ရုရှားသမ္မတကြီး ပူတင်လိုမျိုး Aurus Senat ကြီးစီးကြမလား

0

Full article

ရုရှားအုပ်ချုပ်ရေးစနစ်ရဲ့ လူကုံထံအသိုင်းအဝိုင်းမှာတော့ မြေပြင်ပေါ်က ဇိမ်ခံရွက်လှေတွေအဖြစ်နဲ့ ခမ်းနားထည်ဝါတဲ့  Rolls-Royce ၊ Bentley ဒါမှမဟုတ် Mercedes-Benz အမှတ်တံဆိပ် မော်တော်ကားတွေကိုအသုံးပြုကြတာပါ။ သမ္မတကြီးပူတင်တောင်မှ​ နိုင်ငံတော်အခမ်းအနားတွေမှာ အရင်ကဆိုရင် Mercedes-Benz အမှတ်တံဆိပ် မော်တော်ကားကိုအသုံးပြုခဲ့ဖူးတယ်။ အခုတော့မဟုတ်တော့ပါဘူး။

ရုရှားသမ္မတကြီးဟာ အခုဆိုရင် ရုရှားနိုင်ငံထုတ် မော်တော်ကားကြီးကို အသုံးပြုနေပါပြီ။ Aurus အမှတ်တံဆိပ် Senat (Сенат) အမျိုးအစားပါ။ Aurus ဆိုတာကတော့ ရုရှားတို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်အဖွဲ့အစည်း FSUE NAMI ပိုင်ဆိုင်တဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးဖြစ်ပါတယ်။ ရုရှားမှာတောင်မှ showroom ဖွင့်ပြီး Aurus Senat တွေစတင်ရောင်းချတာဟာ မကြာမြင့်သေးပါဘူး။ ဒါပေမဲ့ မကြာမီမှာပဲ ဥရောပနဲ့ အာရှကို ခြေဆန့်လာဖို့အလားအလာတွေ တွေ့နေရပါပြီ။ အကြမ်းဖျင်းပြောရမယ်ဆိုရင် Aurus ဟာ ရုရှားအစိုးရပိုင် မော်တော်ယာဉ်ထုတ်လုပ်ရေးလို့ ဆိုလို့ရပါတယ်။

Aurus ဟာ Senat ကိုထုတ်လုပ်ဖို့အတွက် 2013 ခုနှစ်ကတည်းစတင်ခဲ့ပြီး သုတေသနလုပ်ငန်းအတွက်သက်သက်ကို စုစုပေါင်းအနေနဲ့ ရူဘီငွေ 12.4 ဘီလီယံ (ဒေါ်လာ 189 သန်း) လောက်ရင်းနှီးခဲ့ရပါတယ်။ ဒါတောင်မှ 2018 ကျမှသာ Aurus အနေနဲ့သူတို့ရဲ့ ပထမဆုံးထုတ်ကုန်ကို Mosco International Automobile Salon မှပြသနိုင်ခဲ့ပြီး အဲဒီပွဲကို ရုရှသမ္မပူတင်ကိုတိုင်လည်း Senat limousine ကြီးနဲ့အတူ တက်ရောက်အားပေးခဲ့ပါသေးတယ်။

Aurus ရဲ့ design language ကိုသုံးသပ်ရမယ်ဆိုရင်တော့ အလန်းစားနဲ့ လက်ရှိအကောင်းဆုံးထုတ်ကုန်ဖြစ်တဲ့ Senat ဟာ Rolls-Royce Phantom နဲ့ တော်တော်ကြီးကို ဆင်တူတဲ့ကားတစ်စီးဖြစ်တယ်။ တိတိကျကျဆိုရရင် Phantom ထက် နည်းနည်းလေးပိုတိုတယ်။ Phantom က 226.9-inch ရှည်ပြီး Senat ကတော့ 221.7-inch အရှည်ရှိတယ်။ ဒါ့အပြင် Senat ကို limousine ဒီဇိုင်း wheelbase အရှည်ပုံစံနဲ့လည်း ထုတ်လုပ်ထားပြီး Senat limousine ဟာဆိုရင်တော့ 260.6-inch အထိတောင်မှ အရှည်ရှိတာပါ။ ဒါပေမဲ့ Senat နှစ်မျိုးစလုံးဟာ Phantom ထက် တစ်လက်မ မပြည့်တပြည့်လောက်ပိုမြင့်ကြပါတယ်။ ခန့်ခန့်ထည်ထည် ဝင်နိုင်ထွက်နိုင်တာပေါ့။

ပါဝါကတော့ ဘီးလေးဘီးစလုံးကို 9-speed automatic ကနေတစ်ဆင့် မြင်းကောင်ရေ 598 အထိထုတ်လွှတ်ပေးနိုင်တဲ့ twin-turbocharged အင်ဂျင်ကနေ ပို့လွှတ်မှာပါ။ 4.4-liter V8 အင်ဂျင်ဖြစ်ပြီး torque ကတော့ 649 pound-feet ရှိတယ်လို့ဆိုပါတယ်။​ သတင်းတွေအရ အင်ဂျင်ပိုင်းကို Porsche နဲ့ Bosch တို့က ပူးပေါင်းတည်ဆောက်ပေးထားတယ်လို့လည်း သိရပါတယ်။ Hybrid version အနေနဲ့လည်းရှိပြီး 42-kW လျှပ်စစ်မော်တာကိုအသုံးပြုထားတယ်။ 2024 ဒါမှမဟုတ် 2025 မှာတော့ လျှပ်စစ်စွမ်းအင် အပြည့်အဝသုံး Senat တွေထုတ်လုပ်သွားဖို့လည်းရှိပါသေးတယ်။

ဈေးနှုန်းကတော့ သက်သာတယ်လို့တောင်မှပြောလို့ရတယ်။ အခြေခံဈေးနှုန်း ရူဘီ 18 သန်းခန့်ပါ။​ အမေရိကန်ဒေါ်လာနဲ့ဆိုရင်တော့ $270,000 ပေါ့။ Phantom ရဲ့အကြမ်းဖျင်းဈေးနှုန်း $450,000 နဲ့နှိုင်းယှဉ်မယ်ဆိုရင်သာ သက်သာတယ်လို့ ပြောရတာဖြစ်ပေမဲ့ တကယ့်တကယ်မှာတော့ $270,000 ဆိုတာ မနည်းလှတဲ့ငွေကြေးပမာဏတစ်ခုဖြစ်ပါတယ်။

မူရင်းဈေး အမေရိကန်ဒေါ်လာ နှစ်သိန်းခုနစ်သောင်းတန် Aurus Senat ကြီးကို သမ္မတကြီးပူတင်လိုမျိုး စီးမယ်ဆိုရင်တော့ဖြင့် လက်ရှိအချိန်မှာ တရားဝင်ရောင်းချခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ အော်ဒါမှာဖို့အတွက် လက်ခံလျက်ရှိပြီး 2020 နဲ့ 2021 အတွင်းမှာတော့ တရုတ်နိုင်ငံကိုတင်သွင်းဖို့အစီအစဉ်တွေ ရှိနေတယ်လို့သိရပါတယ်။

REF: Russian State-Backed Aurus Senat Is a 598-HP, $274K Luxury Barge Built for Oligarchs by Chris Chin

Author