ဆိုင်ဂုံ သို့မဟုတ် ဟိုချီမင်းစီးတီးနှင့် Vietnam Motor Show 2019

0

Full article

  • ၁၇ ရာစုအထိ ကမ္ဘောဒီးယားရဲ့အစိတ်အပိုင်းတစ်ခု။
  • အဲဒီနောက်ပိုင်းတော့ ငုရင်ဘုရင်တွေ အခြေစိုက်ရာအဖြစ်အသုံးခံခဲ့တဲ့မြို့။
  • ၁၈၅၉ မှာတော့ ပြင်သစ်ပိုင်ဖြစ်ခဲ့ပြီး ၁၉၅၆ ကနေ ၁၉၇၅ အထိမှာတော့ Repubic of Vietnam ရဲ့ မြို့တော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့မြို့။
  • ဟနွိုင်းအစိုးရနဲ့ မြောက်ဗီယက်နမ်တွေကတော့ ဟိုချီမင်းစီးတီးလို့သမုတ်ခဲ့တဲ့မြို့။
  • အင်ဒိုနီးရှားပြီးရင် အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံးနိုင်ငံရဲ့ စီးပွားရေးမြို့တော်။
  • အစိမ်းရောင်တက္ကဆီ၊ မော်တော်ဆိုင်ကယ်နဲ့ ကော်ဖီဆိုင်တွေပြည့်နှက်နေတဲ့မြို့။
  • စည်းလုံးမှုအရမ်းရှိပြီး ဘာသာစကားတစ်မျိုးတည်းအသုံးပြုတဲ့မြို့။
  • ည ၁၀ နာရီအထိ အားလုံးရနိုင်သေးပြီး ပျင်းရိနေသူတွေကို ရှီရှားပေးတိုက်ထားတဲ့မြို့။
  • Mercedes-Benz ကို CKD နဲ့ထုတ်လုပ်နေတဲ့မြို့ သို့မဟုတ် ဆိုင်ဂုံ သို့မဟုတ် ဟိုချီမင်းစီးတီး။

ဒီလိုဂုဏ်ပုဒ်တွေပိုင်ဆိုင်ထားတဲ့ ဟိုချီမင်းစီးတီးမှာ ကျင်းပခဲ့တဲ့ Vietnam Motor Show 2019 ကတော့ ကြက်ပျံမကျစည်းကားလှတယ်လို့တောင် ပြောလို့ရတယ်။ Motor Show ကိုလာရောက်တဲ့သူတွေဟာ ခန်းမကျယ်ကြီးထဲမှ ကြပ်ညပ်နေတယ်လို့တောင်ပြောနိုင်ပြီး ထူးခြားတာကတော့ ဘယ်သူကမှ ရှိန်ခြင်းပြုခြင်းမရှိ ကြိုက်နှစ်သက်ရာကားတွေကို သေသေချာချာ တက်ကြည့်၊ မောင်းကြည့် လေ့လာကြည့်ကြတာပါပဲ။

ပြပွဲမှာ နာမည်ကျော် brands တွေအတွက် အထူးသီးသန့်အကျယ်ဆုံး အကောင်းဆုံးအဆောက်အဦကိုပေးထားပြီး နံဘေးပတ်လည်မှာလည်း Vinfast လိုမျိုး ဈေးသက်သာတဲ့ ဗီယက်နမ်နိုင်ငံထုတ်ကားတွေနဲ့ ကားနဲ့စပ်ဆက်ပစ္စည်းတွေကို ပြသရောင်းချလျက်ရှိတာပါ။ Test drive လုပ်စရာကားများစွာကလည်း စည်စည်ကားကားနဲ့ရှိနေပြီး Land Rover ဆိုရင် Above and Beyound Tour ကိုပါ ပြပွဲမှာ တစ်ပါတည်း ထည့်သွင်းကျင်းပခဲ့တာတွေ့ရပါတယ်။ ကျေနပ်ဖို့ကောင်းတာတစ်ခုကတော့ ဘယ်အမှတ်တံဆိပ်၊ ဘယ်ကုန်ပစ္စည်း ၊ ဘယ်လို test drive မှာမဆို ကြည့်ရှု၊ လေ့လာ၊ စမ်းသပ်၊ ဝယ်ယူသူတွေနဲ့ပြည့်နှက်နေတာပါပဲ။

