အမေရိကန်အခြေစိုက် နာမည်ကြီး Ford ကုမ္ပဏီက အသစ်ထုတ်လုပ်လိုက်တဲ့ Mustang တစ်စီး။ ကုမ္ပဏီကိုယ်တိုင်က Mustang မော်ဒယ်သစ်ဆိုလို့သာ Mustang လိုက်ရပေမယ့် စာဖတ်သူတွေစိတ်ထဲမှာတော့ မကျေမနပ်ဖြစ်နေကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လျှပ်စစ်စွမ်းအင်သက်သက်ကိုသာ အသုံးပြုထားတဲ့အပြင် အရွယ်အစားပိုင်းကလည်း စျေးကွက်ထဲမှာ အကြီးဆုံး EV လို့ ဆိုရလောက်တဲ့ တံခါး ၅ ပေါက် SUV ကားကြီးဖြစ်နေတာကြောင့်ပါပဲ။ ဒါပေမဲ့ Ford ကုမ္ပဏီကတော့ သူတို့ရဲ့လျှပ်စစ်ကားမော်ဒယ်သစ်ကို Mustang Mach-E လို့ နာမည်ပေးထားပါသတဲ့။

ဘက်ထရီနဲ့သာမောင်းနှင်နိုင်ပြီး မိသားစုလိုက်စီးလို့ရတဲ့ SUV တစ်စီးက Mustang နာမည်နဲ့မလိုက်ဖက်တာကတော့ မှန်ပါတယ်။ ဒါပေမဲ့ Mach-E မော်ဒယ်မှာက ကိုယ်ထည်ဒီဇိုင်းတချို့နဲ့ အင်ဂျင်ပိုင်း၊ Drivetrain ပိုင်းတွေမှာပါ Mustang တစ်စီးရဲ့အငွေ့အသက်မျိုးခံစားရအောင် စီမံထုတ်လုပ်ထားတယ်လို့ Ford ကုမ္ပဏီက ကြေညာထားပါတယ်။ လေးဘီးယက်စနစ်နဲ့ရရှိနိုင်ပေမဲ့ အထူးသဖြင့် မူလလက်ဟောင်း Mustang တွေမှာလို နောက်ယက်စနစ်ကို ဦးစားပေးထုတ်လုပ်ထားပြီး လျှပ်စစ်မော်တာသံကအစ V8 အင်ဂျင်က ရုန်းကန်လည်ပတ်တဲ့အသံမျိုးထွက်ပေါ်လာမှာပဲဖြစ်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး Ford ကုမ္ပဏီရဲ့ နာမည်ကြီးကားမော်ဒယ်တွေကို ဖန်တီးထုတ်လုပ်ခဲ့တဲ့အင်ဂျင်နီယာအကြီးအကဲ Dave Pericak က
“တကယ့် Mustang တစ်စီးကိုမောင်းနေရသလိုပဲ ခံစားရစေမှာပါ” လို့ ဆိုပါတယ်။
Dave ဆိုတာက အမြန်ဆုံးအကောင်းဆုံးဆိုတဲ့ Mustang တွေအပြင် Focus ၊ Fiesta STs ၊ Focus RS စတဲ့ကားတွေနဲ့ပတ်သက်ပြီး အားလုံးရဲ့ယုံကြည်မှုကို ရရှိထားတဲ့သူပါ။ သူ့ရဲ့စကားအပေါ် သံသယဖြစ်စရာတော့မရှိ။ ဒါပေမဲ့ Ford Mustang Mach-E ကို မျိုးဆက်သစ် Mustang မိသားစု၀င်တစ်စီးအဖြစ် သတ်မှတ်မှာလားဆိုတာကတော့ လက်တွေ့အသုံးပြုမယ့်ဖောက်သည်တွေက ဆုံးဖြတ်ပေးသွားမှာပဲဖြစ်ပါတယ်။

Ford Mustang Mach-E ရဲ့ကနဦးစျေးနှုန်းကတော့ စတာလင်ပေါင် ၄၀,၀၀၀ ကနေ စတင်မှာဖြစ်ပြီး ပထမဆုံးအနေနဲ့ လေးဘီးယက်စနစ်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ တကယ်လို့များ ပိုမိုကြီးမားကောင်းမွန်တဲ့ဘက်ထရီနဲ့ အပိုနည်းပညာပစ္စည်းတွေကိုရရှိလိုတယ်ဆိုရင်တော့ ပေါင် ၅၈,၀၀၀ အထိ တိုးမြှင့်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ Ford ကုမ္ပဏီဟာ Mach-E ကားတွေအတွက် အမှာစာကြိုတင်ကောက်ခံထားဆဲဖြစ်ပြီး တကယ်တမ်းဖြန့်ချိမယ့်အချိန်ကတော့ လာမယ့် ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှပဲဖြစ်ပါတယ်။
ဒါဆိုရင် စျေးကွက်အတွင်းမရောက်သေးတဲ့ Mach-E လျှပ်စစ် Mustang ကားတွေရဲ့ ဘက်ထရီစွမ်းဆောင်ရည်ကြိုတင်လေ့လာကြည့်ရအောင်။ အခြေခံအားဖြင့် နောက်ယက်အမျိုးအစားအတွက် ၇၅ ကီလိုဝပ်နာရီထုတ်လုပ်ပေးနိုင်တဲ့ဘက်ထရီကိုသုံးထားပြီး တစ်ကြိမ်အားသွင်းရင် မိုင် ၂၈၀ အထိမောင်းနှင်နိုင်မယ်လို့သိရပါတယ်။ ပိုကြီးတဲ့ဘက်ထရီကတော့ ၉၉ ကီလိုဝပ်နာရီထုတ်ပေးနိုင်ပြီး မိုင်ပေါင်း ၃၇၀ အထိမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ မြန်နှုန်းကတော့ ၈ စက္ကန့်အတွင်းမှာ တစ်နာရီ ၆၂ မိုင်နှုန်းကိုမြှင့်တင်နိုင်မှာပဲဖြစ်ပါတယ်။ ကိုယ်ထည်ရှေ့ဦးပိုင်းမှာတော့ Mustang အမှတ်တံဆိပ်ပါဝင်မြဲပါဝင်လာမှာဖြစ်ပေမယ့် မီးလုံး ၂ လုံးကြားက နှာပေါက်လို့ခေါ်ကြတဲ့ လေရှူပေါက်ကိုတော့ တွေ့မြင်ရမှာမဟုတ်ပါဘူး။ တခြား EV တွေအနေနဲ့ မြန်နှုန်းကိုဦးစားမပေးတဲ့အတွက် လေခွင်းအားကောင်းတဲ့ဒီဇိုင်းမျိုးမလိုအပ်ပေမယ့် လျှပ်စစ် Mustang တစ်စီးအတွက်တော့ ရှည်လျားတဲ့ဘောနက်ဖုံးရယ်၊ နောက်ကိုသိသိသာသာစောင်းထားတဲ့ လေကာမှန်တွေပိုင်ဆိုင်ထားတာကို တွေ့ရမှာပါ။

