Hummer တို့ တစ်ကျော့ပြန်လာဦးမည်လော

0

Full article

လွန်ခဲ့သော ၁၀ နှစ်အတွင်း အမေရိကန်လုပ် Hummer အမှတ်တံဆိပ်ကားတို့ စျေးကွက်မှာ အတက်ကြမ်းခဲ့သလို အကျလည်းကြမ်းခဲ့သည်ဟု ဆိုရမည်။ သူ့ခေတ်အခါက လူကြိုက်များခဲ့သလောက် နောက်ပိုင်းတွင် တရိပ်ရိပ်မြင့်တက်လာသော လောင်စာဆီစျေးနှုန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့ပြဒေသများအတွက် မကိုက်ညီလှတော့သည့် ကြီးမားလှသောကိုယ်ထည်ဒီဇိုင်းများကြောင့် Hummer များ စျေးကွက်ပျောက်ဆုံးခဲ့ရသည်။ ယနေ့အချိန်အထိ Hummer အမှတ်တံဆိပ်ကိုလည်းကောင်း၊ Hummer ကားများကိုလည်းကောင်း စွဲလမ်းမြတ်နိုးသူတွေရှိနေနိုင်သေးသော်လည်း လွန်လေပြီးသော ထုထည်ကြီးကြီး၊ ပြားချပ်ချပ်ကိုယ်ထည်ဒီဇိုင်းကို အမြဲတမ်းနှစ်ချိုက်ကြလိမ့်မည်မဟုတ်ပေ။ မိခင်ကုမ္ပဏီ GM ကိုယ်တိုင်ကလည်း ဝယ်သူတစ်ဦးတယောက်မျှမရှိတော့သည့်နောက် Hummer ထုတ်လုပ်မှုကိုရပ်ဆိုင်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပင် ရှိခဲ့လေပြီ။ သို့ရာတွင် ထူးဆန်းသည်က SUV ဆန်ဆန်ကားများ၊ လမ်းကြမ်းမောင်း Off-Road ကားများ ခေတ်စားလာခဲ့ပြီးနောက် Hummer များလည်း တစ်ကျော့ပြန်ရောက်ရှိလာတော့မည်ဟု သတင်းများသဲ့သဲ့ကြားနေရခြင်းဖြစ်သည်။

ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကြောင့် ပိုမိုပူနွေးလာနေသောကမ္ဘာကြီးအနေဖြင့် ဤကဲ့သို့ ဆီစားကြမ်းပြီး ရာသီဥတုပြောင်းလဲမှုအပေါ် အကျိုးသက်ရောက်စေသော Hummer ကားများ တစ်ကျော့ပြန်ရောက်ရှိလာမည့်အရေးအတွက် အဆင်သင့်ဖြစ်ပါပြီလား။ အမှန်တကယ်ဖြစ်နိုင်ချေရှိသော အလားအလာနှင့် အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း မြင်တွေ့နေရပေသည်။

SUV ကားများ ရေပန်းစားလာခြင်း

အနာဂတ်ကိုလှမ်းမျှော်ကြည့်မည်ဆိုပါက SUV နှင့် Crossover အမျိုးအစားကားများထက် ပိုမိုရေပန်းစားမည့်ကားများ တွေ့နိုင်လိမ့်မည်မဟုတ်ပါ။ ခပ်မြင့်မြင့်နှင့် ဇိမ်ကျကျမောင်းနှင်နိုင်သည့်ခံစားမှုကလည်း ဆွဲဆောင်မှုရှိနေလေသည်။ ထို့အပြင် ပိုမိုကောင်းမွန်လာသည့်အင်ဂျင်နီယာနည်းပညာပိုင်းကြောင့် အရွယ်အစားကြီးမားသောကားများတွင် ဖြစ်ပေါ်တတ်သည့် အင်ဂျင်ပိုင်းပြဿနာများကင်း‌ဝေးသွားသလို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလည်း ပိုနည်းအောင် ပြုပြင်ထုတ်လုပ်လာကြပြီဖြစ်သည်။ ကမ္ဘာ့ကားစျေးကွက်တွင် SUV များရေပန်းစားလာမည့်အရေးကို ကားထုတ်လုပ်ရေးကုမ္ပဏီများကလည်း ကြိုတင်ခန့်မှန်းပြီးသားပင်။ မကြာသေးခင်က ကြေညာချက်အရ အမေရိကန်အခြေစိုက် Ford ကုမ္ပဏီသည် Passenger Car များအနက် Mustang အမျိုးအစားတစ်ခုကိုသာ ချန်ထားပြီး ကျန်‌မော်ဒယ်များထုတ်လုပ်မှုကို ရပ်ဆိုင်းပစ်တော့မည်ဟု သိရသည်။ တစ်နည်းအားဖြင့် Ford သည် အနာဂတ်တွင် Pickup ၊ SUV နှင့် Crossover-Utility Vehicle အမျိုးအစားကားများကိုသာ အဓိကထုတ်လုပ်ရောင်းချတော့မည်ဆိုသည့်အဓိပ္ပာယ်ပင်။ General Motors (GM) ကုမ္ပဏီအနေဖြင့်လည်း ဆီဒင်ကားအမျိုးအစားများဖြစ်သော Impala ၊ Cruz ၊ Volt ၊ CT6 ၊ XTS နှင့် ATS မော်ဒယ်များကို ဆက်လက်ထုတ်လုပ်ရန်မရှိတော့ပေ။ ဂျာမနီအခြေစိုက် Volkswagen ကုမ္ပဏီသည်လည်း Alltrack Wagon မော်ဒယ်များထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီဖြစ်သည်။ ဆိုရရင် SUV ကားများသည် စျေးကွက်အတွင်းသို့ ထိပ်တန်းဇိမ်ခံကားများအဖြစ်ပြောင်းလဲဝင်ရောက်လာခဲ့ကြသည်။ Lamborghini ၊ Bentley ၊ Maserati နှင့် Ferrari စသော ကမ္ဘာကျော်ပြိုင်ကားအမှတ်တံဆိပ်များသည်လည်း စျေးကွက်ဝယ်လိုအားကို မလွန်ဆန်နိုင်ဘဲ SUV ဆန်ဆန်ပြိုင်ကားများကို စတင်ထုတ်လုပ်လာခဲ့ကြပြီဖြစ်၏ ။ ထိုအချိန်မျိုးတွင် Hummer ကဲ့သို့ နာမည်ရှိပြီးသား စစ်မှန်သော Off-Road ကားများ ပြန်လည်ထိုးဖောက်နေရာယူမည်ဆိုလျှင် ဖြစ်နိုင်ချေများစွာရှိလေသည်။

