အဖြစ်များဆုံး Auto Gearbox ပြဿနာများ

0

Full article

ကျနော်တို့ကားလောကမှာ အသုံးပြုနေကြတဲ့ ကားအရေအတွက်ရဲ့  ၉၉ ရာခိုင်နှုန်းလောက်က Automatic Transmission လို့ခေါ်တဲ့ Auto Gearbox အမျိုးအစား ကားတွေဖြစ်ကြပါတယ်။ တချို့ ကားအမျိုးအစားတွေရဲ့ Auto Gearbox တန်ဖိုးက ကားအင်ဂျင်ထက်ကို ဈေးများတတ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ကားမှာအသုံးပြုနေတဲ့ ဂီယာဘောက်တွေ ကြီးကြီးများများ ပျက်စီးမှုတွေ မဖြစ်ပေါ်ရအောင် အဖြစ်များတတ်တဲ့  ဂီယာဘောက်ရောဂါလက္ခဏာများကို ဆွေးနွေးတင်ပြချင်ပါတယ်။

အခုအောက်မှာ ဖော်ပြမယ့်အချက်တွေကတော့ မိတ်ဆွေတို့ကားဂီယာမှာ ဒီလိုရောဂါလက္ခဏာတွေ စတွေ့လာရတယ်ဆိုရင် များမကြာမီ ကြီးကြီးမားမား ပျက်စီးမှုတွေ မကြာခင်ဖြစ်လာနိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပြီး ကြီးကြီးမားမားပျက်စီးမှုတွေမဖြစ်ခင် အမြန်ဆုံးစစ်ဆေးပြုပြင်ရမှာဖြစ်ပါတယ်။

၁။ ဂီယာကြိတ်သံထွက်တာ

အော်တိုဂီယာကားတွေရဲ့ ဂီယာစနစ်ဟာ ပုံမှန်ကောင်းမွန်နေတယ်ဆိုရင် အတော်လေးကို ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်တာကို သတိထားမိမှာပါ။ ဒါပေမဲ့ အော်တိုဂီယာဘောက်ထဲမှာ တစ်ခုခု ချို့ယွင်းမှုရှိလာပြီဆိုတာနဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတစ်ခုက ဂီယာကြိတ်သံထွက်တာမျိုးပါ။ တချို့ကားတွေမှာလည် ဂီယာတစ်ခုနဲ့တစ်ခု အကူးအပြောင်း (အရှိန်တင်လိုက်တဲ့အခါမျိုး) အလိုအလျောက်ဖြစ်ရမယ့်အခါမျိုးတွေမှာ ဂီယာတစ်ခုနဲ့တစ်ခု ကြိတ်သံ ညည်းသံထွက်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို မူမမှန်တဲ့ဂီယာအရွှေ့အပြောင်းတွေမှာ ညင်ညင်သာသာမဟုတ်ဘဲ ညည်းသံထွက်တာမျိုး ကြိတ်သံထွက်တာမျိုးတွေ ကြုံလာရတယ်ဆိုရင်တော့ သင့်ကား ဂီယာဘောက်အခြေအနေ တစ်ခုခုချို့ယွင်းတော့မှာပါ။ ဒါကြောင့် ကားမောင်းရင်း ဂီယာကြိတ်သံ ညည်းသံကြားရင် အမှုမဲ့အမှတ်မဲ့မနေဘဲ အမြန်ဆုံးစစ်ဆေးပြုပြင်ရမှာပါ။

၂။ ဂီယာမချိတ်တာ

မိတ်ဆွေတို့ကားမောင်းတဲ့အခါ Gear Position (P) ကနေ D ဒါမှမဟုတ် R ကို ပြောင်းလိုက်တဲ့အခါ ကားက ချက်ခြင်းမထွက်နိုင်ဘဲ တုံ့ဆိုင်းဆိုင်းဖြစ်တာမျိုး ကြုံဖူးကြပါသလား။ ကားကို Parking အနေအထားကနေ ရပ်ထားရင်း ရှေ့ကိုဖြစ်စေ၊ နောက်ကိုဖြစ်စေ ထွက်ဖို့ ဂီယာထိုးလိုက်တဲ့အခါမျိုးမှာ ဂီယာမဝင်ဘဲ မချိတ်ဘဲ ကားက မရွေ့မလျား တုံ့ဆိုင်းဆိုင်းဖြစ်တာမျိုးကိုပြောတာပါ။ အဲဒီလိုအခြေအနေမျိုးဖြစ်လာတယ်ဆိုရင် လီဘာကို နင်းလိုက်တဲ့အခါမှာ ရုတ်တရက် ဂီယာဝင်သလိုဖြစ်ပြီး ဆောင့်ထွက်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးကို ဂီယာမချိတ်တာ၊ ဂီယာမဝင်တာလို့ ဝပ်ရှော့လောကမှာ အပြောများကြပါတယ်။ ဒီလိုမျိုးဖြစ်လာတယ်ဆိုရင်လည်း မိတ်ဆွေတို့ကားဂီယာဘောက် ပြဿနာကြီးကြီးမားမား မကြာခင် ဖြစ်လာနိုင်ချေရှိနေတာမို့ မြန်မြန်စစ်ဆေးပြုပြင်ရမှာပါ။

