ဘတ်ဂျက်ကန့်သတ်ချက်အတွင်းကနေ အသင့်တော်ဆုံးကားကို ရွေးချယ်ဝယ်ယူဖို့ဆိုရင်

0

Full article

အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ ကားတစ်စီးဝယ်ယူတော့မယ်ဆိုတိုင်း စဉ်းစားစရာတွေက ခေါင်းခြောက်စရာကောင်းလောက်အောင် များတတ်ပါတယ်။ ပြီးတော့ ကားစျေးကွက်၊ ကားလောကဆိုတာကလည်း အနိမ့်အမြင့်၊ အတက်အကျမြန်ဆန်လွန်းလှသလို ပရိယာယ်မာယာကြွယ်ဝတဲ့အပြောင်းအလဲတွေရှိနေပါတယ်။ ကားဝယ်တော့မယ်ဆိုရင် အင်ဂျင်စွမ်းဆောင်ရည်၊ နည်းပညာနဲ့ ပစ္စည်းစုံလင်မှုရှိ/မရှိ၊ အတွင်းပိုင်းအကျယ်အဝန်း စတာတွေကို အဓိကထားကြည့်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီအချက်တွေထက် ပိုအရေးကြီးတာက သင်အသုံးပြုဖို့ရည်မှန်းထားတဲ့ ဘတ်ဂျက်ငွေအကန့်အသတ်နဲ့ လက်ရှိပေါက်စျေးပဲ ဖြစ်ပါတယ်။ ကိုယ်သုံးမယ့် ဘတ်ဂျက်ငွေကန့်သတ်ချက်တွင်းမှာ အသင့်တော်ဆုံးကားတစ်စီးရရှိဖို့ အောက်ပါအကြံပြုချက်လေးတွေက အ‌ထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ဆုံးဖြတ်ချက်အတိုင်းသာ ရွေးချယ်ပါ

မော်တော်ကားအရောင်းပြခန်းတွေကိုရောက်သွားတဲ့ Customer တော်တော်များများဟာ ရွေးချယ်ရင်း၊ ရွေးချယ်ရင်း မူလမျှော်မှန်းတာထက် ပိုစျေးကြီးတဲ့ကားမျိုးကို ဝယ်ဖြစ်သွားလေ့ရှိပါတယ်။ ဒါဟာ အရောင်အသွေးစုံ၊ ဖိတ်ဖိတ်တောက်နေတဲ့ ကားသစ်ကြီးတွေရဲ့ဆွဲဆောင်မှုရယ်၊ သေချာလေ့ကျင့်ပေးထားတဲ့ အရောင်းဝန်ထမ်းတွေရဲ့ အပြောအဆိုပါးနပ်လိမ္မာမှုရယ်ကြောင့်ပဲဖြစ်ပါတယ်။ ငွေနည်းနည်းလောက်ပိုသုံးလိုက်တာနဲ့ ဘယ်လောက်အထိ သာလွန်ကောင်းမွန်တဲ့ ကားမော်ဒယ်ကိုရရှိနိုင်ကြောင်း၊ ဘယ်လိုဘယ်လိုကွာခြားကြောင်း စည်းရုံးတိုက်တွန်းကြတာချည်းပါပဲ။ ဒါကြောင့် မဝယ်ခင်ကတည်းက တိကျသေချာတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ထားသင့်ပါတယ်။