အဓိကခန်းမကျယ်မှာတော့ ကမ္ဘာကျော် brands တွေပြသလျက်ရှိတာတွေ့ခဲ့ရပြီး ဝင်ပေါက်ညာဘက်ဘေးမှာ နေရာယူထားတာကတော့ Volkswagen ပါ။ သူ့ရဲ့နောက်မှာ FordLand RoverJaguar နဲ့ Subaru တို့က အစဉ်လိုက်ရှိနေပါတယ်။ Subaru ရဲ့နံဘေးမှာတော့ ပြိုင်ကားနှစ်စီးပါထည့်သွင်းပြသထားတဲ့ Honda။ Honda နဲ့ကပ်လျှက်ကတော့ Mitsubishi။ ပြပွဲရဲ့ အလယ်ခေါင်မှာတော့ Lexus နဲ့ ကျောခြင်းကပ် Toyota တို့ကနေရာယူထားပါတယ်။ Toyota/Lexus ကဆက်သွားမယ်ဆိုရင် နေရာကျယ်ကျယ်ကားများများနဲ့ Mercedes-Benz ကိုတွေ့မြင်ကြရမှာပါ။ Mercedes-Benz ရဲ့ နံဘေးမှာက Nissan။ Nissan ပြီးရင် Suzuki နဲ့ Volvo တို့အစဉ်လိုက်ရှိနေပြီး နောက်ဆုံးမှာတော့ မကြာမီမြန်မာပြည်ကို တရားဝင် ဝင်ရောက်လာတော့မယ့် Audi ရှိနေပါတယ်။

Audi ဟာ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာအနှံ့ကားအစီးရေ ၁.၈ သန်းကျော်ထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့ ဂျာမနီအမှတ်တံဆိပ်ဖြစ်ပြီး အခြားဂျာမန်အမှတ်တံဆိပ်တွေဖြစ်ကြတဲ့ Mercedes-Benz နဲ့ BMW တို့အတွက်တော့ အမြဲတမ်းစိန်ခေါ်သူအဖြစ်တည်ရှိနေမယ့် အမှတ်တံဆိပ်လည်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Audi ရဲ့ နည်းပညာဟာ ဂျာမန် Brands တွေထဲမှာတောင် ဦးဆောင်အမှတ်တံဆိပ်တစ်ခုလို့ဆိုလို့ရနိုင်ပါတယ်။ Vietnam Motor Show 2019 မှာတွေ့မြင်ခဲ့ရတဲ့ Audi တွေမှာ ထူးခြားချက်ကတော့ ရိုးရှင်းမှုနဲ့ အရည်အသွေးမြင့်မားမှုပါပဲ။

ပြပွဲမှာပါဝင်တဲ့ Audi Myanmar ရဲ့ Director of Operations ဖြစ်သူ ပြင်သစ်သား Antoine Jeanson ကတော့ “Audi ကထုတ်လုပ်တဲ့ကားတွေဟာ ဒီဇိုင်းအားဖြင့် လူတိုင်းအတွက်လက်တွေ့အသုံးကျလှပြီး ရိုးရှင်းတယ်။ အသုံးမဝင်တဲ့ ပစ္စည်းပစ္စယတွေပါဝင်ခြင်းမရှိဘဲ အသုံးဝင်တဲ့ အစစ်အမှန်တွေပဲ ထည့်သွင်းပေးထားတယ်။ Audi ဟာ အမြဲတမ်းစိန်ခေါ်သူ အမှတ်တံဆိပ်ဖြစ်ပြီး၊ နည်းပညာပိုင်းဆိုင်ရာအရ ထိပ်ဆုံးအဆင့်မှာရှိတယ်။ လှပမှုထက် အလုပ်ဖြစ်မှုကို ဦးစားအမြဲပေးထားတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ထူးခြားတာကတော့ ကမ္ဘာအနှံ့ ဘယ်နိုင်ငံအတွက်ကိုမဆို တူညီပြီး မြင့်မားလှတဲ့ အရည်အသွေးကိုပဲ ထုတ်လုပ်ရောင်းချပေးတယ်” လို့ဆိုပါတယ်။


Vietnam Motor Show 2019 မှာတော့ Audi ဟာ A6 ၊ A7 ၊ A8 အစရှိတဲ့ sedans တွေ၊ Q2 ၊ Q3 ၊ Q5 ၊ Q7 နဲ့ Q8 အစရှိတဲ့ SUVs တွေအပြင် e-tron လိုမျိုး မော်တော်ယာဉ်တွေရဲ့အနာဂတ်ဖြစ်တဲ့ EV (လျှပ်စစ်ကား) ကိုပါထည့်သွင်းပြသခဲ့တာပါ။

