Frankfurt ကားပြပွဲမှာ ပွဲထုတ်လိုက်တဲ့ Volkswagen ရဲ့လျှပ်စစ်ကား ID.3

0

Full article

Volkswagen ဟာ Beetle နဲ့ Golf တို့လိုမျိုး အရမ်းအရေးပါတဲ့ ID.3 EV အသစ်ကို ပြီးခဲ့တဲ့ 2019 Frankfurt ကားပြပွဲမှာ ပွဲထုတ်ပြသလိုက်ပါတယ်။ နောက်ဆုံး ထုတ်လုပ်မယ့်ပုံစံကို ထုတ်ဖေါ်ပြသလိုက်တာပါ။

ID.3 ဟာ Volkswagen ရဲ့အနာဂတ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းအစီအစဉ်မှာ အရေးတကြီးပါဝင်တဲ့ကားတစ်စီးဖြစ်ပြီး ဆက်လက်ထုတ်လုပ်မယ့် ID series တွေရဲ့ ပထမဆုံး မျိုးဆက်လည်းဖြစ်နေပြန်ပါတယ်။

ID.3 ဟာ VW ရဲ့ ဘယ် range ထဲကိုဝင်မှာလဲ

“တိုတိုပြောရမယ်ဆိုရင်တော့ ID.3 ဟာ Golf လိုမျိုး compact ဖြစ်မယ်။ Passat လိုမျိုး အတွင်းခန်းကျယ်ရမယ်။ စွမ်းဆောင်ရည်ပိုင်းအရ Golf GTI လိုမျိုး ဖေါက်ထွက်နိုင်ရမယ်။”

လို့ VW ရဲ့ကားထုတ်လုပ်ရေး COO ဖြစ်သူ Ralf Brandstatter ကဆိုပါတယ်။

“Range အနေနဲ့ 550km (342 မိုင်) အထိရနိုင်တာမို့လို့ တချို့အတွက် ရက်သတ္တတစ်ပတ်လောက်ကို လျှပ်စစ်အားမသွင်းဘဲမောင်းနှင်နိုင်မှာပါ။ ID.3 ဟာ ကမ္ဘာ့တစ်ဝှမ်း ပထမဆုံးသော ဝယ်ယူအားပေးတဲ့သူတွေအတွက် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုမဲ့ အဖြစ်ထွက်ရှိလာမှာပါ။ လာမယ့်မျိုးဆက်အတွက် မရှိမဖြစ် ရှိကိုရှိရမယ့် ကားတစ်စီးလို့ဆိုချင်ပါတယ်။”

ဆိုပြီး Ralf က ဆက်လက်ပြော ကြားခဲ့ပါသေးတယ်။

VW ရဲ့အဆိုအရတော့ ID.3 ရဲ့ MEB (Modular Electric Drive Matrix : အကြမ်းဖျင်းအားဖြင့် Volkswagen ID မှအစပြုကာ အနာဂတ်တွင်ဆက်လက်ထုတ်လုပ်မည့် လျှပ်စစ်ကားများစွာအတွက် အခြေခံနည်းပညာ ဖြစ်ပြီး   full electric မော်တော်ယာဉ်များကို rage 500km နဲ့ ထိုထက်ပို၍မောင်းနှင်နိုင်ရန် အထောက်အကူပြု) electric platform ဟာ ကုမ္ပဏီရဲ့ ရောင်းကုန်စာရင်းကိုတောင်မှ အပြောင်းအလဲဖြစ်စေနိုင်မယ်လို့ဆိုထားတာပါ။ Polo ကနေ Passat ၊ SUVs တွေကနေ မဝေးလှတဲ့အနာဂတ်အတွင်း ဖြစ်နိုင်ခြေရှိသလောက် အခြားအမျိုးအစားများစွာအတွက် ကျောထောက်နောက်ခံတောင်မှ ဖြစ်လာနိုင်ဖွယ်ရာရှိနေပါတယ်။ VW ကနေပြီး နောက်ထပ်အတည်ပြုထားတာကတော့ သူတို့ဟာ MEB ကိုအခြေခံပြီး electric van တစ်မျိုးလည်း တည်ဆောက်နေတယ်ဆိုတာပါပဲ။ ဒါကြောင့်ပဲဆရာ ကြီးတွေပြောနေကြသလို 2028 မှာ Volkswagen ဟာ ID ကိုအခြေတည်ပြီး မော်တော်ယာဉ် 15 သန်းလောက်ထုတ်လုပ်ဦးမှာ ဆိုတဲ့အပေါ်မှာ ဘယ်သူမှ အံ့သြတော့မှာမဟုတ်ပါဘူး။

