Auto Gear ကားတွေမှာ သတိပြုရမယ့် အချက် (၉) ချက်

0

Full article

ကျနော်တို့ ကားလောကမှာ ရှေးအရင် အသုံးပြုခဲ့ကြတဲ့ ကားအများစုဟာ Manual စနစ်သုံး ဂီယာ အရွေ့အပြောင်းလုပ်ရတဲ့ကားတွေဖြစ်ပြီး နည်းပညာတိုးတက်လာတာနဲ့အမျှ အခုလက်ရှိနောက်ဆုံးပေါ် နည်းပညာသုံးကားအများစုဟာ Automatic Transmission လို့ခေါ်တဲ့ Auto Gear ကားတွေဖြစ်လာကြပါပြီ။ အော်တိုဂီယာစနစ်ကားတွေဖြစ်လာတာနဲ့အညီ ကားမောင်းသူအနေနဲ့ ဂီယာအရွှေ့အပြောင်းအတွက် အလုပ်ရှုပ်သက်သာ အပင်ပန်းသက်သာလာကြပါတယ်။ သို့ပေမဲ့ ဒီလို အော်တိုဂီယာကားတွေမှာ ကားမောင်းသူတွေသတိမပြုမိတာကြောင့် အော်တိုဂီယာစနစ်တွေကိုပျက်စီးစေတတ်တဲ့ အလေ့အထလေးတွေရှိပါတယ်။ ဒီလိုအမှုမှတ်မဲ့ အလေ့အထလေးတွေကနေ တန်ဖိုးကြီးတဲ့ အော်တိုဂီယာဘောက်တွေ အပျက်အစီး မဖြစ်ရအောင် သတိပြုရှောင်ရှားနိုင်ဖို့ စုစည်းတင်ပြပေးလိုက်ရပါတယ်။

၁။ ကားမမောင်းဘူးဆိုရင် Position “D” မှာအကြာကြီး ထိုးမထားပါနဲ့

ကားကို မမောင်းဘဲ စက်နှိုး၊ ဘရိတ်နင်းပြီး ဂီယာ Position D မှာအချိန်အကြာကြီးထား ထားတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဂီယာ Position D မှာ ထားထားတဲ့အတွက် ဂီယာတွေချိတ်ဆက်မိနေပြီး ဂီယာဘောက်ရဲ့အပူချိန်မြင့်တက်စေပါတယ်။ အကောင်းဆုံးကတော့ကားကို အချိန်အကြာကြီးရပ်ထားမယ်ဆို ဂီယာ Position “P” အနေအထားမှာ ထားရပ်နားထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

၂။ ကားရပ်မယ်ဆို Parking Brake ဆွဲပါ


အော်တိုဂီယာကားတွေကို မောင်းတဲ့သူတော်တော်များများ သတိမပြုမိတဲ့အချက်တစ်ခုက ကားရပ်ထားရင် Parking Brake (Hand Brake) ကိုမဆွဲဘဲ ဂီယာ P မှာထားပြီးရပ်ထားခဲ့တဲ့သူတွေများပါတယ်။ ဒီလိုအမြဲလုပ်မယ်ဆိုရင် ကားရဲ့ဂီယာဘောက်ထဲ Parking Pawl ဆိုတဲ့ဂီယာချိတ်လေး ပျက်စီးတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကားကိုဂီယာ Position (P) မှာထားပြီးရပ်ထားခဲ့တဲ့အချိန် ဂီယာတွေမကူးပြောင်းလေအောင် Parking Pawl ဆိုတဲ့ချိတ်လေးနဲ့ထောက်ထားလို့ပါပဲ။ ဒီ Parking Pawl ဆိုတာလေးက တကယ်ဆို သံ၊ သတ္ထုချိတ်သေးသေးလေးပါ (ပုံမှာ လေ့လာကြည့်ပါ) ။

