အဖြစ်အများဆုံး Power Window ပြဿနာများ

0

Full article

ဘထ္ထရီခေါင်းဖြုတ်ပြီးမှ တံခါးမှန်တွေအတင်အချမရတော့ဘူးဆိုရင် ……

မိုးအကုန် ဆောင်းအကူး ကျနော်တို့အလုပ်ရုံကို Power Window ပြင်ဖို့ကားတွေ တော်တော်ရောက်လာတယ်ဗျ။ အဲဒီထဲကမှ မိတ်ဆွေတို့ သိသင့်တဲ့ Power Window ပြဿနာလေးတွေကို တင်ပြပေးချင်ပါတယ်။

ကျနော်တို့ကားလောကမှာ လက်ရှိအသုံးပြုနေတဲ့ကားတော်တော်များများ (2000) မော်ဒယ်နောက်ပိုင်းကားတွေမှာ အများဆုံးအသုံးပြုနေတာက Power Window စနစ်ပါ။ ဟိုးအရင် လက်ကိုင်ကို လက်နဲ့လှည့်ပြီး မှန်အတင်အချလုပ်ရတဲ့ ကားတွေလည်းရှိပါသေးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မော်ဒယ်မြင့် ကားတွေအကုန်လုံးမှာ အသုံးပြုနေတာကတော့ Power Window လို့ခေါ်တဲ့စနစ်ကို အသုံးပြုနေတာပါ။

Power Window လို့ခေါ်တဲ့ တံခါးမှန်ကို အလိုအလျောက် (လက်လှည့်စရာမလိုဘဲ) အတင်အချ လုပ်ပေးနိုင်တဲ့ စနစ်က လူအများထင်သလို ပစ္စည်းတွေအများကြီးနဲ့ ရှုပ်ရှုပ်ထွေးထွေးဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ ဒီစနစ်မှာ အဓိက ပါဝင်လုပ်ဆောင်တာကတော့

Electric Motor

Power Window မှာအသုံးပြုတဲ့ Electric Motor တွေကိုတော့ Power Window Motor လို့အခေါ်များပြီး Carbon Brush သုံး DC Motor အမျိုးအစားတွေဖြစ်ပါတယ်။ ဒီကောင်လေးတွေရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ကားတံခါးမှာရှိတဲ့ မှန်တွေကို အတင်အချလုပ်ပေးမယ့် Window Regulator တွေကို မောင်းနှင်ပေးတဲ့ နေရာမှာ အသုံးပြုတာပါ။

Power Window Regulator

ဒီ Power Window Regulator ကိုတော့ ကားလောကမှာ ပါဝါဝင်းဒိုး မှန်ဆက်လို့အခေါ်များပြီး တံခါးမှန်တွေကို အပေါ်တင်၊ အောက်ချလုပ်တဲ့နေရာမှာ အထိန်းတန်းအနေနဲ့ လိုက်ပါဆောင်ရွက်ပေးတဲ့ အရာပါ။ ဒီကောင်တွေကိုတော့ အပေါ်မှာပြောတဲ့ Electric Motor တွေနဲ့ ထိန်းချုပ်မောင်းနှင်ပါတယ်။ Power Window Regulator တွေကိုတော့ Single Rail Cable and Drum Type ၊ Dual Rail Cable and Drum Type ၊ Cross Arm and Sector Type ၊ Single Arm and Sector Type ဆိုပြီး ကွဲပြားပါတယ်။ ဒီက ကားလောကမှာတော့ ကြိုး Type နဲ့ Pinion type ဆိုပြီး အလွယ်နှစ်မျိုးသတ်မှတ်ပါတယ်။

Power Window Switch

ဒီ Power Window Switch တွေကိုတော့ Driver Seat ဖက်ခြမ်းမှာပါဝင်တဲ့ Master Switch နဲ့ အခြား တံခါးတွေမှာပါဝင်တဲ့ Single Switch တွေဆိုပြီး နှစ်မျိုးကွဲပါတယ်။ ဒီ Switch တွေမှာတော့ ရိုးရိုး Switch နဲ့ Auto System ဆိုပြီး ထပ်မံခွဲခြားထားပါသေးတယ်။ ရိုးရိုး Switch တွေက ကားတံခါးမှန်အတင်အချလုပ်တဲ့အခါမှာ အပေါ်တင်မယ်ဆို လက်နဲ့ခလုတ်ကို ဆွဲတင်ထားပြီး အောက်ချမယ်ဆို ဖိထားရတာမျိုးပါ။ Auto စနစ်ပါတဲ့ဟာမျိုးတွေဆိုရင်တော့ အတင်အချကို တချက်တည်းဆွဲတင်၊ ဆွဲချလုပ်တာနဲ့ ရနိုင်တာမျိုးပါ။