၃။ ဂီယာအူသံထွက်တာ၊ ရိုက်သံထွက်တာ

ဒီလိုအူသံထွက်တာ၊ ရိုက်သံထွက်တာမျိုးတွေကလည်း ဂီယာဘောက် ပြဿနာတွေရဲ့အစပါ။ အထူးသဖြင့် ဂီယာကို N (Neutral) ထိုးထားတဲ့အချိန် ဂီယာဘောက်ထဲက ဝီ ခေါ်နေအောင် အူသံထွက်တာ၊ ရိုက်သံလို ခတ်သံလို အသံတွေထွက်တာမျိုးကြုံလာရတယ်ဆိုရင် အဲဒါ ATF (Automatic Transmission Fluid) လို့ခေါ်တဲ့ အော်တိုဆီ လျော့တာနည်းတာ၊ မကောင်းတော့တာ ဒါမှမဟုတ် သက်တမ်းလွန်တာ အစရှိတာတွေဖြစ်နိုင်ပြီး ဂီယာဘောက်အတွင်းပိုင်းပစ္စည်းတွေ တစ်ခုနဲ့တစ်ခု စတင်ပွတ်တိုက်ပွန်းစားတာမျိုးဖြစ်နိုင်တာမို့ အမြန်ဆုံး စစ်ဆေးပြုပြင်ထိန်းသိမ်းရမှာပါ။

၄။ ဂီယာဘောက်ထဲက ညှော်နံ့ထွက်တာ

ဂီယာဘောက်ထဲက ညှော်နံ့ထွက်တာ အထူးသဖြင့် ဂီယာဘောက်ထဲက ဂီယာဝိုင် (ATF-CVT) အစရှိတဲ့ အော်တိုဆီဂိတ်တံတွေကို တိုင်းတာဖို့ထုတ်တဲ့အခါမျိုးမှာ ဂီယာဆီတွေက မီးလောင်ထားသလို ညှော်နံ့ထွက်တာမျိုးကလည်း ဂီယာဘောက်အတွင်းပိုင်းပစ္စည်းတွေ စတင်ပျက်စီးလာတဲ့အလားအလာပါ။ အထူးသဖြင့် ဂီယာဘောက်ထဲက ကလပ်ပြားလေးတွေ အချင်းချင်း ပွတ်တိုက်ပွန်းစားတဲ့အခါမျိုးမှာ ဒီလိုအနံ့မျိုးတွေ ထွက်လာတတ်ပါတယ်။ ဒါကြောင့် အော်တိုဆီ (ဝါ) ဂီယာဝိုင်ကို စစ်ဆေးတဲ့အခါမျိုးမှာ ဒီလိုအနံ့မျိုးထွက်နေတယ်ဆိုရင်တော့ အမြန်ဆုံးလဲလှယ်ရတော့မှာဖြစ်ပါတယ်။

၅။ ဂီယာချော်တာ

ဂီယာချော်တာမျိုးကတော့ ကားကို အရှိန်နှေးနှေးနဲ့မောင်းနှင်နေရာကနေ အရှိန်မြှင့်တင်တဲ့အခါမျိုးတွေမှာ အင်ဂျင်ကရုန်းနေရဲ့သားနဲ့ ကားက ဂီယာမချိန်းဘဲ ဂီယာတစ်ခုနဲ့တစ်ခု ပြောင်းလဲမသွားဘဲ ဂီယာချော်တာမျိုးကို ပြောတာပါ။ အထူးသဖြင့် ကားအင်ဂျင်ကအတင်းရုန်းနေရပြီး ဂီယာတစ်ခုနဲ့တစ်ခု ချိန်းမသွားတဲ့အတွက် ဂီယာအကြီးတွေနဲ့ ညှစ်ရုန်းနေရသလိုမျိုး ကားက ဝပ်ဝပ်ကြီးသွားနေတာမျိုးပါ။ အထူးသဖြင့် မီးပွိုင့်မိနေတဲ့နေရာက စထွက်တဲ့အချိန်မှာ ကားက အတင်းထွက်သွားပြီး ဆက်လက်အရှိန်တင်တဲ့အခါမျိုးမှာ ကားကမပြေးတော့ဘဲ ဝပ်ရုန်းနေတာမျိုးပါ။ ဒါကတော့ ဂီယာတွေချော်တာ စလစ်ဖြစ်တာမျိုးတွေမှာ ကြုံရတတ်တဲ့ ရောဂါလက္ခဏာတစ်မျိုးပါ။ ဒါမျိုးကြုံတွေ့လာရတယ်ဆိုရင် ရေရှည်ဆက်လက်အသုံးမပြုသင့်တော့ဘဲ အမြန်ဆုံးစစ်ဆေးပြုပြင်ရမှာပါ။