A6

A6 ဟာ sedan တစ်စီးဖြစ်ပြီး အရှေ့မီးတွေဟာ Matrix LED အပါအဝင် LED တွေနဲ့ပြည့်နှက်နေတဲ့ကားတစ်စီးဖြစ်ပါတယ်။ ရှေ့ယက်နဲ့ရရှိနိုင်သလို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ဘီးလေးဘီးစလုံးနဲ့မောင်းနှင်နိုင်တဲ့ quattro နည်းပညာကိုတောင်မှ ultra technology နဲ့လည်းရရှိနိုင်ပါသေးတယ်။ ကားအကွေ့တွေမှာ နီးတဲ့ဘက်ကဘီးနှစ်ဘီးကိုအရှိန်လျော့ချပေးပြီး အဝေးခြမ်းက ဘီးနှစ်ဘက်ကို အရှိန်ပိုပေးနိုင်တဲ့နည်းပညာမျိုးဖြစ်တဲ့အတွက် အတည့်၊ အကွေ့ ဘယ်လိုမောင်းမောင်း တည်ငြိမ်ညက်ညောမှုအပြည့်ရရှိနိုင်တယ်လို့ဆိုပါတယ်။

တစ်စီးလုံးဟာ အကောင်းစားသားရေသားအပြည့်နဲ့ဖြစ်ပြီး တော်တန်ရုံအရည်အသွေးလျော့ချမှုကို လိုက်ရှာဖို့မလွယ်ကူပါဘူး။

A7 Sportback


A6 ရဲ့နောက်ပိုင်းဒီဇိုင်းကို မကြိုက်တဲ့သူတွေအတွက်တော့ A7 Sportback ရဲ့ညှို့ငင်မှုကနေ ရုန်းထွက်ဖို့ သိပ်မလွယ်လောက်ပါဘူး။ အသုံးပြုထားတဲ့အင်ဂျင်တွေကတော့ 55 TFSI quattro အတွက် Turbocharged 6-cylinder petrol engine with direct fuel injection and 48V mild hybrid MHEV ဖြစ်ပြီး 45 TFSI အတွက်တော့ Turbocharged 4-Cylinder petrol engine (International Engine of the Year 2019) with direct fuel injection and 12V mild hybrid MHEV တို့ဖြစ်ကြပါတယ်။ အင်ဂျင်နှစ်မျိုးစလုံးဟာ transmission အဖြစ် 7-speed S tronic ကိုအသုံးပြုပေးထားတာပါ။

A6 နဲ့ A7 ဟာ chassis ၊ အင်ဂျင်တော်တော်များများတူညီပြီး ထင်ရှားတဲ့ကွဲပြားတာကတော့ အမိုးပုံစံပဲဖြစ်ပါလိမ့်မယ်။

A8L


A8L ကိုတော့ quattro နဲ့ပဲရရှိနိုင်ပါလိမ့်မယ်။ 55 TFSI quattro အတွက် Turbocharged V6 TFSI petrol engine ကိုအသုံးပြုထားတာတွေ့ရပြီး 8-speed tiptronic transmission နဲ့ပါ။ Displacement ကတော့ 2,995cc ရှိပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 340hp အထိထုတ်လွှတ်နိုင်စွမ်းရှိပါတယ်။ အမြင့်ဆုံးမြန်နှုန်းအနေနဲ့ တစ်နာရီကို ကီလို ၂၅၀ အထိမောင်းနှင်နိုင်မှာဖြစ်ပြီး 0-100 km/L အတွက် 5.7-sec သာကြာမြင့်မယ့်ကားတစ်စီးပါ။ ဆီစားနှုန်းအနေနဲ့လည်း ပျမ်းမျှ 12.7 km/L အထိရရှိနိုင်တာမို့လို့ သပ်သပ်ရပ်ရပ်လေးစီးချင်သူတွေအတွက် ရေရှည်ကုန်ကျစာရိတ်သိပ်မများလှပဲ စီးနင်းနိုင်မယ့်ကားတစ်စီးလို့လည်းဆိုနိုင်ပါတယ်။ အရည်အသွေးပိုင်းမှာတော့ လုံးဝစိတ်တိုင်းကျစရာကားတစ်စီးဖြစ်ပြီး ခေတ်မီနည်းပညာတွေနဲ့ပြည့်စုံကာ ဂျာမနီတွေရဲ့ ထုတ်လုပ်မှုဖြစ်တဲ့အတိုင်း တာရှည်ခံမှုနဲ့ လက်တွေ့အသုံးကျမှုအပိုင်းမှာတော့ ထိပ်တန်းအဆင့်ရှိနေတာ သေချာပါတယ်။

