ပတ်ဘယ်(လ်)ကမ်းခြေကားပြပွဲကို ၁၉၅ဝ တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လယ်ဖိုးနီးယားပြည်နယ်၊ Monterey ခရိုင်၌ အမေရိကန် sport cars ကလပ်က ဦးစီးပြုလုပ်သော ပတ်ဘယ်(လ်)ကမ်းခြေကား မောင်းပြိုင်ပွဲနှင့် တွဲဖက်၍ စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပြပွဲနာမည်အရှည်မှာ The Pebble Concours d'Elegance ဖြစ်ပြီး နှစ်စဉ်ကျင်းပပြုလုပ်သောပွဲဖြစ်သည်။
Concours d'Elegance မှာ ပြင်သစ်စကားလုံးဖြစ်ပြီး အဓိပ္ပာယ်မှာ ကျော့ရှင်းလှပမှုပြိုင်ပွဲဟူ၍ဖြစ်ရာ ကားတစ်စီး၏ စွဲမက်စရာကောင်းမှု၊ သမိုင်းနှင့် စတိုင်တွေကို အဓိကခင်းကျင်းပြသသောပွဲဖြစ်ပါသည်။ ပထမဦးဆုံးသော ကားအလှပြိုင်ပွဲတွင် ကား အစီးရေ ၃ဝ ပါဝင်ပြ သခဲ့ကြသည်။ ၁၉၆ဝ တွင် ပွဲစဉ်အချိန်ဇယားပြသနာများကြောင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိသလို ၁၉၆၃ တွင်လည်း မိုးအကြီးအကျယ်ရွာသွန်းခြင်းကြောင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိပါ။ ၁၉၆၅တွင် မြက်ခင်းနေရာမှာ အသုံးပြုလို့မရခဲ့ခြင်းကြောင့် ကားများကို ပတ်ဘယ်(လ်)ကမ်းခြေ မြင်းပြိုင်ပွဲစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂ဝဝ၁ ကားပြပွဲတွင် ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ထားသော ဂန္တာဝင်မြောက်ကားများဟူ၍ အမျိုးအစားအသစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့သည်။ ၂ဝဝ၆ တွင်တော့ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နောက်ဆုံးပေါ် concept ကားများနှင့်အတူ ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် အပြီးတွင် ထုတ်လုပ်သော ကားများပါဝင်ကာ ကားပေါင်း ၁၇၅ စီး ခင်းကျင်းပြသသည့် ပြပွဲကြီးတစ်ခုဖြစ်လာခဲ့သည်။ ပါဝင်ပြသကျသော အဆိုပါကား ၁၇၅စီးလုံး၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၂ဝဝခန့်ပင် ရှိလိမ့်မည်ဟု ခန့်မှန်းကြသည်။ ၂ဝဝ၉ ပြပွဲတွင် ဂန္တာဝင်မြောက် မော်တာဆိုင်ကယ်များကိုပါ ပထမဦးဆုံးအကြိမ် ထည့်သွင်းပြသလာခဲ့သည်။ ထို့ကြောင့် ကားပြပွဲအား ၂ဝ၁၁၌ အပြည်ပြည်ဆိုင်ရာ သမိုင်းဝင်ယဉ်များ ဆုပေးအပ်ခြင်းဆိုင်ရာ အဖွဲ့ အစည်းက ပေးအပ်သည့် နှစ်တစ်နှစ်၏ အကောင်းဆုံး ကားပြပွဲဆုကို လက်ခံရရှိခဲ့သည်။
ငါးရက်တာ ကျင်းပပြုလုပ်သော ပတ်ဘယ်(လ်)ကမ်းခြေ ကားအလှပြပွဲတွင် ကားအလှပြခြင်း၊ ယင်းကားများအား ကမ်းခြေရှိ လမ်းများပေါ်တွင် လှည့်ပတ်မောင်းနှင်ခြင်း၊ ကားနှင့်ဆက်စပ်သော ရှားပါအသုံးဝင်သော ပစ္စည်း များပြသခြင်း၊ ဂန္တဝင်မြောက်ကားများဆိုင်ရာ ဖိုရမ်ကျင်းပပြုလုပ်ခြင်း၊ လေ့လံဆွဲခြင်း အစရှိသည့် ပွဲငယ်များ စွာပါဝင်သည်။ ကားအလှပြပွဲ၌ ကမ္ဘာပေါ်တွင် အလှပဆုံးကားနှင့် မော်တာဆိုင်ကယ် ၂ဝဝ ကို ခင်းကျင်းပြသ ထားပြီး ကားတစ်စီ ချင်းစီ၏ သမိုင်းကြောင်း၊ နည်းစနစ်မြင့်မားမှုနှင့် ဒီဇိုင်းတို့ကို အကဲဖြတ်ကာ အကောင်းဆုံး ကားကို ရွေးချယ်၍ ဆုပေးအပ်ခြင်းကို ပြုလုပ်သည်။