အတွင်းပိုင်းမှာတော့ ယနေ့ဆက်သွယ်ရေးကမ္ဘာကြီးထဲမှာ အံဝင်ခွင်ကျဖြစ်စေဖို့အတွက် မျက်နှာပြင်အကျယ် ၁၅ လက်မခွဲအထိရှိတဲ့ Infotainment Display ကိုထည့်သွင်းပေးပါတယ်။ Sports Car ပိုဆန်တာ ကြိုက်တယ်ဆိုရင်တော့ ဒီထက်ပိုသေးတဲ့ Display မျိုးကိုလည်း ရွေးချယ်ရရှိနိုင်ပါတယ်။ Display နဲ့အတူ CarPlay နဲ့ Android Auto စနစ်တွေအသုံးပြုနိုင်ပြီး ယာဉ်လမ်းကြောပြအထောက်အကူစနစ် (Traffic-Aware Nav) ကိုလည်း Built-in အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။ အဓိက Display Screen ဟာ ဒက်ရှ်ဘုတ်ပေါ်မှာ ကြွတက်နေပြီး အောက်မှာတော့ ပစ္စည်းသိမ်းဆည်းနိုင်မယ့်အံဆွဲ ၂ခု ထပ်ထည့်ပေးထားပါတယ်။ ရှေ့ခန်းက ထိုင်ခုံ ၂ လုံးရဲ့ကြားမှာ လက်ဆွဲအိတ်အကြီးစားတစ်လုံးထားနိုင်လောက်အောင် နေရာကျယ်ဝန်းပြီး တံခါးအံခွက်တွေကလည်းပုံမှန်ထက်ပိုမိုကြီးမားနေတာ တွေ့ရမှာပါ။


Mach-E လေးဘီးယက်စနစ်မှာတော့ အရွယ်ပိုသေးပြီး စွမ်းဆောင်ရည်ပိုနည်းတဲ့မော်တာကို ရှေ့ပိုင်းစက်ဖုံးအောက်မှာ တပ်ဆင်ပေးထားပါတယ်။ ကနဦး Ford Mustang Mach-E ကို စတင်မိတ်ဆက်ပြီး နောက် ၆ လအကြာမှာ ထွက်ရှိလာမယ့် Mach-E GT မော်ဒယ်မှာဆိုရင်တော့ သာမန်လျှပ်စစ်မော်တာအကြီးစားတွေကိုပဲ ရှေ့ပိုင်းမှာရော၊ နောက်ပိုင်းမှာပါ တပ်ဆင်ထုတ်လုပ်မယ်လို့သိရပါတယ်။ ဘက်ထရီအားသွင်းနှုန်းမှာတော့ အရွယ်အစားအလိုက် ၈၀ ရာခိုင်နှုန်းအားပြည့်ဖို့အတွက် ၃၇ မိနစ်ကနေ ၄၅ မိနစ်အထိ အချိန်ယူမယ်လို့ Ford ကုမ္ပဏီက ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ လျှပ်စစ်ကားတစ်စီး၊ ဒီထက်ပိုပြောရရင် အရွယ်အစားကြီးမားတဲ့ SUV ပုံစံမျိုးလည်းဖြစ်တဲ့ကားတစ်စီးကို Mustang နာမည်ပေးထားတဲ့အချက်ကတော့ ကမ္ဘာ့ကားစျေးကွက်တစ်ခုလုံးမှာ တော်တော်လေးဂယက်ရိုက်သွားခဲ့တယ်လို့ ဆိုရပါမယ်။ တစ်ဖက်ကတွေးကြည့်ရင်လည်း လျှပ်စစ်မော်တာနဲ့ဖြစ်စေ၊ ဘယ်လိုစွမ်းအင်မျိုးကိုသုံးသည်ဖြစ်စေ၊ စွမ်းဆောင်ရည်ပိုင်းမှာ ပုခုံးချင်းယှဉ်နိုင်ဖို့အဓိကပဲလို့ အငြင်းပွားကြပါတယ်။ Ford ကုမ္ပဏီရဲ့ အသစ်ထုတ် Mach-E အနေနဲ့ Mustang နာမည်နဲ့ တကယ်ပဲထိုက်တန်ပါရဲ့လား ဆိုတာကိုတော့...။
Ref: Official: this is the new Ford Mustang Mach-E electric SUV by Paul Horrell