ကားမှာပါတဲ့ Fuel Injector တွေမကောင်းဘူးဆိုရင် သိနိုင်မယ့် အချက် (၉) ချက်

0

Full article

"Injector" (အင်ဂျက်တာ) မကောင်းတော့ဘူး၊ Injector ကြေးပိတ်နေလို့သွားဆေးရမယ်၊ Injector အသစ်လဲရမယ်စတဲ့ Injector ဆိုတဲ့နာမည်ကို ကားလောကကားမောင်းတဲ့သူတိုင်း မကြားဖူးသူ မရှိလောက်ပါဘူး။ ဒီနေ့တော့ EFI (Electronics Fuel Injection) နည်းစနစ်သုံး ခေတ်ပေါ်ကားတွေမှာ အရေးပါတဲ့ Fuel Injector တွေမကောင်းတော့ဘူးဆိုရင် သိရှိနိုင်မယ့်အချက်လေးတွေကိုတင်ပြပေးချင်ပါတယ်။

ဟိုးအရင် ၁၉၈၀ ခုနှစ်မတိုင်ခင်နှစ်တွေမှာ Fuel Injector တွေကို အသုံးမပြုကြသေးပါဘူး။ အဲဒီခေတ်ဟောင်းမှာ Fuel Injector တွေအစား Carburetor (ကာပရိုက်တာ) တွေအသုံးပြုခဲ့ကြပါတယ်။ Carburetor (ကာပရိုက်တာ) တွေရဲ့ကြီးမားတဲ့အားနည်းချက်တစ်ခုက ဆီစားနှုန်းကို လိုသလိုထိန်းချုပ်ဖို့ခက်ခဲတာပါ။ အင်ဂျင်တစ်လုံးရဲ့ဆီစားနှုန်းကို လိုသလိုထိန်းချုပ်နိုင်မယ့်စနစ်တွေကိုတီထွင်ရင်း အခုလက်ရှိအသုံးပြုနေတဲ့ EFI စနစ်ဖြစ်တဲ့ (Electronic Fuel Injection) စနစ်ကို တီထွင်ဖြစ်ပြီး Fuel Injector တွေရဲ့အခန်းကဏ္ဍက အရေးပါလာခဲ့တာပဲဖြစ်ပါတယ်။

Fuel Injector တစ်လုံးဘယ်လို အလုပ်လုပ်သလဲ?


Fuel Injector ရဲ့အဓိက တာဝန်က အင်ဂျင်မီးလောင်ခန်း Combustion Chamber ထဲကို မီးလောင်ကျွမ်းစေနိုင်တဲ့ Fuel ( လောင်စာဆီ) တွေကို ပန်းသွင်းပေးရတာပါ။ Internal Combustion Engine လို့ခေါ်တဲ့ အတွင်းပိုင်းမီးလောင်ပေါက်ကွဲပြီးမှ စွမ်းအင်ရရှိတဲ့ အင်ဂျင်တွေအတွက် လိုအပ်တဲ့ Fuel တွေကို Fuel Injector တွေရဲ့ Nozzle ခေါင်းတွေကနေတစ်ဆင့်ပန်းသွင်းပေးခြင်းဖြင့် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်ဆက်တိုက်ဖြစ်စေပြီး အင်ဂျင်ကို အဆက်မပြတ်လည်ပတ်စေပါတယ်။


Fuel Injector တွေကနေ Fuel တွေကို ပန်းသွင်း၊ ဖြန်းသွင်းပေးတဲ့ အခါမှာလည်း အင်ဂျင်လည်ပတ်မှုပုံစံအတိုင်း အချိန်ကိုက်ဖြန်းသွင်းပေးရမှာဖြစ်သလို၊ အင်ဂျင်အကြီးအသေး ပေါ်မူတည်ပြီး ဖြန်းသွင်းပေးရမယ့်ပမာဏ၊ ဖြန်းသွင်းပေးရမယ့်လိုအပ်တဲ့ဖိအား၊ ဖြန်းသွင်းပေးတဲ့ပုံစံ၊ ဖြန်းသွင်းပေးတဲ့ထောင့်ဒီဂရီ အစရှိသဖြင့် အတိအကျသတ်မှတ်ချက်တွေအတိုင်း ဖြန်းသွင်းပေးမှသာ အင်ဂျင်ဟာတုန်ခါမှုနည်းနိုင်သမျှအနည်းဆုံးနဲ့ စွမ်းဆောင်ရည်မြင့်ပုံမှန်လည်ပတ်နိုင်မှာဖြစ်ပါတယ်။