လျှပ်စစ်ကားအသစ်ကို Volkswagen က ဘာလို့ ID လို့ခေါ်တာလဲ

VW ရဲ့ အရောင်းနဲ့ ဈေးကွက်ရှာဖွေချဲ့ထွင်ရေး ဘုတ်အဖွဲ့ဝင်ဖြစ်သူ Jürgen Stackman ကတော့ ID စာလုံးရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို အခုလိုရှင်းပြခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ဗဟိုကနေ စတင်နေကြတယ်။ ထုတ်လုပ်မယ့် models တွေနဲ့ အရောင်းပမာဏတွေကို ရှာတွေ့နိုင်မယ့် အဓိကနေရာ ဖြစ်တဲ့ Volkswagen ဆိုတဲ့ အမှတ်တံဆိပ်ရဲ့ အချက်အချာကပေါ့။”
“နံပတ် 3 ဆိုတာကတော့ အစိတ်အပိုင်းတွေအဖြစ်နဲ့ အပေါ်မှာရော အောက်မှာပါ ချဲ့ထွင်နိုင်တဲ့ လက္ခဏာပါ။ ကျနော်တို့ရဲ့ ထုတ်လုပ်ရေးပိုက်လိုင်းမှာ အများအပြားတန်းစီရှိနေကြပြီ။ လုံးဝကိုလျှပ်စစ်စွမ်းအင်သုံး model နှစ်ဆယ်လောက်နဲ့  တစ်နှစ်ကို မော်တော်ယာဉ်ရောင်းအား တစ်သန်းထက်ပိုတဲ့အရေအတွက်နဲ့အတူ 2025 ခုနှစ်အတွင်း ဒီအမှတ်တံဆိပ်ဟာ ကမ္ဘာ့နံပါတ်တစ် အမှတ်တံဆိပ်ဖြစ်လာပါလိမ့်မယ်။ အားလုံးဟာ ချိတ်ဆက်နေမှာ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကင်းမဲ့နေမှာပါ။”

ဆိုပြီးလည်း ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။ Stackman က

“အခုလို ID.3 ကိုမိတ်ဆက်လိုက်နိုင်တာဟာ တကယ့်ကို အချိန်ကောင်းပါပဲ။ ကျွန်တော်တို့ရဲ့ customers တွေဒီနေ့ဘယ်လိုကားမျိုးနှစ်သက်နေကြသလဲ၊ အဲဒါကို ကျွန်တော်တို့ဖြည့်ဆည်းနေတာပါ။ ဒါဟာ နည်းပညာနဲ့ ယုံကြည်စိတ်ချရမှုပေါင်းစပ်ထားတဲ့ Volkswagen တစ်စီး .. ပြီးတော့ လုံးဝ..လုံးဝအသစ်စက်စက် ဒီဇိုင်းနဲ့အတူ ဘာမှထုတ်လွှတ်မှုမရှိတဲ့နောက်ကိုခြေရာကောက်ထားပြီးသားဗျ။ ကြိုတင်မှာယူထားတဲ့အရေအတွက်ကတောင် 33,000 ကျော်နေပါပြီ။ ဒီအရေအတွက်ကတော့ နေ့တိုင်းတက်နေတာ။ အခု Frankfurt မှာကားကို အကောင်လိုက်ကြီးမြင်လိုက်ရရင် ပိုလို့တောင်များလာမှာ သေချာတယ်ဗျ။”