အဆိုပါ ကားများကို နောက်ရက်များတွင် ပတ်ဘယ်(လ်) ကမ်းခြေ ပေါ်တိုလာလမ်းတွင် စုရပ်အနေဖြင့် စတင်ထွက်ခွာကာ ကမ်းခြေမြို့တွင်း လမ်းမများသို့ လှည့်ပတ် မောင်းနှင်ခြင်းဖြင့် မိမိကားများကို အလှပြကြသည်။ ပတ်ဘယ်(လ်) ကမ်းခြေ RetroAuto သည်လည်း ကားနှင့် သက်ဆိုင်သော ဒီဇိုင်းသေသပ်လှပသည့် ပစ္စည်းများ၊ စုဆောင်းထားသော ရှားပါးပစည်းများ၊ ကားသမိုင်း ကြောင်းနှင့် ပတ်သက်ပြီး အမှတ်ရဖွယ် အနုပညာနှင့် စာပေများအပြင် ယနေ့ခေတ် ကားမောင်းနှင်းခြင်း အတွေ့အကြုံကို မြှင့်တင်ပေးသည့် နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းများနှင့် အဆင့်မြင့်နည်းပညာဆိုင်ရာ စက်ပစ္စည်း များကို ခင်းကျင်းပြသခဲ့ပါသည်။
ပတ်ဘယ်(လ်)ကမ်းခြေ ဂန္တဝင်မြောက်ကားဖိုရိမ်တွင်တော့ the Alliance Graphique Internationale နှင့် TDC တို့မှ ဒီဇိုင်းပညာရှင်များက ၁၉၆ဝ အလွန် အမေရိကနိုင်ငံ၏ ဖန်တီးမှုအမြောက်ဆုံး ဒီဇိုင်းနာများ၊ ရှေ့ ဟောင်းမှ ခေတ်သစ်အထိ ပြောင်းလဲတိုးတက်သွားသော အနာဂတ်ကားပုံစံများ အစရှိသည်တို့ကို ဆွေးနွေးလေ့ရှိပြီး နာမည်ကြီးကြယ်ပွင့်များကလည်း အစီအစဉ်တင်ဆက်မှုများ ပြုလုပ်ကြသည်။
Gooding and Company နှင့် တွဲဖက်ပြုလုပ်သော ပတ်ဘယ်(လ်)ကမ်းခြေကားအလှပြပွဲ၏ လေလံပွဲကတော့ တက်ရောက်သူ အပေါင်း စိတ်ဝင်တစားရှိလှသော ပွဲတစ်ခုဖြစ်ပါသည်။ ပြပွဲသို့ တက်ရောက်လာသော နာမည်ကြီးကြွယ်ပွင့်များ၊ သူဌေး များက တစ်မ္ဘာလုံးရှိ ရှေ့ဟောင်းကားများ၊ ဇိမ်ခံကားများကို ဈေးကြီးပေးကာ အပြိုင်အဆိုင် လေလံစွဲ ဝယ်ယူကြခြင်းဖြစ်သည်။ ထို့အပြင် ကားအလှပြပွဲအတွင်း လာရောက်ကြည့်ရှုကြသော ကားချစ်သူများထံမှ လှူဒါန်းငွေ မြင့်တင်ပွဲကို ကျင်းပပြုလုပ်ကာ ယခုလို ပွဲဖြစ်မြောက်အောင် ဦးစီးကျင်းပပေးသည့် Monterey ခရိုင်နှင့် ပတ်ဘတ်(လ်)ကမ်းခြေ ကုမ္ပဏီဖောင်းဒေရှင်းသို့လည်းကောင်း ဒေသဆိုင်ရာနှင့် အမျိုးသားအဆင့် ဆိုင်ရာ အဖွဲ့အစည်းများသို့လည်းကောင်း ကောက်ခံရရှိသော လှူဒါန်းငွေများကို ပေးအပ်သွားခြင်းဖြစ်သည်။
၂ဝ၁၆ ပြပွဲနှစ် တစ်ခုတည်း၌ပင် ကန်ဒေါ်လာ ၁.၇၅ သန်းကျော် လှူဒါန်းငွေများကို ရရှိပြီး ယခုနှစ် အပိုင်းအခြားအတွင်း အထက်ပါ ဖော်ပြပါ အဖွဲ့အစည်းများသို့ ကန်ဒေါ်လာ ၂၃ ကျော် ပေးအပ်လှူဒါန်း နိုင်ခဲ့ပြီဖြစ်သည်။