Fuel Injector တွေကို ထိန်းချုပ်ထားတာကတော့ ကားတစီးရဲ့ဦးနှောက်တစ်ခုလို အရေးပါဆုံးလို့ပြောရမယ့ ECU (Engine Control Unit) ကနေထိန်းချုပ်ထားပါတယ်။ ECU (Engine Control Unit) က အခြား Sensor တွေ အမျိုးမျိုးကပေးပို့လာတဲ့ သတင်းအချက်အလက်တွေကို ထိန်းချုပ်ထည့်သွင်းတွက်ချက်ပြီး Injector တွေကို အပိတ်အဖွင့်လုပ်လိုအပ်တဲ့အချိန်နဲ့ လိုအပ်တဲ့ ဆီဖြန်းသွင်းမှုပမာဏရအောင် ထိန်းချုပ်ပေးပါတယ်။


ကားမှာပါဝင်တဲ့ ဆီတိုင်ကီထဲက Fuel Pump တွေကနေ ဆီတွေကို Fuel Line တွေထဲကိုတွန်းထည့်ပေးတယ်။ Fuel Line တွေကနေတစ်ဆင့် Fuel Injector တွေဆီကိုရောက်တယ်။ ECU ကနေ Fuel တွေ ဘယ်အချိန်ပေးသွင်းဖို့လိုအပ်တယ်ဆိုတာတွက်ချက်ပြီး အချိန်ကိုက် Fuel Injector တွေမှာရှိတဲ့ Solenoid တွေကို အပိတ်အဖွင့်လုပ်ပေးပြီး လိုအပ်တဲ့ဆီကို ထောက်ပံ့ပေးခြင်းဖြင့် ဆီနဲ့လေအချိုး ညီမျှမှုတွေကိုဖြစ်စေပါတယ်။

Fuel Injector တွေ မကောင်းတော့ဘူးဆိုရင် …..

ကားအင်ဂျင်မှာ တပ်ဆင်ထားတဲ့ Fuel Injector တွေထဲကတစ်လုံးလုံး ဒါမှမဟုတ် အကုန်မကောင်းတော့ဘူးဆိုရင် ကားအင်ဂျင်ကလည်းပုံမှန်အတိုင်းလည်ပတ်နိုင်တော့မှာမဟုတ်ပါဘူး။ အောက်မှာဖော်ပြမယ့် Fuel Injector တွေမကောင်းရင် ဖြစ်နိုင်တဲ့အချက်တွေထဲက တချို့အချက်တွေက Fuel Injector တွေ ကြေးပိတ်တာ၊ မသန်.ရှင်းတာတွေမှာ ဖြစ်နိုင်တဲ့အချက်တွေနဲအတူတူပဲဖြစ်တာကြောင့် ဒီအချက်တွေကို သတိထားပြီးပြုပြင်ထိန်းသိမ်းမယ်ဆိုရင် Fuel Injector တွေ မပျက်စီးခင် ဆေးကြောသုံးစွဲရနိုင်တာမို့ ငွေကုန်ကြေးကျသက်သာစေနိုင်ပါတယ်။