၃။ ကုန်းဆင်းတွေမှာ ဂီယာ Free ရိုက်မဆင်းပါနဲ့

ဂီယာ Free ဆိုတာ အရပ်ခေါ် ခေါ်လိုက်တာပါ။ တကယ်က (N= Neutral) ဂီယာကို ပြောတာပါ။ တချို့ ကလည်း Normal Gear လို့ခေါ်ကြပါသေးတယ်။ မှားပါတယ်။ တကယ့်အမှန်က Neutral ဂီယာပါ။ ကားမောင်းသူတချို့က ကုန်းအဆင်းတွေမှာ ဂီယာ Free လုပ်ပြီးမောင်းရင် ဆီစားသက်သာတယ်လို့ ရမ်းယူဆပြီး မောင်းနေရင်းဂီယာကို N မှာထား ကုန်းဆင်းတတ်ကြပါတယ်။ တကယ်က အဲ့အယူအဆက မှားပါတယ်။ မှားတဲ့အပြင် အန္တရာယ်ပါ ရှိပါသေးတယ်။ ဂီယာကို Neutral မှာထားလိုက်တဲ့အတွက် ကုန်းဆင်းနေတဲ့အချိန် ဂီယာအထိန်းအကွပ်မရှိတော့ဘဲ ကားရောလူပါ အန္တရာယ်ရှိတတ်ပါတယ်။ အရှိန်နဲ့၊ ကားဝိတ်နဲ့ဆို ပိုလို့တောင် အန္တရာယ်များပါဦးမယ်။ နောက်တစ်ချက် မောင်းနေရင်း ကုန်းဆင်းချိန်မှာ ဂီယာကို ရုတ်တရက် Free အနေအထား ပြောင်းလိုက၊ D အနေအထား ပြန်ပြောင်းလိုက်လုပ်တဲ့အတွက် အခန့်မသင့်ရင် ဂီယာဘောက်ပျက်စီးနိုင်ပါသေးတယ်။ ဒီတော့ ကုန်းဆင်းတွေမှာဆီစားသက်သာဖို့ ဂီယာ Free ရိုက်တတ်တဲ့အကျင့်ရှိတယ်ဆို လုံးဝရှောင်ကျဉ်လိုက်ပါခင်ဗျာ။ ကားရောလူရော အန္တရာယ် တကယ်များလို့ပါ။

၄။ ကားပိတ်တဲ့အချိန် ၊ ကားမီးပွိုင့်စောင့်နေတဲ့အချိန်တွေမှာ ဂီယာ (N) မှာ မထားပါနဲ့

ယာဉ်ကျောပိတ်ဆို့နေတဲ့အချိန်တွေ၊ ကားမီးပွိုင့်စောင်နေတဲ့အချိန်တွေမှာ ဂီယာ Position ကို (N) မှာထားတတ်ကြပါတယ်။ ဒီလိုထားရင် ဆီစားသက်သာမယ်ဆိုတဲ့ အယူအဆတွေလည်းရှိပါတယ်။ အဲ့ဒါဟာ ဂီယာဘောက်အတွက် မကောင်းတဲ့အလေ့အထပါ။ ပုံမှန်ယာဉ်ကျောပိတ်ဆို့တာ အချိန်မကြာဘူးဆိုရင် ဂီယာ Position (D) မှာပဲထားပြီး ဘရိတ်နင်းစောင့်ပါ။ ဒါမှမဟုတ် အချိန်အရမ်းကြာနိုင်တယ်ဆိုရင် Paking Position (P) မှာထားပေးတာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုရင် ဂီယာ Position N မှာ ထားထားရင် ကားဟာ ဂီယာအထိန်းအကွပ် မရှိ Free ဖြစ်နေတာမို့၊ အရှေ့အနောက်ကိုလိမ့်ပြီး တခြားကားတွေကို ဝင်တိုက်မိနိုင်ပါတယ်။ နောက်တစ်ချက် မီးပွိုင့်စိမ်းသွားတဲ့အချိန် ကားထွက်ချင်ဇောနဲ့ သတိမေ့ပြီး လီဘာကိုနင်းကားမထွက်ခါမှ သတိရပြီးလီဘာနင်းလျက်သား ဂီယာကို D အတင်းထိုးတတ်ကြပါတယ်။ အဲ့ဒီလိုလုပ်တဲ့အတွက် ဂီယာဘောက်တွေ ပျက်စီးတတ်ပါတယ်။ ဂီယာ Parking မှာထားထားတယ်ဆိုရင် ဒီလိုလုပ်မရပါဘူး။ ကြားထဲမှာ ဘက်ဂီယာ R (Reverse) ရှိနေတာမို့ လီဘာ အရှိန်လျော့ပြီးမှ ဂီယာထိုးရပါမယ်။ ဒါကြောင့် ဂီယာအပျက်အစီးသက်သာပါမယ်။