လောင်စာဆီစျေးနှုန်းကဏ္ဍ

SUV ကားများမျက်နှာငယ်ခဲ့ရသည်က လောင်စာဆီစျေးနှုန်းမြင့်မားသောအချိန်ကာလများပင်ဖြစ်တော့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ရေနံစိမ်းတစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်ပေါက်စျေးရှိခဲ့ပြီး SUV တို့ အရောင်းထိုင်းခဲ့သည်။ သို့သော် ယနေ့ခေတ်၌ ဆီသိပ်မစားသော SUV များထုတ်လုပ်လာနိုင်ခဲ့ပြီး ခေတ်အခြေအနေအရလည်း အယူအဆများပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လက်ရှိအရှေ့အလယ်ပိုင်းပြဿနာများ၊ အမေရိကန်-အီရန်အရေးကိစ္စများကြောင့် ရေနံစျေးနှုန်းမြင့်တက်နိုင်သော်လည်း ကမ္ဘာ့ရေနံစျေးကွက်သည် အမေရိကတစ်ခုတည်းအပေါ် မှီတည်နေခြင်းမဟုတ်တော့ပေ။ ရုရှား၊ တရုတ်၊ ကနေဒါ၊ မက္ကဆီကိုစသည့်နိုင်ငံများ၏ လောင်စာထုတ်လုပ်မှုနှုန်းကလည်း အားကိုးလောက်ဖွယ်မြင့်မားလာခဲ့ပြီဖြစ်သည်။

နောက်တစ်ချက်က ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှုအရ လောင်စာဆီစျေးနှုန်းများ အနှေးနှင့်အမြန်ကျဆင်းသွားရမည်ဆိုသည့်ခန့်မှန်းချက်ပင်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှ လောင်စာထုတ်လုပ်မှုပမာဏ များပြားလာသည်နှင့်အမျှ သဘာဝသယံဇာတအရင်းအမြစ်များနှင့်ပတ်သက်ပြီး ပြိုင်ဆိုင်မှုကလည်း ပိုများလာဖို့ရှိနေသည်။ ထို့ကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ၂၀၂၀ ကမ္ဘာ့စီးပွားရေးခန့်မှန်းချက်တွင် လောင်စာဆီစျေးနှုန်း ကျဆင်းဖို့ရှိသည်ဟူသောအချက်ကို ထည့်သွင်းဖော်ပြခဲ့လေသည်။ Hummer တို့ ပြန်လည်ခေါင်းထောင်လာရန် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပေသည်။