  • Idle (slow - စလိုး) မငြိမ်တာ၊ အင်ဂျင်စက်သေတာ
    Fuel Injector တွေမကောင်းဘူးဆိုရင် အင်ဂျင်အတွက်လိုအပ်တဲ့ Fuel တွေကိုပို့ဆောင်တဲ့နေရာမှာ Fuel တွေပို့ဆောင်တာလျော့နည်းတာ၊ ပြတ်တောင်းပြတ်တောင်းဖြစ်တာ၊ ရုတ်တရက် ပြတ်တောက်သွားတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေကြောင့် ကားအင်ဂျင်စက်စနှိုးထားတဲ့အချိန် Idle အချိန် (Slow အချိန်) တွေမှာ စက်သံမမှန်၊ အင်ဂျင်မတည်ငြိမ်တာတွေဖြစ်တတ်ပါတယ်။ ဒါ့ထက်ဆိုးရွားလာတယ်ဆိုရင်တော့ ရုတ်တရက်စက်ထိုးရပ်သွားတာမျိုးတွေထိဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့အခြားအကြောင်းအချက်တွေလည်းရှိတတ်ပေမဲ့ Fuel Injector တွေမကောင်းရင်၊ ကြေးပိတ်နေရင် ဒီလိုရောဂါလက္ခဏာတွေကို အများဆုံးကြုံတွေ့ရတတ်ပါတယ်။
  • အင်ဂျင်တုန်ခါတာ
    Fuel Injector တွေကနေ Fuel ပို့ဆောင်မှု လုံလောက်တဲ့ပမာဏနဲ့ ဖိအားမရှိတော့ဘူးဆိုရင် အဖြစ်များဆုံးကတော့ အင်ဂျင်တုန်ခါတာတာပါပဲ။ ဘာကြောင့်လဲဆိုရင် အင်ဂျင်အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွေ မှန်ကန်ဖို့၊ တိကျဖို့ဆိုရင် စံသတ်မှတ်ထားတဲ့ လေနဲ့ဆီအချိုး (14.7:1) ရှိရမှာဖြစ်ပါတယ်။ အဲဒီလိုသတ်မှတ်နှုန်းထားမပြည့်မီတော့ဘူး၊ Fuel Injector တွေဆီကနေ လုံလောက်တဲ့ဆီအချိုးမရတော့ဘူးဆိုရင် အင်ဂျင်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေပြီး အင်ဂျင်တုန်ခါလာတာကိုမလွှဲမသွေကြုံရမှာဖြစ်ပါတယ်။
  • Misfire ဖြစ်တာ
    ဒီနာမည်ကတော့ နည်းပညာနာမည်နည်းနည်းဆန်သွားသလားပေါ့ဗျာ။ တကယ်တော့ မီးလောင်ခန်းထဲ မီးမလောင်တာကိုပဲဆိုလိုတာပါ။ ဒီ Misfire ဖြစ်တယ်ဆိုတာကလည်း Fuel Injector တွေကြေးပိတ်ရင် ဖြစ်တတ်တဲ့ရောဂါတစ်ခုဗျ။ မီးလောင်ဖို့လုံလောက်ဆီဖြန်းပေးမှုတွေမရှိတော့ရင် မီးလောင်ခန်းထဲ မီးလောင်ရမယ့်အလှည့်မှာမီးမလောင်ဘဲ ကျော်သွားတာလို့နားလည်ရင်ရပါပြီ။ ဒီ Misfire က ဘယ်အချိန်ဖြစ်သလဲဆိုရင် ကားလီဗာ (Accelerator Pedal) ကိုနင်းလိုက်တဲ့အချိန်၊ ကားကမဆွဲတော့ဘဲ ပေါ့ရွှတ်ရွှတ်ဖြစ်သွားမျိုးတွေပေါ့။ အဲဒါမျိုးတွေကလည်း Fuel Injector တွေကြေးပိတ်ရင်ဖြစ်တတ်တဲ့ရောဂါတစ်ခုပါဗျာ။
  • Engine Check မီးလင်းတာ
    Engine Check မီးလင်းတာကတော့ တကယ်ဆိုအခြားအကြောင်းအရာမျိုးစုံကြောင့်လည်း လင်းတက်တာပါ။ ဒါပေမဲ့ Fuel Injector တွေကြေးပိတ်တာ၊ မကောင်းတာ၊ ညာနေတာတွေကြောင့် ဆီနဲ့လေအချိုးမညီမျှမှုတွေဖြစ်ပေါ်ပြီး အင်ဂျင် Performance ချို့ယွင်းချက်တွေကြောင့်လည်း Engine Check မီးလင်းတတ်ပါတယ်။ OBD Scanner တွေသုံးပြီး သေချာအောင်စစ်ဆေးပြီးမှ ပြုပြင်ဖို့တော့လိုအပ်ပါတယ်။
  • Fuel (လောင်စာဆီတွေယိုစိမ့်ထွက်တာ)
    Fuel Injector တွေရဲ့ကိုယ်ထည် (Body) ကမကောင်းတာ၊ သက်တမ်းကြာပြီးဆွေးလာတာ ဒါမှမဟုတ် အက်ကွဲကြောင်းတွေရှိတာ အစရှိတဲ့ပြဿနာတွေကြောင့် ဆီယိုစိမ့်မှုတွေဖြစ်တတ်ပါတယ်။ Fuel Line တွေကနေလာမယ့်ဆီတွေက Nozzle ထိပ်ဝ ဆီမရောက်တော့ဘဲ Fuel Injector Body ကနေယိုစိမ့်ထွက်လာတာမျိုးပါ။ Fuel Injector တွေစုပေါင်းထားတဲ့ Rail တန်းနားမှာ ဒါမှမဟုတ် Fuel Injector တစ်လုံးချင်းစီရဲ့အောက်မှာ ဆီယိုစိမ့်မှုတွေ တွေ့တယ်ဆိုရင်တော့ အဲဒါ Fuel Injector Body တွေမကောင်းလို့ယိုစမ့်ထွက်တာဖြစ်နိုင်သလို Fuel Injector Oil Seal တွေမကောင်းလို့ယိုစိမ့်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။