အဖြစ်များတဲ့ Power Window ပြဿနာတွေကတော့

ဘထ္ထရီခေါင်းဖြုတ်ပြီးနောက် Driver Seat ဖက်ခြမ်းက Master Switch ကနေ အခြားတံခါးတွေကို မှန်တင်/ချမရတော့တာ…

ဒါက အခု မော်ဒယ်မြင့်ကားလောကမှာ အဖြစ်များဆုံး ပြဿနာတစ်ခုပါ။ ဘထ္ထရီအားကုန်သွားလို့၊ ဘထ္ထရီအိုးမကောင်းလို့ ဘထ္ထရီအိုးတစ်လုံးလဲလိုက်တယ်၊ ကားအင်ဂျင်ပိုင်း ဝါယာရိန်းပိုင်း ပြုပြင်စရာရှိလို့ ဘထ္ထရီအိုးခဏဖြုတ်လိုက်တယ်၊ ဘထ္ထရီအိုး အသစ်ပြန်တပ်ပြီး စက်နှိုးလို့တော့ရသွားတယ် ဒါပေမဲ့ Power Window တံခါးတွေ Master Switch (Main Switch) ကနေ အခြား တံခါးတွေကို အတင်အချလုပ်မရတော့ဘူး ဆိုတာ တွေတော်တော်များများ လာပြကြတာတွေ့ရပါတယ်။ အချို့နေရာတွေမှာလည်း ဒါမျိုးဖြစ်လို့ မသိနားမလည်ဘဲ သွားပြင်ရင် ၅ထောင် ၁ သောင်း တောင်းတတ်ကြပါတယ်။

ဒါက တကယ်တော့ Power Window System ပျက်တာမဟုတ်ပါဘူး။ ဘာဖြစ်သွားတာလဲဆိုရင် နားလည်လွယ်အောင်ပြောရရင် Power Window System Memory Out ပြီး ခဏပြတ်တောက်သွားတာပါ။ ဒါမျိုးကို Power Window တံခါးလေးချပ်လုံး Auto တွေပါတဲ့ ကားတွေမှာ အဖြစ်များပါတယ်။ အဲလိုဖြစ်ရင် Power Window System ကို Reset လုပ်ပြီး ကိုယ်တိုင်အလွယ်လေးပြုပြင်လို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင်

ကားအင်ဂျင်စက်နှိုးထားပါ။

ကားတံခါး တစ်ချပ်ခြင်းဆီက Single ခလုတ်တွေကို  လက်နဲ့အပေါ်ကို ဆွဲတင်ထားပါ။ ကားတံခါးမှန် အပေါ်ကို ကပ်သည်အထိ ဆွဲထားပါ။ ကပ်သွားသည့်တိုင် မလွှတ်ဘဲ ၃ စက္ကန့်ကနေ ၅ စက္ကန့်အထိ ခလုတ်ကို ဆက်ဆွဲထားပါ။

တံခါးမှန်ကို အပေါ်ထိသည်ကနေ ခလုတ်ကို ၅ စက္ကန့်လောက် ဆက်ဆွဲထားပြီးပြီဆိုရင် အောက်ကို တချက်တည်းနှိပ်ချကြည့်ပါ။ တံခါးမှန်က Auto အောက်ကို ဆင်းသွားပြီဆိုရင် System Memory Reset အိုကေသွားပါပြီ။ ဒါမျိုး တံခါး အချပ်တိုင်းကို လိုက်လုပ်ပါ။ ပြီးရင် Master Switch ကနေ တံခါးတွေအကုန် ထိန်းချုပ်ရသွားပါပြီ။