ဆိုခဲ့ပါသေးတယ်။

ဒီဇိုင်းအရဆိုရင်

ကားရဲ့ အရွယ်အစားဟာ Golf ရဲ့အရွယ်အစားဖြစ်ပြီး တံခါးငါးပေါက်ပါ hatchback ခြင်းတူပေမဲ့လည်း ဆန်းသစ်ကွဲထွက်နေတာကို တွေ့ကြရမှာပါ။ ပြောရမယ်ဆိုရင် ဒီဇိုင်းက တော်တော်လေးချစ်ဖို့ကောင်းတယ်။ ID.3 ကို အရှေ့ပိုင်းက ကြည့်မယ်ဆိုရင် Disney ရဲ့ Big Hero 6 ထဲက စက်ရုပ်ကြီး Baymax နဲ့တောင်တူနေပါသေးတယ်။ မျက်လုံးနဲ့တူတဲ့ headlights တွေ အားလုံးကို full-LED တွေတပ်ဆင်ပေးထားတယ်။ ဝယ်ယူသူအနေနဲ့ ဘီးအရွယ်အစားကို 18-, 19- ဒါမှမဟုတ် 20-inch ကြိုက်ရာရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Hatchback တစ်စီးအနေနဲ့ ရှည်တဲ့ wheelbase (အရှေ့အနောက် ဘီးနှစ်လုံးရဲ့ ဗဟိုမှတ်နှစ်ခုအကြားအကွာအဝေး) နဲ့ တကယ့်ကိုတိုတဲ့ overhangs (အရှေ့ဘီးဗဟိုမှ အရှေ့ဘက်အစွန်းဆုံး သို့မဟုတ် အနောက်ဘီးဗဟိုမှ အနောက်ဘက်အစွန်းဆုံးအထိ အကွာအဝေး) တွေနဲ့ထုတ်လုပ်လိုက်တဲ့ ဒီဇိုင်းကတော့ အတွင်းခန်းအကျယ်အဝန်းကို အမြင့်ဆုံးအထိ ရောက်ရှိစေပါတယ်။

ID.3 ရဲ့ အတွင်းခန်း အနေအထား

ရှင်းတယ်။ ရိုးတယ်။ သပ်ရပ်တယ်ဆိုတာဟာ ID.3 ရဲ့ အတွင်းခန်းကရရှိတဲ့ ခံစားချက်ပါပဲ။ Dashboard ဟာ လက်ရှိကားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လုံးဝကို ရှင်းလင်းနေမှာ ဖြစ်သလို ကြီးမားတဲ့ centre console ကလည်း ပစ္စည်းပစ္စယတွေထားရှိဖို့အတွက်ပဲ တပ်ဆင်ပေးထားပါတယ်။ ပြတင်းပေါက်မှန်အတင်အချခလုတ်နဲ့ စုံမီး (hazard warning light) ခလုတ်တွေပဲ physical buttons တွေအဖြစ်နဲ့ ပါဝင်ပါတယ်။ ကျန်တာတွေအားလုံးကတော့ steering ခွေကတစ်ဆင့်သော်လည်းကောင်း infotainment မျက်နှာပြင်မှသော်လည်းကောင်း ထိန်းချုပ်သွားရမှာပါ။ ခြေနင်းအဖြစ်နဲ့ play နဲ့ pause လုပ်လို့ရတဲ့ accelerator နဲ့ brake ပဲပါဝင်ပါတယ်။

ID.3 ရဲ့အတွင်းခန်းကို ဝင်ထိုင်လိုက်ခြင်း ဖြစ်ပေါ်လာတဲ့ခံစားချက်ကတော့ modern ကျတယ်။ ရှင်းလင်းသပ်ရပ်တယ်။ ဒါပေမဲ့ Volkswagen ရဲ့ စတိုင်အတိုင်း modern ကျနမှုရယ်ပါ။

ID.3 အလယ်ဗဟိုက instrument panel က 10-inch infotainment display ဖြစ်ပြီး ဝယ်ယူစီးနင်းကြမယ့်သူတွေ အသုံးပြုဖို့အတွက် အားလုံးဟာ စနစ်သစ်နဲ့ ဖြစ်ပါတယ်။ အခြားအမှတ်တံဆိပ်တွေမှာ တပ်ဆင်ပေးထားသလိုမျိုးပါပဲ၊ VW ရဲ့ ထုတ်ကုန်မှာလည်း ‘Hello ID’ နဲ့စတင်ပြီး အသံနဲ့ အမိန့်ပေးခိုင်းစေစနစ် ပါဝင်ပါတယ်။ နောက်ပြီး ဂြိုဟ်တုလမ်းညွှန်ကိုလည်း live အနေနဲ့ အသုံးပြုနိုင်စွမ်းရှိတယ်။ Options အနေနဲ့ AR (augmented reality) နဲ့ HUD (head-up display) တပ်ဆင်ချင်ရင် တပ်ဆင်နိုင်ပါသေးတယ်။