  • ဆီအနံ့ထွက်တာ
    ကားအင်ဂျင်ခန်းထဲကနေ ဓာတ်ဆီနံ့ရတာမျိုးကလည်း Fuel Injector တွေမကောင်းတာ၊ အက်ကွဲတာ၊ ယိုစိမ့်တာ၊ Fuel Injector Seal တွေမလုံတာတွေကြောင့် Fuel တွေယိုစိ့မ်ထွက်ပြီး ဆီအနံ့ထွက်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ အင်ဂျင်ခန်းထဲမှာဆီအနံ့ရတာမျိုးက အခြား Fuel Line တွေပေါက်တာ၊ ဆီငွေ့ပျံဘူးကနေထွက်တာမျိုးတွေလည်းရှိတတ်ပေမဲ့ ဆီအနံ့ရတယ်ဆိုရင်တော့ ကားစက်သတ်ပြီး ဆီအယို အစိမ့်တွေကို သေချာအောင်စစ်ဆေးပြီးမှသာ မောင်းနှင်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကားမီးလောင်နိုင်သည်အထိအန္တရာယ်ရှိတတ်ပါတယ်။
  • Engine RPM ရုတ်တရက် ထိုးတက်တာမျိုး
    ကားမောင်းနေရင် ပုံမှန်အဆွဲအရုန်းလေးရှိနေရင်းကနေ ရုတ်တရက်ကားစောင့်ရုန်းသွားသလို ဖြစ်တာ၊ ကားအင်ဂျင် Idle ရုတ်တရက် ထိုးတက်သွားတာမျိုးတွေကလည်း Fuel Injector တွေမကောင်းရင်ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Fuel Injector တွေကနေ လောင်စာဆီပေးပို့မှု ရုတ်တရက်အရမ်းများသွားတယ်ဆိုရင်၊ လုံလောက်တဲ့ပမာဏထက်ပိုသွားတယ်ဆိုရင် ကားမီးလောင်ခန်းထဲမှာ ပုံမှန်မဟုတ်တဲ့မီးလောင်ပေါက်ကွဲမှုတွေဖြစ်ပြီး ကားအင်ဂျင်မူမမှန်တာတွေ ဖြစ်တတ်ပါတယ်။ Injector ဆီကျများတာလို့ကားလောကမှာ ခေါ်ဝေါ်သုံးစွဲကြပါတယ်။
  • ဆီစားနှုန်းများလာတာ
    Injector တွေကနေ ဆီပေးပို့မှုနှုန်း မမှန်တော့ဘူးဆိုရင် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေသလို မီးလောင်ပေါက်ကွဲပြီး Exhaust ကနေထွက်လာတဲ့ မီးလောင်ပြီးသား အခိုးအငွေ့တွေမှာလည်း လေအချိုးအနည်းအများပမာဏတွေ မမှန်မကန်ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာတယ်ဆိုရင် ဒီမီးခိုးငွေ့တွေကိုအာရုံခံရတဲ့ Oxygen Sensor တွေရဲ့သတင်းရယူမှု အချက်အလက်တွေကို မမှန်မကန်ဖြစ်စေပြီး ECU (Engine Control Unit) ကနေဆီပို့မှုအချိုးအစားတွေများလာပြီး ဆီစားနှုန်းမြင့်မားမှုတွေဖြစ်လာစေတတ်ပါတယ်။
  • Emission မကောင်းတာ
    ဒါကတော့ လေထုညစ်ညမ်းမှုနဲ့သက်ဆိုင်တာပါ။ အင်ဂျင်ခန်းထဲကမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွေမှန်မှန်ကန်ကန်ဖြစ်စေဖို့ လေနဲ့ဆီအချိုးညီမျှဖို့လိုပါတယ်။ လေနဲ့ဆီအချိုးညီညီမျှမျှဖြစ်တယ်ဆိုရင် အိတ်ဇောကနေထွက်တဲ့အခိုအးငွေ့တွေကလည်း လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ အခိုးအငွေ့ပါဝင်မှုနှုန်းလျော့နည်းပါတယ်။ အဲဒီလိုမဟုတ်ဘဲ လောင်စာဆီအချိုးများလို့ ဆီတွေအကုန်မီးမလောင်နိုင်တာ၊ ဒါမှမဟုတ်လောင်စာဆီအချိုးနည်းလို့ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မမှန်ကန်တာတွေမျိုးတွေကနေထွက်လာတဲ့ အိတ်ဇောငွေ့တွေကတော့ လေထုညစ်ညမ်းမှုကို အများဆုံးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် Fuel Injector တွေကဆီပေးပို့မှုအချိုးကနေ လေထုညစ်ညမ်းမှုအထိ တိုက်ရိုက်သွားသက်ဆိုင်နေပါတယ်။

