုသလိုခိုင်းစေနိုင်စွမ်းရှိရန်ကလည်း အရေးကြီးလှပါ၏။ ဤနေရာတွင် မိမိပိုင်သောခန္ဓာကို ထိန်းချုပ်စေခိုင်းရန်မှာ လွယ်ကူသည်ဟုစောဒကတက်သူများ ရှိကောင်းရှိနိုင်ပါ၏ ။ သို့သော် အသက်ကြီးသူများတွင်ဖြစ်ပွားတတ်သည့် musculoskeletal ဟုခေါ်သည့် ကြွက်သားနှင့်အရိုးများ အလိုအလျောက်ရုန်းပြန်လှုပ်ရှားတတ်သည့်ရောဂါမျိုးမှာ ယာဉ်တိုက်မှုဖြစ်ပွားစေရန် အဓိကတွန်းပို့ပေးတတ်သည့် တရားခံများဟုထောက်ပြရပေလိမ့်မည်။ ယင်းရောဂါရှိသူသက်ကြီးရွယ်အိုများမှာ ကားမောင်းနေစဉ်မှာပင် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားတတ်ပြီး မလိုလားအပ်သည့် ထိခိုက်ပျက်စီးမှုများကို ပေါ်ပေါက်စေတော့သည်။

အချုပ်အားဖြင့်ဆိုသော် အာရုံစူးစိုက်မှုအပြည့်ဖြင့် လျင်မြင်စွာတုန့်ပြန်ဆုံးဖြတ်ရမည့် လမ်းမများပေါ်မှအရေးပေါ်အခြေအနေများတွင် သက်ကြီးရွယ်အိုကားမောင်းသူများမှာ အယောင်ယောင်အမှားမှားဖြင့် မိမိတို့၏အသက်ကိုအလွယ်တကူပေးအပ်ရလေ့ရှိသည်ဟုသာ ကောက်ချက်ချရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ကျွမ်းကျင်မှုနှင့်လျင်မြန်ဖျတ်လတ်မှုများ လျော့ကျသွားခြင်းသည်သာ အဓိကတရားခံဟုလည်း ဆိုနိုင်သည်။ လမ်းလေးခွဆုံနေရာများ၊ လက်ဝဲဘက်သို့အချိုးအကွေ့နေရာများတွင် လူငယ်များထက်လူကြီးများက ပြဿနာတစ်စုံတရာဖြစ်ဖို့ လမ်းပိုများလေသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဝယ် ဇရာ၏လေးလံထိုင်းမှိုင်းမှုများ ဝင်ရောက်နှောင့်ယှက်လာသောကြောင့်ပင်။ ထို့ကြောင့် စာဖတ်သူသည် အသက် ၆ဝ ကျော်၊ ၇ဝ အတွင်းသို့ ချဉ်းနင်းဝင်ရောက်နေသော ကားမောင်းသူတစ်ဦးဖြစ်ပါက မိမိကိုယ်ကိုပြန်၍မေးခွန်းထုတ်သင့်နေပေပြီ။ ''ဇရာကိုအံတုပြီး ငါ ကားဆက်မောင်းနေဦးမှာလား ...'' ဟူ၍ပင်။

စာရေးသူ :  ကိုဆွဲ (မုံရွာ)

Author