၆။ ဂီယာဆီ ယိုစိမ့်တာ

ကျနော်တို့အသုံးပြုနေတဲ့ အော်တိုဂီယာကားတွေမှာထည့်ထားတဲ့ ဂီယာဆီတွေဟာ ပုံမှန်အားဖြင့် သက်တမ်းကုန်သွားသည့်တိုင် လျော့သွားတာ ခမ်းသွားတာမျိုး ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ ဒါပေမဲ့ ဂီယာဝိုင်ကို တိုင်းတာကြည့်လို့ လျော့သွားတယ် ခမ်းသွားတယ်ဆိုရင်တော့ ဂီယာဘောက်ပြဿနာ တစ်စုံတစ်ခုရှိနေတာ ဒါမှမဟုတ် ဂီယာဘောက်ထဲကနေ ဆီတွေယိုစိမ့်ထွက်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုဂီယာဆီတွေ ခမ်းသွားတာ လျော့သွားတာမျိုး ကြုံတွေ့လာရတယ်ဆိုရင် ကိုယ်တိုင်ပြုလုပ်စစ်ဆေးနိုင်တာက ကားညအိပ်ရပ်ထားပြီး မနက်မိုးလင်းတဲ့အချိန် ကားရဲ့ဂီယာဘောက်အောက်ခြေနားမှာ ဆီကွက်တွေ တွေ့ရလားဆိုတာ အလွယ်တကူစစ်ဆေးကြည့်ရှုနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကားရဲ့ဂီယာဘောက်တွေမှာ ဂီယာဘောက်အောက်ခြေကနေ Oil Seal မလုံတာမျိုးကြောင့်ဖြစ်စေ၊ ဂီယာဆီစွန့်ထုတ်တဲ့ (Nut) ကနေဖြစ်စေ ဂီယာဆီတွေယိုစိမ့်မှုဖြစ်တာ အများဆုံးမို့ပါ။ နောက် ဂီယာဘောက်နဲ့ဆက်စပ်ထားတဲ့ ဒူးဆစ် (CV Joint Oil Seal) တွေကနေလည်း ဂီယာဝိုင်တွေ ယိုစိမ့်ထွက်တတ်ပါတယ်။ ဒါကြောင့် ဒီလို ဆီလျော့တဲ့ပြဿနာတွေ ကြုံလာရတယ်ဆို အမြန်ဆုံး စစ်ဆေးပြုပြင်ရပါမယ်။

၇။ Engine Check Light လင်းတာ

အင်ဂျင်ချက်မီးလင်းတာမျိုးက အခြားအကြောင်းအရာမျိုးစုံဖြစ်နိုင်ပေမဲ့ ဂီယာဘောက်မှာ ပြဿနာ တစ်စုံတစ်ရာရှိလာရင်လည်း အင်ဂျင်ချက်မီးလင်းလာတတ်ပါတယ်။ ဘာကြောင့်ဒီလိုလင်းလာရသလဲဆိုရင်တော့ ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ အော်တိုဂီယာဘောက်အမျိုးအစားတွေဟာ ဂီယာအပြောင်းအရွှေ့တွေကို အလိုအလျောက်လုပ်ဆောင်နိုင်ဖို့ အာရုံခံဆင်ဆာတွေအမျိုးမျိုးတပ်ဆင်ထားပြီး ကားရဲ့ အရှိန် ကားဘီးတွေရဲ့လည်ပတ်နှုန်း၊ ကားဘရိတ်အစရှိတာတွေနဲ့ အကုန်ချိတ်ဆက်ထားပါတယ်။ တချို့ကားတွေမှာတော့ ကားဂီယာဘောက်အတွက် Control System သီးသန့်ပါရှိပြီး ကားမှာတပ်ဆင်ထားတဲ့ ECU (Engine Control Unit) နဲ့ပေါင်းစပ် အလုပ်လုပ်ဆောင်ပါတယ်။ တချို့ကားတွေမှာတော့ ECU ကနေပဲ တိုက်ရိုက်ထိန်းချုပ်လုပ်ဆောင်စေပါတယ်။ ဒါကြောင့် ကားရဲ့ဂီယာဘောက်ထဲက တစ်ခုခုချို့ယွင်းလို့ဖြစ်စေ၊ ကားဂီယာဘောက်ကို ထိန်းချုပ်လုပ်ဆောင်နေတဲ့ အာရုံခံစနစ်တွေချို့ယွင်းလို့ဖြစ်စေ အင်ဂျင်ချက်မီးလင်း လာတတ်ပါတယ်။ ဒါကြောင့် အင်ဂျင်ချက်မီးလင်းလာတယ်ဆိုရင် အခြားအင်ဂျင်အစိတ်အပိုင်းများကြောင့် ဖြစ်စေနိုင်သလို ဂီယာဘောက်ပြဿနာကြောင့်လည်း ဖြစ်စေနိုင်တာမို့ ပျက်စီးမှု ကြီးကြီးမားမားမဖြစ်ခင် အမြန်ဆုံးစစ်ဆေးပြုပြင်ရပါမယ်။