ဒီအချက်တွေက Fuel Injector တွေမကောင်းဘူးဆိုရင် သိသာထင်ရှားစွာဖြစ်လာတတ်တဲ့ အချက်တွေထဲက အဖြစ်များဆုံးအချက်တွေပါ။ Fuel Injector တွေ အဓိကပျက်စီးစေတဲ့အချက်က Fuel Injector တွေသက်တမ်းကြာမြင့်တာရယ်၊ မသန့်ရှင်းတဲ့၊ အရည်အသွေးမပြည့်မီတဲ့ လောင်စာဆီတွေကြောင့်ပါပဲ။ ဒါကြောင့်ဒီအချက်တွေထဲက တစ်ခုဒါမှမဟုတ် ၂ ခု ၃ ခုဖြစ်နေတယ်ဆိုရင်တော့ Fuel Injector တွေကိုဖြုတ်စစ်ဆေးတာ၊ Injector Cleaner ဆေးရည်ထည့်ဆေးကျောတာမျိုးတွေလုပ်ပြီး Fuel Injector တွေလုံး၀ပျက်စီးမှုကိုကာကွယ်ရမှာပါ။ အခုခေတ်ကားဈေးကွက်မှာရှိတဲ့ ကားအမျိုးမျိုးရဲ့ Fuel Injector ဈေးနှုန်းက မသေးလှပါဘူး။ ဒါကြောင့် Fuel Injector တွေ အပျက်အစီးသက်သာအောင် အရည်အသွေးပြည့်မီတဲ့လောင်စာဆီကို ရွေးချယ်အသုံးပြုတာ၊ Fuel Injector တွေမကောင်းတော့ရင် 'ပြ'တတ်တဲ့ အထက်ပါလက္ခဏာတွေကိုသတိထားပြီး အချိန်မီ ပြုပြင်သုံးစွဲခြင်းဖြင့် မိတ်ဆွေတို့ကားမှာရှိတဲ့ Fuel Injector တွေ မလိုအပ်ဘဲအသစ်မလဲရစေဖို့ စေတနာထား တင်ပြပေးလိုက်ရပါတယ်။
စာဖတ်သူ မိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ။

Author