Power Window Regulator ပျက်စီးတာ

အပေါ်မှာပြောခဲ့သလို Power Window Regulator တွေက မှန်တွေကို ထမ်းပြီး အတင်အချ ပြုလုပ်ပေးရတဲ့ အရာတွေပါ။ ဒီကောင်တွေကလည်း ကာလတာရှည်အသုံးများရင် ဒီ မှန်ဆက် ပင်နယံတွေမှာ ပါတဲ့ အမဲဆီခမ်းခြောက်ပြီး ပွတ်စားကာ ပျက်စီးပါတယ်။ နောက်ကြိုး Type window Regulator တွေဆိုရင်လည်း အသုံးနည်းရင်ပျက်စီးတတ်ပါတယ်။ ကြိုး Type တွေရဲ့ အားနည်းချက်က အသုံးမပြုဘဲ ကြာရှည်ထားထားရင် ကြိုးတွေနဲ့ ကြိုးတွေတပ်ဆင်ထားတဲ့ ရစ်ဘီး (Reel) တွေကြား သံကြေးတက်ပြီး ပျက်စီးတတ်ပါတယ်။ နောက် အသုံးပြုတာများပြီး အပြင်က ဖုန်တွေသဲတွေဝင်လို့လည်း ပျက်စီးတတ်ပါတယ်။

ဒီလိုမျိုး Power Window Regulator တွေပျက်စီးတော့မယ်ဆိုရင် Power Window အတင်အချ ကြပ်နေတာ၊ အတင်အချလုပ်တဲ့အချိန် အသံကြမ်းနေတာ မျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဆိုရင် အမြန်စစ်ဆေးပြုပြင်သင့်ပါတယ်။ မပြုပြင်ဘဲ မှန်ဆက် (Window Regulator) တွေပျက်စီးမှုကြောင့် ကားမှန်အတင်အချ လုပ်တဲ့အချိန် မှန်တစ်ခြမ်းစောင်းသွားတာ၊ မှန်အစင်းထင်တာ၊ မှန်ကွဲတာ၊ မှန်ဒေါက်ပြုတ်သွားတာမျိုးတွေထိ ပျက်စီးတတ်ပါတယ်။

Power Window Motor ပျက်စီးတာ

ဒါလည်းအဖြစ်များတဲ့ ရောဂါတစ်ခုပါ။ ဒီ Power Window Motor တွေက Carbon Brush သုံး DC Motor တွေဖြစ်တဲ့အတွက် ကာလကြာရှည်စွာ အသုံးပြုတဲ့အခါမှာ Motor အတွင်းမှာရှိတဲ့ Carbon တွေတိုပြီး ပျက်စီးသွားတတ်ပါတယ်။ ဒီလိုဆိုရင်တော့ Motor အသစ်တလုံး လဲလှယ်အသုံးပြုရမှာပါ။ နောက်တစ်ချက်က အပေါ်မှာ ပြောခဲ့တဲ့ Power Window Regulator တွေ မကောင်းတာကို မလဲလှယ်၊ မပြုပြင်ဘဲ ပေပြီးသုံးရင် Motor တွေအပျက်အစီးမြန်ပါတယ်။ ဘာကြောင့်လဲဆိုရင် မှန်တင်၊ မှန်ချလုပ်တဲ့ ကြိုးတွေက ကြပ်နေမယ် နောက်ပြီး ပင်နယံတွေကစားနေမယ် တံခါး လိုင်နာတွေက ကြပ်နေမယ်ဆိုရင် Window Motor တွေဟာ သာမာန်ထက်ပိုပြီး ဝန်ကိုရုန်းရပါတယ်။ ဒါမျိုး တော်တော်ကြာကြာ မပြုပြင်ဘဲသုံးတဲ့အခါ Motor တွေပါ လောင်ပြီး ပျက်စီးသွားတတ်ပါတယ်။


Motor တွေအားနည်းလာပြီဆိုတာကိုတော့ မှန်တင်မှန်ချ လုပ်တဲ့အခါ နှစ်ခါ သုံးခါလောက်လုပ်လိုက်တယ်ဆို မှန်တင်မှန်မချ မရတော့တာမျိုး၊ အတက်အဆင်းမှာ အီနေတာမျိုးတွေဟာ မော်တာ အားနည်းလာပြီဆိုတာကို ပြတဲ့ ရောဂါလက္ခဏာတွေပါ။