Q2

Q2 ကတော့ SUV အငယ်စားဖြစ်ပြီး အတွင်းခန်းဟာ smart အရမ်းကျတယ်။ အဆင့်မြင့် နည်းပညာတွေအများကြီးပါဝင်တယ်။ ထိုင်ခုံအနေအထားလည်းမြင့်မားတဲ့အတွက် SUV အငယ်စားကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်နေမှာပါ။ သက်သောင့်သက်သာမောင်းနှင်နိုင်စွမ်း၊ စတိုင်ကျပြီး သေသေချာချာတည်ဆောက်ထားတဲ့အတွင်းခန်းနဲ့ အဆင့်မြင့်ကောင်းမွန်လှတဲ့နည်းပညာတွေဟာ Q2 ရဲ့ အကောင်းဆုံးအချက်တွေလို့မြင်မိပါတယ်။

မြန်မာနိုင်ငံလိုမျိုး SUV အငယ်စားတွေ ခေတ်စားတဲ့နိုင်ငံအတွက်တော့ Audi ရဲ့ Q2 ဟာ များမကြာမီအချိန်အတွင်း ရေပန်းစားလာနိုင်မယ့် model တစ်ခုဖြစ်လာနိုင်ပါတယ်။

Q3

Q3 ကတော့ upmarket အတွက် compact SUV ဖြစ်ပြီး Audi ရဲ့ထုံးစံအတိုင်း အဆင့်မြင့်နည်းပညာတွေနဲ့ ပြည့်စုံလှတဲ့ကားတစ်စီးပါ။ Cabin မှာလည်း ကျယ်ဝန်းတဲ့နေရာလွတ်များစွာပါဝင်တဲ့အတွက် လွတ်လွတ်လပ်လပ် မောင်းနှင်စီးနင်းနိုင်မယ့်ကားတစ်စီးဖြစ်ပါတယ်။ နည်းပညာပိုင်းမှာ ခေတ်ရှေ့ပြေးလှတဲ့ Audi ရဲ့ထုတ်ကုန်ဖြစ်တာနဲ့အညီ အဆင့်မြင့်နည်းပညာများပါဝင်ခြင်း၊ ကျယ်ပြောတဲ့ အတွင်းခန်းပါဝင်ခြင်းနဲ့ လက်တွေ့အသုံးကျလှမယ့် နောက်ပစ္စည်းထားခန်းပါဝင်ခြင်းတွေဟာ Audi Q3 ရဲ့ ကောင်းမွန်လှတဲ့အချက်တွေပါပဲ။

နောက်ထပ်ထူးခြားချက်ကတော့ လူတိုင်းမှတ်မိနိုင်တဲ့ Audi ရဲ့ grille ဒီဇိုင်းဟာ ကြီးမားလာလေ ပိုမိုကြွားရွားလာလေဖြစ်တဲ့အတွက် Q3 ဟာ ရှေ့ဘက်ကကြည့်မယ်ဆိုရင် ကြွားရွားလို့နေတာတွေ့ရပါတယ်။

Q5

Q2 နဲ့ Q3 ဟာ quattro မဖြစ်ပေမဲ့ Q5 ကတော့ quattro ပါ။ Q5 ဟာ မိသားစုသုံးအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီး မိုင်ပေါင်းများစွာကို သက်သောင့်သက်သာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စားသုံးနိုင်မယ့် ကားတစ်စီးဖြစ်ပါတယ်။ မြင်သူတကာ ပစ်ကျသွားလောက်စရာ ကောင်းမွန်စွာတည်ဆောက်ထားခြင်း၊ လူလေးယောက်သာစီးနင်းမယ်ဆိုပါက လုံးဝကို လွတ်လပ်စွာစီးနင်းနိုင်ခြင်းနဲ့ တိတ်ဆိတ်စွာ သက်သောင့်သက်သာရှိခြင်းတွေဟာ Q5 ရဲ့ အားသာချက်တွေပါပဲ။

ပြောရမယ်ဆိုရင် Audi ရဲ့ Q5 ဟာ နေရာမျိုးစုံအတွက် အကောင်းဆုံး SUV တစ်စီးလို့တောင်မှဆိုကြတာပါ။ သင့်ရဲ့လိုအပ်ချက်အားလုံး ပါဝင်နေတဲ့ကားတစ်စီးလည်းဖြစ်နေနိုင်ပါသေးတယ်။

