Full article

ယခုရက်ပိုင်းတွင် ရန်ကုန်မြို့တစ်ဝှမ်း လမ်းဘေးကားမရပ်ရနေရာများတွင် ရပ်ထားသော ကားများအား[ကရိန်းဖြင့် လိုက်လံဖယ်ရှားနေကြောင်း](http://www.myanmarcarsdb.com/news/tow-truck/)သိရှိရသည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် မှန်ကန်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း မှတ်ချက်ချရလိမ့်မည်။ သို့သော် ယခုကဲ့သို့ ကားမရပ်ရနေရာများတွင် ရပ်နေသော ကားများကို ကရိန်းဖြင့်ဆွဲရုံမျှဖြင့် ပြသနာမှာ ပြေလည်သွားနိုင်မည်လား။

ယခုဖြစ်ပေါ်နေသော ကိစ္စမှာ လွယ်လွယ်ကူကူဖြေရှင်း၍ ရသောအရာမဟုတ်သည်က သေချာပါသည်။ တာဝန်ရှိသူများအနေဖြင့် ပြသနာ၏ အရင်းအမြစ်ကို သေချာစိစစ်ကြည့်ဖို့လိုပါသည်။ အရင်ဦးဆုံးအနေဖြင့် ကားများကို မည်သည့်အတွက်ကြောင့် လမ်းဘေးများ၊ လမ်းပေါ်များတွင် နှစ်ထပ် သုံးထပ် ရပ်နားနေရပါသလဲ။ ယဉ်ရပ်နားစရာ နေရာများ အလုံအလောက်မရှိခြင်းက အဓိကအခက်အခဲဖြစ်ပါသည်။ ရန်ကုန်မြို့ကဲ့သို့ မြို့တော်ကြီးတစ်ခုတွင် ကားရပ်နားရန် နေရာများထည့်သွင်းတည်ဆောက်ရန် ယခင်ထဲက စဉ်းစားခဲ့ခြင်း မရှိခဲ့။ အထပ်နိမ့်တိုက်များနေရာတွင် အထပ်မြင့်တိုက်ခန်းများ အစားထိုးတည်ဆောက်ခဲ့သော်လည်း ကားရပ်နားရန်နေရာများ ထည့်သွင်းတည်ဆောက်ခြင်း မပြုလုပ်ခဲ့ပါ။ မည်သည့် တာဝန်ရှိသူမှလည်း ထိုကိစ္စကို အလေးအနက်မထားခဲ့။ ယခုအချိန်တွင် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ချင်သည် ဆိုလျှင်တောင် မြေနေရာ အတော်ကို ရှားပါးသွားပြီဖြစ်သည်။ ရေရှည်အတွက် ကြိုတင်စဉ်းစားခဲ့ခြင်းမရှိသည့်အတွက် ယခုအခါ ပြည်သူများစွာ ဒုက္ခခံစားနေကြရပြီဖြစ်သည်။

2893245013_c22a1050a8_o-500x375

Public car park in Singapore

အခြားနိုင်ငံများရှိ မြို့ ကြီးများတွင် ယာဉ်ရပ်နားရန်နေရာများကို လုံလောက်စွာတည်ဆောက်ပေးထားလေ့ရှိသည်။ ထို့အတွက် ယာဉ်မရပ်ရနေရာများတွင် ရပ်နားလျှင်လည်း ထိုက်တန်စွာ ပြစ်ဒဏ်ပေးလေ့ရှိသည်။ ယာဉ်ရပ်နားမည့်နေရာအလိုက် ရပ်နားခများကိုလည်း အမျိုးမျိုးသတ်မှတ်ကာ ကောက်ခံသည်။ လူစည်ကားသည့် မြို့တွင်းနေရာ၊ စီးပွားရေးအချက်အချာကျသော နေရာများရှိ ယာဉ်ရပ်နားရန်နေရာများတွင် ရပ်နားခသည် ပိုမိုဈေးကြီးသည်။ ထို့အတွက် လူစည်ကားသည့် နေရာများတွင် ကားကြပ်မှုကို အထိုက်အလျှောက် လျော့ချနိုင်သည်။ အများပြည်သူရပ်နားနိုင်သည့် ယာဉ်ရပ်နားရန်နေရာများ ရှိသည့်အတွက် လမ်းပေါ်တွင် ကားများပိတ်ဆို့မှုကို အထိုက်အလျောက် ဖြေရှင်း၍ရနိုင်သည်။

Screen-Shot-2013-11-15-at-6.36.20-PM-500x353

Singapore နိုင်ငံရှိ အများပြည်သူသုံး ယာဉ်ရပ်နားရန်နေရာများ

Screen-Shot-2013-11-15-at-6.47.06-PM-500x317

Sydney မြို့ ရှိ အများပြည်သူသုံး ယာဉ်ရပ်နားရန်နေရာများ

ယခု ရန်ကုန်မြို့တွင် အများပြည်သူအတွက် ယာဉ်ရပ်နားရန်နေရာများမရှိသော်လည်း ယာဉ်မရပ်ရနေရာများ သတ်မှတ်၍ အရေးယူနေခြင်းကြောင့် ကားရပ်၍ရသော လမ်းကျဉ်းများတွင် ပိုမိုပိတ်ဆို့လာပါလိမ့်မည်။ ယာဉ်ရပ်ရန် နေရာလုမှုများကို ပိုမိုမြင်တွေ့လာရပါမည်။ ဆေးမြီးတိုနည်းဖြင့် ဖြေရှင်းနေသည်များကို ပြန်လည်စဉ်းစားသင့်သည်။ ခြေထောက်နှင့် ဖိနပ်မတော်၍ ခြေဖနောင့်ကို ဓါးဖြင့် လှီးနေသည့်အခြေအနေမျိုး ဖြစ်ပေါ်နေသည်ဟု ထင်မြင်မိပါသည်။

Author