ရေပန်းစားသော်လည်း စျေးကွက်‌ဝေစုနည်းသည့် Hummer

Hummer မော်တော်ကားများသည် စတင်မိတ်ဆက်ရောင်းချစဉ်ကတည်းက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စျေးကွက်ဝေစုများများစားစားမရှိခဲ့ချေ။ စံချိန်တင်အရောင်းရဆုံးနှစ်အတွင်းမှာပင် အစီးရေ ၇၃,၅၂၆ စီးသာရောင်းချခဲ့ရသည်။ သို့သော် စစ်သုံးယာဉ်တစ်စီးကဲ့သို့ အရှိန်အဝါနှင့်အဟန့်က ကြီးမားလှသည်။ ရုပ်ရှင်အနုပညာနှင့် အားကစားနယ်ပယ်တို့တွင်လည်း မင်းသားကြီးအာနိုးလ်၊ ဘတ်စကက်ဘောကြယ်ပွင့်လီဘရွန်ဂျိမ်းစ်နှင့် ‌ဘောလုံးသမားဒေးဗစ်ဘက်ဟမ်းတို့ နှစ်သက်စွာအသုံးပြုလေ့ရှိသည့် မော်တော်ကားအဖြစ် ရေပန်းစားသေးသည်။ တစ်နှစ်ကို ပျမ်းမျှအားဖြင့် အစီးရေ ၇၃,၀၀၀ ရောင်းရသည်ဆိုဦးတော့။ Hummer ကားများ၏‌ရောင်းအားမှာ အခြားကားများကိုတော့ ယှဉ်နိုင်မည်မဟုတ်သေးပေ။ ဥပမာအားဖြင့် Ford F150 မော်ဒယ်များ၏တစ်နှစ်ရောင်းအားမှာ ၉၀၉,၃၃၀ စီး၊ Toyota Rav4 မော်ဒယ်များမှာ ၄၂၇,၁၇၀ စီး၊ Nissan Rouge မော်ဒယ်များမှာ ၄၁၂,၁၁၀ စီးအထိရှိကြလေသည်။ တစ်ခုတည်းသောလိုအပ်ချက်က Hummer မော်တော်ကားများ၏ဆီစားနှုန်းကို ပြန်လည်ထိန်းညှိပြင်ဆင်ရေးပင်။ ယခင်က ကမ္ဘာ့ရာသီဥတုနှင့်ပတ်ဝန်းကျင်အတွက် ဗီလိန်ဖြစ်ခဲ့ရာမှ ဟီးရိုးအဖြစ် ပြောင်းလဲပြင်ဆင်နိုင်ခဲ့မည်ဆိုလျင် Hummer တို့ အောင်မြင်နိုင်စရာရှိလေသည်။

လျှပ်စစ် Hummer ကောလာဟလများ

Hummer လို ရုန်းအားကြမ်းကြမ်း Off-Road ကားတစ်စီးကို ဘက်ထရီသုံးလျှပ်စစ်ကားအဖြစ် ထုတ်လုပ်မည်ဆိုခြင်းကို ရယ်စရာကောင်းသောကောလာဟလတစ်ခုအဖြစ်သာ ယူဆကြပါလိမ့်မည်။ သို့သော် ပင်မကုမ္ပဏီ GM အတွက် အဓိပ္ပာယ်ရှိပြီး လက်တွေ့ကျသောစီမံကိန်းတစ်ရပ်လည်း ဖြစ်နေပြန်သည်။ လက်ရှိအချိန်တွင် GM သည် Cadillac မော်ဒယ်အတွက် BEV3 (Battery Electric Vehicle) ဟုအမည်ပေးထားသော ပလက်ဖောင်းတစ်ခုကို တည်ဆောက်ဖန်တီးနေပြီဖြစ်သည်။ BEV3 စနစ်သည် ရှေ့ယက်၊ နောက်ယက်နှင့် လေးဘီးယက်စနစ်အားလုံးအတွက် လုံလောက်သောစွမ်းအားကိုထောက်ပံ့ပေးနိုင်သည်ဖြစ်ရာ Hummer မော်ဒယ်များအတွက်လည်း အသုံးပြုနိုင်ဖွယ်ရှိနေသည်။

လေးဘီးယက်ကား၊ လမ်းကြမ်းမောင်းကားများကို ဘက်ထရီဖြင့်ထုတ်လုပ်မည်ဆိုသည့်အယူအဆကို ခိုင်မာလာအောင်တွန်းအားပေးသည့်ကုမ္ပဏီတစ်ခုကတော့ Tesla ပင်ဖြစ်၏ ။ GM တွင်တော့ ပိုမိုကောင်းမွန်ပြီး သမ္ဘာရင့်သည့်အင်ဂျင်နီယာနည်းပညာများပိုင်ဆိုင်ထားပြီးဖြစ်ရာ အလုံးအထည်မပျက်ဘဲ လျှပ်စစ်ဘက်ထရီအစားထိုးထားသည့် Hummer များထွက်ပေါ်မလာနိုင်ဟု ယတိပြတ်မပြောနိုင်ပါချေ။ လက်တွေ့အားဖြင့်လည်း Hummer HX ဟုအမည်ပေးထားသောလျှပ်စစ် Off-Road ကား Concept တစ်စီးကို ၂၀၀၈ ခုနှစ်ကတည်းက ပုံစံပြုထုတ်လုပ်ထားခဲ့သေးသည်။ ထိုကားမှာ Off-Road စွမ်းဆောင်ရည်အပြည့်ပါဝင်သလို ဇိမ်ခံ SUV တို့၏ဂုဏ်အင်္ဂါရပ်တို့ကိုလည်း ပိုင်ဆိုင်ထားသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ GM အနေဖြင့် Hummer မော်ဒယ်များကို တကျော့ပြန်ထုတ်လုပ်ပါက အမေရိကစျေးကွက်ကတော့ ကြိုဆိုနေလိမ့်မည်သာ။

Ref : Should Hummer Make A Comeback? by BEN RESNIKOFF

ကိုဆွဲ(မုံရွာ)

Author