Q7

Q7 ကလည်း quattro နဲ့ပါပဲ။ သူကတော့ လူ ၇ ယောက်စီး SUV ဖြစ်ပြီး တောက်ပကာ အဆင်တန်ဆာအပြည့်နဲ့ ကားလို့ဆိုနိုင်ပါတယ်။ လူ ၇ ယောက်စီးကားဖြစ်တာနဲ့အညီ နေ့စဉ်ဘဝ လက်တွေ့ကျလှတဲ့ cabin ၊  standard အဖြစ်ထည့်သွင်းပေးထားတဲ့ ကောင်းမွန်လှတဲ့ ကရိယာတန်ဆာပလာတွေနဲ့ မောင်းနှင်တဲ့နေရာမှာ လွန်စွာမှ သက်သောင့်သက်သာဖြစ်ခြင်းဟာ Q7 ရဲ့အကောင်းဆုံးအချက်တွေပါပဲ။ တကယ်လို့များ နောက်ဆုံးခုံတွေကိုသာအသုံးမပြုဘူးဆိုရင်တော့ Q7 မှာက SUV အားလုံးထဲမှာ အကျယ်ဆုံးနောက်ခန်းကိုရရှိနိုင်မှာဖြစ်ပါတယ်။

နေရာကျယ်ကျယ်ပြန့်ပြန့်ကြိုက်နှစ်သက်တဲ့ မြန်မာနိုင်ငံအတွက် အရည်အသွေးအပြည့်နဲ့ SUV နေရာမှာ Audi ရဲ့ Q7 ဟာအကောင်းဆုံးဝင်ယူလာနိုင်ပါတယ်။


Q8

နိုင်ငံတကာဈေးကွက်မှာ ရောင်းချလျက်ရှိတဲ့ အကြီးဆုံး SUV တွေထဲမှာတော့ Audi ရဲ့ Q8 ဟာ ထိပ်တန်းအဆင့်မှာရှိလို့နေပါတယ်။

အတွင်းခန်းရဲ့ စတိုင်ကျလှပမှု၊ မောင်းနှင်ရမှာ သက်သောင့်သက်သာအထူးရှိမှုနဲ့ Audi ရဲ့ထုံးစံအတိုင်း အဆင့်မြင့်နည်းပညာအင်္ဂါရပ်တွေပြည့်စုံမှုကတော့ Q8 ရဲ့ထူးခြားချက်တွေပါပဲ။ နောက်တစ်ခုက Q8 ကလည်း quattro နဲ့ဖြစ်တာမို့လို့ မောင်းနှင်ရာမှာ အထူးညက်ညောအားကောင်းမယ်ဆိုတာကတော့ ပြောနေစရာလိုမယ်မထင်ပါဘူး။

Q8 နဲ့အတူ မြို့ပတ်မောင်းရတာဟာ ကြီးမားတဲ့ကိုယ်ထည်နဲ့ မလိုက်ဖက်လောက်အောင်ကို လွယ်ကူချောမွေ့တာတွေ့ရပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာလည်း နည်းပညာပါပဲ။

e-tron

e-tron ကတော့ အနာဂတ်မှာ တစ်ကမ္ဘာလုံးက အသုံးပြုကြတော့မယ့် လျှပ်စစ်ကားအမျိုးအစားပါ။ ကျယ်ပြန့်လှတဲ့အတွင်းခန်းနဲ့ နေ့စဉ်ဘဝလက်တွေ့ကျမှုတွေဟာ e-tron ကိုမြင်လိုက်တာနဲ့ e-tron အပေါ်ထိုင်လိုက်တာနဲ့ ပြောနေစရာမလိုဘဲ သဘောပေါက်သွားနိုင်ပါလိမ့်မယ်။ လျှပ်စစ်မော်တာနှစ်လုံးရဲ့ မောင်းနှင်အားဟာလည်း အားကောင်းလှပြီး ဆီဖိုးလုံးဝကုန်ကျမှုမရှိတော့တာကိုတော့ လူတိုင်းနှစ်သက်ကြပါလိမ့်မယ်။ ရှေ့တွင်သာမက နောက်ခုံများလည်း ထူးထူးခြားခြားကျယ်ဝန်းခြင်း၊ မောင်းနှင်ရာမှာ လွန်စွာမှ သက်သောင့်သက်သာရှိခြင်းနဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ cabin ရဲ့ ကြီးကျယ်လှပခြင်းတွေဟာ e-tron ရဲ့အားသာချက်တွေဖြစ်ပေမဲ့ လောင်စာဆီအသုံးမပြုရခြင်းကတော့ တကယ် တကယ့်ကို အားအသာဆုံးအချက် ဖြစ်ပါလိမ့်မယ်။

Author