၅။ ကားလုံး၀ ရပ်သွားမှ ဂီယာ (P) ကိုထိုးပါ

ဂီယာကို Position (P) မှာထားတယ်ဆိုတာ ကားမရွေ့လျားအောင် ယာယီလုပ်ထားတဲ့ သဘောပါ။ ဂီယာ (P) မှာ ထားတဲ့အချိန် ကားမရွေ့အောင် Parking Pawl လေးနဲ့ ချိတ်ထားတယ်ဆိုတာ လေးလည်း အပေါ်မှာရှင်းပြခဲ့ပါတယ်။ ဒါကြောင့် ကားကို ရပ်မယ်ဆို ကားက လုံး၀ သေသေချာချာ ရပ်ပြီဆိုမှာ ဂီယာ (P) မှာထားရပါမယ်။ အဲဒီလိုမဟုတ်ဘဲ အလုပ်ကိစ္စအရေးကြီးလို့၊ အခြားအရေးကြီး ကိစ္စရှိလို့ဆိုပြီး ကားကိုဝူးခနဲထိုးရပ်၊ ကားလုံး၀ သေသေချာချာ မရပ်သေးခင် ဂီယာကို Paking (P) ကိုထိုးတာဟာ ဂီယာဘောက်ပျက်စီးစေတတ်ပါတယ်။ အထူးသဖြင့် Parking Pawl လေးကျိုးသွား တတ်ပါတယ်။ မတော်တဆ တစ်ကြိမ်နှစ်ကြိမ်မဟုတ်ဘဲ အမြဲဒီလိုလုပ်တဲ့အလေ့အထရှိတယ်ဆိုရင် သတိပြုဆင်ခြင်ရမှာပါ။ မဟုတ်ရင်တော့ ဂီယာဘောက်ချပြုပြင်ရတာတွေနဲ့ မလွဲမသေကြုံတွေရမှာပါ။

၆။ မှောက်ကျနိုင်တဲ့ အရည်ပါတဲ့ ပစ္စည်းတွေ ဂီယာတံနားမှာထားတာ သတိထားပါ


အခုနောက်ပိုင်း ဇိမ်ခံကားအများစုရဲ့ဂီယာတံနားမှာ ကော်ဖီခွက်၊ အအေးခွက် အစရှိတဲ့ခွက်တွေ ထည့်လို့ရတဲ့နေရာတွေပါလာတာတွေ့ရပါတယ်။ ဒီလိုဂီယာတံနားကခွက်တွေမှာ မတော်တဆမှောက်ကျနိုင်တဲ့အရည်ပါတဲ့ပစ္စည်းတွေ မထားသင့်ပါဘူး။ ဘာဖြစ်လို့ဆိုရင် အခုနောက်ပိုင်းနည်းပညာမြင့်ကားတွေရဲ့ဂီယာတံအောက်မှာ အီလက်ထရောနစ် ဆားကစ်လိုဟာမျိုးတွေ Control Box တွေ ပါဝင်လာတတ်ပါတယ်။ များသောအားဖြင့် Shift Lock Solenoid တွေ၊ Shift Lock Solenoid Control Unit တွေက ဂီယာတံအောက်မှာရှိပါတယ်။ ဒါကြောင့် မတော်တဆအရည်တွေမှောက်ကျရင် အောက်က Control Unit တွေပျက်စီးတတ်ပါတယ်။ ဒါကလည်း အော်တိုဂီယာကားမောင်းတဲ့ သူတွေအတွက် သတိထားစရာ အချက်တစ်ချက်ပါ။

၇။ ဂီယာ Position (D) နဲ့ (R) ပြောင်းတဲ့အခါ ကားရပ်တန့်ပြီးမှ ပြောင်းပါ

Auto ဂီယာကားမောင်းသူတွေရဲ့ မသိမသာလွဲမှားတဲ့ အပြုအမူတစ်ခုက ဂီယာ (D) ကနေ (R) ချိန်းတာပဲဖြစ်ဖြစ်၊ (R) ကနေ (D) ချိန်းတာပဲဖြစ်ဖြစ် ကားကိုသေချာမရပ်တန့်ဘဲ ကားကရှေ့ကို အရှိန်နဲ့လိမ့်နေတုန်း Reverse (ဘက်ဂီယာ) ကိုကောက်ထိုးတာ၊ ကားကနောက်လိမ့်နေတုန်း Drive (D) ကို ကောက်ထိုးတာမျိုး လုပ်တတ်ကြပါတယ်။ ဒီအပြုအမူတွေက ကားမောင်းသူတော်တော်များများ အမှုမှတ်မဲ့လုပ်နေကျအပြုအမူတစ်ခုပါ။ ဒီအမူအကျင့်ကလည်း ကားဂီယာဘောက်တွေကို ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ရှေ့နောက် မတူညီတဲ့ ဂီယာအပြောင်းအရွေ့တွေလုပ်မယ်ဆိုရင် ကားကိုဘရိတ်သေချာနင်း ကားအရှိန်သတ်ပြီးမှ ဂီယာပြောင်းတာမျိုးလုပ်တာဟာ ကားဂီယာဘောက်အပျက်အစီး သက်သာစေမှာပါ။