ဘတ်ဂျက်ငွေကို ရှင်းရှင်းလင်းလင်းသတ်မှတ်ပါ

အရောင်းပြခန်းတွေကို ခြေမချခင်၊ ဒါမှမဟုတ် ကားအရောင်းဝက်ဘ်ဆိုက်တွေကို ဝင်မကြည့်ခင်မှာ သင်အမှန်တကယ်သုံးနိုင်တဲ့ဘတ်ဂျက်၊ သင့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေမယ့် ဘတ်ဂျက်ပမာဏကို ရှင်းရှင်းလင်းလင်းသတ်မှတ်ထားသင့်ပါတယ်။ ကားတစ်စီးဝယ်ဖို့ ငွေသုံးတော့မယ်ဆိုရင် ဘဏ်အကောင့်ထဲကဖြစ်ဖြစ်၊ ငွေသားပဲဖြစ်ဖြစ်၊ သီးသန့်ဖယ်ထားတဲ့ ဘတ်ဂျက်ငွေပမာဏကိုပဲ သုံးသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သင့်ရဲ့လစဉ်ဝင်ငွေထဲကဖြစ်ဖြစ် စိုက်ထုတ်သုံးစွဲလိုက်ပြီဆိုရင် ဒီကားနဲ့ပတ်သက်ပြီး နောက်ပိုင်းဖြစ်ပေါ်လာမယ့် ပြင်ဆင်မှုစရိတ်တွေက သင့်ကို အခက်တွေ့စေပါလိမ့်မယ်။ ကားတစ်စီးကို ကာလရှည်စာချုပ်နဲ့ ငှားစီးမယ်ဆိုရင်လည်း သင့်ဝင်ငွေကို အရင်ဆုံးပြန်လည်ချိန်ဆဖို့လိုပါတယ်။ လစဉ်ပေးချေရမယ့်ငွေဟာ သင်တတ်နိုင်တဲ့ပမာဏဖြစ်ဖို့ အဓိကလိုအပ်ပါတယ်။

သင့်ကားထံက ဘာကို အဓိကမျှော်လင့်သလဲ

ကားဝယ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုပြန်မေးရမယ့် အရေးကြီးတဲ့မေးခွန်းတစ်ခုက သင့်ကားထံက ဘာကိုအလိုအပ်ဆုံးလဲဆိုတာပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ကားကိုဘယ်လိုအသုံးချမှာလဲလို့ မေးနိုင်ပါသေးတယ်။ ဥပမာအားဖြင့် သင်ဟာ မိသားစုလိုက်စီးဖို့ ရည်ရွယ်ပါသလား။ ဒါဆိုရင် သင်ဝယ်မယ့်ကားဟာ အတွင်းခန်းကျယ်ဝန်းပြီး Passenger ထိုင်ခုံအရေအတွက် ပိုများဖို့အဓိကလိုအပ်တာပါ။ သင်နေထိုင်ရာပတ်ဝန်းကျင်ဒေသကိုလိုက်ပြီး သင့်ရဲ့လိုအပ်ချက်က အမျိုးမျိုးဖြစ်နိုင်ပါသေးတယ်။ ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေအတွက် SUV ဆန်ဆန်ကားတွေ၊ Off-Road အမျိုးအစားတွေက သင့်တော်ပြီး မြို့ပြဒေသတွေမှာတော့ အရွယ်အစားသေးသေးနဲ့ City Car တွေက ပိုပြီးတော့ ကိုက်ညီပါတယ်။ စာဖတ်သူဟာ လူငယ်ပိုင်းဖြစ်ပြီး ဘတ်ဂျက်အင်အားလည်းတောင့်တင်းမယ်ဆိုရင်တော့ ပြိုင်ကားတွေကို ထည့်သွင်းစဉ်းစားနိုင်ပါသေးတယ်။

ကားအတွင်းပိုင်းမှာလည်း Infotainment System ကိုသုံးဖို့၊ နောက်ဆုတ်ပါကင်ထိုးရာမှာ အာရုံခံကိရိယာအကူအညီရယူဖို့၊ ဖုန်း၊ အင်တာနက်နဲ့ ဒက်ရှ်ဘုတ်ပေါ်က Screen ကို အပြန်အလှန်ချိတ်ဆက်ဖို့ရည်ရွယ်ပါသလား။ ဒါဆိုရင်တော့ သင်ဝယ်မယ့်ကားဟာ အတွင်းပိုင်းနည်းပညာအဆင့်မြင့်ဖို့လိုအပ်ပါတယ်။ သင်လိုအပ်တဲ့အားသာချက်တစ်ခုခုကို ဦးစားပေး‌ရွေးချယ်လိုက်ခြင်းအားဖြင့် ငွေအများကြီးမသုံးရစေဘဲ အကိုက်ညီဆုံးကားတစ်စီးကိုရရှိနိုင်ပါလိမ့်မယ်။