ပါဝါနဲ့ range က ဘယ်လိုရှိမလဲ

VW ဟာ ID.3 အတွက် ရွေးချယ်စရာ တွေခပ်များများပေးထားပါတယ်။ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဘက်ထရီ အရွယ်အစား သုံးမျိုးနဲ့ e-motor ပါဝါ နှစ်မျိုး ရွေးချယ်နိုင်တာပါ။ ဘက်ထရီအရွယ်အစားသုံးမျိုးကတော့ 45 ၊ 58 နဲ့ 77kWh ဖြစ်ပြီး e-motor ကိုတော့ 110kW နဲ့ 150kW နှစ်မျိုးထဲက ကြိုက်ရာရွေးချယ်နိုင်ပါတယ်။

ပါဝါကို hp နဲ့တွက်ကြည့်မယ်ဆိုရင်အများဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 148bhp နဲ့ 201bhp အထိလို့ဆိုနိုင်ပါတယ်။ အနောက်ဘီးတွေမှာ တပ်ဆင်ထားမယ့် မော်တာတစ်လုံးထဲနဲ့တောင်မှ 0-62mph နှုန်းကိုရဖို့ 7-second သာလိုအပ်မှာပါ။ Twin-motor နဲ့ AWD models တွေကတော့ နောက်မှသာ ထွက်ရှိလာဖို့ရှိပါတယ်။

Range အနေနဲ့ကတော့ ဘက်ထရီအရွယ်အစားသုံးမျိုးအရ 205, 261 နဲ့ 342 မိုင်အထိ WLTP (Worldwide Harmonised Light Vehicle Test Procedure) အရ ရရှိနိုင်မယ်လို့ VW ကအခိုင်အမာဆိုထားပါတယ်။ ID.3 တိုင်းဟာ 161 မိုင်လောက်သွားဖို့အတွက် မိနစ် 30 လောက်အားသွင်းဖို့လိုအပ်မှာပါ။ VW ကနေ ဘက်ထရီတွေနဲ့ပတ်သက်ပြီး အာမခံချက်ပေးထားတာကတော့ ရှစ်နှစ် သို့မဟုတ် မိုင်တစ်သိန်းဖြစ်ပါတယ်။

လူနဲ့ပစ္စည်း ဘယ်လောက်တင်နိုင်မလဲ

MEB platform ရဲ့ ပိုမိုရရှိလာမယ့်နေရာလွတ်တွေအရ ID.3 ဟာ လူငါးယောက် ချောင်ချောင်ချိချိ လိုက်ပါစီးနင်းနိုင်မှာပါ။ Boot ရဲ့ ဝင်ဆံ့မှုကတော့ 385-litre ဖြစ်ပြီး Golf ထက်စာရင် Polo လောက်ရှိတယ်လို့ဆိုရပါမယ်။

ဈေးနှုန်း

“ID.3 standard model အတွက် ဂျာမနီမှာဆိုရင် VW ကနေ ကတိပေးထားတဲ့အတိုင်း €30,000 ကစမှာပါ။ Special Edition ကတော့ €40,000 အောက်ကျသင့်မှာပါ။ ဒီလိုမျိုးဈေးနှုန်း ဒီလိုမျိုးကားဟာ တွက်ခြေကိုက်လှတဲ့ ကားလို့ဆိုလို့ရပါတယ်။ ကားရဲ့ဈေးနှုန်းဟာ combustion ကားတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် နည်းနည်းတော့များကောင်းများပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်ကုန်ကျစာရိတ်ခြင်းယှဉ်မယ်ဆိုရင်တော့ ID.3 ကအများကြီးသာသွားမှာပါ။ Electric ကားတွေဟာ ထုနဲ့ထည်နဲ့ကို ရေပန်းစားလာပါပြီ။”

လို့ Stackman ကဆိုပါတယ်။

ID.3 ကိုတော့ 2020 ခုနှစ်မှာစတင်ပြီးပထမဆုံးအနေနဲ့ ဖြန့်ချိသွားတော့မှာပဲဖြစ်ပါတယ်။

Ref: Volkswagen ID.3: electric VW goes live in Frankfurt by CAR

Author