Power Window Switch တွေပျက်စီးတာ

Power Window Switch တွေကိုတော့ အတွင်းပိုင်းမှာ Electronic Circuit တွေ၊ ကြေးပွိုင့်လေးတွေ၊ Relay တွေ အစရှိတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဖြစ်များတာကတော့ အထိအကြွလုပ်ရတာများတဲ့ Contact Point တွေမှာ ကြေးတက်ပြီး အတင်အချ လုပ်တဲ့အခါမျိုးမှာ မမိ/တမိ၊ ရလိုက်/မရလိုက် ဖြစ်တာမျိုးတွေပါ။ နောက်တစ်ချက်က Master Switch ကနေ အတင်အချလုပ်ရင်ရပြီး သက်ဆိုင်ရာ တံခါးမှာပါတဲ့ Single Switch တွေကနေ အတင်အချမရဘူးဆိုရင်တော့ အဲဒါ Switch ပျက်စီးတာမျိုးပါပဲ။ ဒါမျိုးဖြစ်ရင်တော့ Switch တွေဖြုတ်စစ်ဆေးပြီး ပြုပြင်လို့ရတန် ပြုပြင်၊ မရနိုင်ရင် အသစ်လဲလှယ်ပေးရမှာပါ။

Wiring Problem

ဒါကတော့ Power Window စနစ်တွေမှာ ဖြစ်ခဲ့တဲ့ပြဿနာပါ။ Power Window Motor မလည်နိုင်တော့ဘဲ လောင်တာမျိုး၊ ခလုတ်ကပ်နေပြီး Power Window Motor တွေကို မီးတိုက်ရိုက်ရောက်နေတာမျိုး၊  Power Window မလာတာ Fuse တွေ ပျက်နေတာမျိုးတွေလည်း အဖြစ်များပါတယ်။ ဒီလိုမျိုးဆိုရင် Wiring ပိုင်းဆိုင်ရာကို အရင် စစ်ဆေးပြုပြင်ရမှာပါ မဟုတ်ရင်တော့ Motor အသစ်လဲလှယ်ပြီးသည့်တိုင် အဆင်ပြေမှာမဟုတ်ပါဘူး ။

Power Window ပြဿနာတွေက အဖြစ်နည်းပေမဲ့ မကြာခဏလည်း ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ တချို့ဆိုရင် Window မှန်တွေကို စတေကာ ကပ်တဲ့နေရာမှာ Liner တွေနဲ့ ကြပ်သွားပြီး Window Motor ပျက်စီးသွားတာမျိုးတွေလည်းကြုံရပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျမများအောင် အပျက်အစီးနည်းအောင် မှန်တွေကို သေချာ သန့်ရှင်းပေးမယ်၊ လိုင်နာတွေ ကြပ်နေမယ်ဆိုရင် လိုင်နာသန့်စင်ဆေးရည်နဲ့ ပုံမှန်ဆေးကြောပေးမယ်၊ နောက် Power Window တွေကို အမြဲ အသေမထားဘဲ မကြာခဏ အပေါ်တင်/အောက်ချ ကစားပေးမယ်၊ ပုံမှန်မဟုတ်တဲ့ အသံထွက်လာတယ်ဆိုရင် စစ်ဆေးပြုပြင်မယ်၊ မှန်တင်/မှန်ချ ခက်နေမယ် ကြပ်နေမယ်ဆိုရင် အတင်းတင်/အတင်းချ မလုပ်ဘဲ ကျွမ်းကျင်ဝပ်ရှော့တွေမှာ စစ်ဆေးပြုပြင်မယ်ဆိုရင် အပျက်အစီးသက်သာပြီး ငွေကုန်ကြေးကျလည်း နည်းသွားမှာဖြစ်ပါတယ်။ အဲလို မဟုတ်ရင် မလိုအပ်တဲ့ အစိတ်အပိုင်းတွေပါ ပျက်စီးတတ်ပြီး ယုတ်စွဆုံး မှန်ကွဲတာမျိုး မှန်အစင်းထင်သွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်ခင်ဗျာ။

စာဖတ်သူ မိတ်ဆွေညီကို မောင်နှမအားလုံး နည်းပညာ ဗဟုသုတ ကြွယ်ဝကြပါစေ။

Author