ကားနဲ့ပတ်သက်တဲ့အသုံးစရိတ်ကို ကြိုတင်စဉ်းစားထားပါ

ဘတ်ဂျက်ငွေအကန့်အသတ်နဲ့ အကြိုက်ဆုံးကားတစ်စီးကို ဝယ်လိုက်ရုံနဲ့ သင်စိတ်အေးရပြီလို့မထင်လိုက်ပါနဲ့။ ကားတစ်စီးကို ပိုင်ဆိုင်ဖို့ဆိုတာ ဒီလောက်မရိုးရှင်းပါဘူး။ ဒီကားကိုဝယ်ယူလိုက်ပြီးနောက်ပိုင်း ပုံမှန်အသုံးပြုနေရမယ့်ထွက်ငွေတွေအကြောင်းကိုလည်း ထည့်သွင်းစဉ်းစားထားသင့်ပါတယ်။ ကားအတွက် ပုံမှန်လောင်စာဆီဖိုး၊ ဘီးခွန်စတဲ့ အခွန်အခ၊ ပြင်ဆင်မှုစရိတ်စတာတွေကိုပါ ကြိုတင်စဉ်းစားရမှာပါ။ ဒါကြောင့် တခြားဂုဏ်အင်္ဂါရပ်တွေနဲ့ပတ်သက်ပြီး သိပ်ကိုကျေနပ်နှစ်သက်နေရင်တောင် ဆီစားနှုန်းမသက်သာဘူးဆိုရင်လည်း သင့်အတွက် သင့်တော်နိုင်မှာလားဆိုတာ ပြန်လည်စဉ်းစားသင့်ပါတယ်။

နောက်ထပ် မော်တော်ကားနဲ့ပတ်သက်တဲ့ပုံမှန်အသုံးစရိတ်တစ်ခုကတော့ မော်တော်ယာဉ်အာမခံကြေးပဲဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာလည်း အာမခံကုမ္ပဏီတွေအပြိုင်အဆိုင်ပေါ်ပေါက်လာနေပြီး ၎င်းတို့ရဲ့အဓိကပစ်မှတ်က ကားပိုင်ရှင်တွေဖြစ်လာခဲ့ပါတယ်။ ကားဝယ်သူတွေဘက်ကကြည့်ရင်လည်း တန်ဖိုးကြီးမော်ဒယ်မြင့်ကားတစ်စီး ပျက်စီးဆုံးရှုံးသွားခဲ့ရင်ဆိုတဲ့အတွေးနဲ့ အာမခံထားဖို့ ပိုမိုစိတ်အားထက်သန်လာကြတာကို တွေ့ရပါတယ်။ ဒါကြောင့် သင်ကားဝယ်တော့မယ်ဆိုရင် ရွေးချယ်ထားတဲ့ကားအတွက် အာမခံကြေးက ဘယ်လောက်ကျသင့်မလဲဆိုတာပါ တစ်ပါတည်းစဉ်းစားတွက်ချက်သင့်ပါတယ်။ ဒီအတွက်လည်း အကြမ်းဖျင်းအာမခံကြေးကို အာမခံကုမ္ပဏီကနေ တောင်းခံပြီးတော့ဖြစ်ဖြစ်၊  အာမခံကြေးနှိုင်းယှဉ်ဖော်ပြတဲ့ဝက်ဘ်ဆိုက်တွေကနေ ဝင်ရောက်လေ့လာပြီးတော့ဖြစ်ဖြစ် သိနိုင်မှာဖြစ်ပါတယ်။

Ref: How to find the right car for your budget by Car Keys

Author