၈။ Auto ဂီယာကားတွေမောင်းတဲ့အခါ ခြေထောက် တစ်ဖက်တည်းသုံးပါ

ဒါကတော့ အော်တိုဂီယာကားနဲ့ကားစမောင်းသင်တဲ့သူတွေအတွက် မဟုတ်ပါဘူး။ ဟိုးအရင် Manual စနစ်နဲ့ အသားကျပြီး အခုမှအော်တိုကားတွေမောင်းတဲ့သူတွေအတွက်ပါ။ ပုံမှန်အားဖြင့် အော်တိုဂီယာစနစ်မှာ Manual ဂီယာစနစ်လိုမျိုး ကလပ်မပါလို့ ကလပ်ခြေနင်းအတွက်နေရာလွတ်နေတတ်ပါတယ်။ အဲဒါကို ခြေထောက်လွတ်နေတာဟာတာတာကြီးဆိုပြီး ဘရိတ်နဲ့ Accelerator Pedal (လီဘာကို) နှစ်ခုစလုံးကို ခြေထောက် ဘယ်ညာတွဲနင်းပြီး မောင်းတဲ့သူတွေရှိပါတယ်။ ပုံမှန်အခြေနေမှာတော့ ဘရိတ်အကြွ၊ လီဘာအနင်း ဟုတ်နေတတ်ပေမယ့်၊ အရေးအကြောင်းဆို ဘရိတ်နဲ့လီဘာကို တပြိုင်တည်းတွဲနင်းတတ်ပါတယ်။ ဒါကလည်း အော်တိုဂီယာဘောက်စနစ်နဲ့ ကားတွေအတွက် ဂီယာဘောက်ပျက်စီး စေတတ်တာမို့ ဒီလိုအမူအကျင့်တွေရှိရင် ပြုပြင်မောင်းနှင်ရမှာဖြစ်ပါတယ်။

၉။ ဘက်ထရီနဲ့ Starter Motor ကိုသတိပြုပါ

ဒါကတော့ ကားဂီယာဘောက် ပျက်စီးစေတတ်တဲ့အရာမဟုတ်ပါဘူး။ ကားမောင်းတဲ့သူကို တိုင်ပတ် ဒုက္ခရောက်တတ်တဲ့အရာပါ။ အော်တိုဂီယာကားတွေက ကားမှာပါတဲ့ ဘက်ထရီနဲ့ Starter Motor မကောင်းရင် ဟိုးအရင် Manual ကားတွေလို တွန်းနှိုးလို့ မရပါဘူး။ ဒါကြောင့် ကိုယ့်ကားမှာရှိတဲ့ ကား ဘက်ထရီနဲ့ Starter Motor တွေရဲ့အခြေနေကို အမြဲသတိထားစစ်ဆေးရမှာပါ။ ဒီနှစ်မျိုးကို မလဲဘဲ၊ မပြုပြင်ဘဲ ထားတာကြာပြီလား။ ဘယ်လိုအခြေနေရှိလဲဆိုတာ သေချာမစစ်ဆေးထားရင် အရေးတကြီး သွားလာခါနီးမှ ကားစက်နှိုးမရတာတွေကြုံတွေရမှာဖြစ်ပါတယ်။ ဒါကြောင့် အော်တိုဂီယာ ကားပိုင်ရှင်တွေအနေနဲ့ ကားဘတ္ထရီနဲ့ Starter Motor လေးကို အမြဲသတိထားစစ်ဆေးပြုပြင်လဲလှယ်ပေးကြပါခင်ဗျာ။

ဒီအချက်တွေက အော်တိုဂီယာ (Automatic Transmission) ကားမောင်းတဲ့သူတွေအတွက် ကားမှာပါတဲ့ ဂီယာဘောက်သက်တမ်း ကြာရှည်အသုံးပြုနိုင်အောင် လေ့လာ၊ လိုက်နာ ဆင်ခြင်သင့်တဲ့ အခြေခံအချက်တွေပဲဖြစ်ပါတယ်ခင်ဗျာ။

Author