ဒီအချက်တွေက ကျနော်လက်ရှိကားတွေမှာ အသုံးများဆုံး ဂီယာဘောက်အမျိုးအစားတွေဖြစ်တဲ့ ATF Type နဲ့ CVT အမျိုးအစားကားတွေမှာ အဖြစ်များဆုံးသော ဂီယာဘောက်နဲ့ပတ်သက်တဲ့ရောဂါလက္ခဏာ အခြေခံအချက်တွေပါ။ ကားမောင်းသူတွေ တော်တော်များများကြား ဒီလိုဂီယာဘောက်ပြဿနာတွေကို ကြုံတွေ့ရပြီး ဂီယာဘောက် အလုံးလိုက် လဲလှယ်လိုက်ရတဲ့ ကားပိုင်ရှင်တွေကို လေ့လာကြည့်လိုက်ရင် ဒီလိုရောဂါ လက္ခဏာတွေ စတင်ကြုံတွေရပြီး အမှုမဲ့အမှတ်မဲ့နေကာ အချိန်မီစစ်ဆေးပြုပြင်မှုတွေ မလုပ်တဲ့အတွက် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတွေကြုံ့လာရတာပါ။ ဒါကြောင့် ဒီလိုအဖြစ်များတဲ့ ရောဂါလက္ခဏာတွေကို စုစည်းတင်ပြပေးတာပါ။

ဂီယာဘောက်တွေ အပျက်အစီးနည်းအောင် ဘယ်လိုလုပ်သင့်သလဲဆိုရင်တော့ အဓိက လုပ်ဆောင်ရမှာက ဂီယာဆီလဲလှယ်တာပါ။  ATF နဲ့ CVT ဆီတွေကို အများဆုံး ကီလို 60,000 လောက်ဆို (တချို့ ဂီယာဝိုင်အမျိုးအစားတွေက ကီလို 100,000 အထိ အသုံးပြုနိုင်ပါတယ်)  စစ်ဆေး လဲလှယ်ပေးရမှာပါ။ တတ်နိုင်ရင် ကီလို 5,000 ပြည့် အင်ဂျင်ဝိုင်တစ်ခါလဲလှယ်တိုင်း ဂီယာဝိုင်တွေ ကောင်းမကောင်း ညစ်မညစ်၊ အနံ့ဆိုး (ညှော်နံ့တွေ) တွေ ရှိမရှိ၊ လျော့မလျော့ အမြဲစစ်ဆေးရမှာပါ။ နောက်ပြီး ဂီယာဆီလဲလှယ်တဲ့အခါတိုင်း ဂီယာစစ်ဆန်ကာတွေကို ဖြုတ်ဆေးကျောတာ (ဆန်ကာပါတဲ့ကားများ)၊ အသစ်လဲလှယ်တာမျိုးတွေ လုပ်ဆောင်ရမှာပါ။ နောက်တစ်ချက်က ATF နဲ့ CVT ဆီအမျိုးအစားမတူတာကို မှားထည့်တာမျိုးပါ။ ဒါမျိုးမမှားရအောင် ကျွမ်းကျင်ဝပ်ရှော့တွေမှာ ဘယ်ဂီယာဘောက်အမျိုးအစားလဲဆိုတာ သေချာစစ်ဆေးလဲလှယ်ရမှာပါ။ ဂီယာဆီ အမျိုးအစားမှားထည့်ရင်လည်း ဂီယာဘောက်တွေ ပျက်စီးတတ်ပါတယ်။

အထက်က ဖော်ပြတဲ့ ရောဂါလက္ခဏာတွေ မတော်တဆ စတွေ့တယ်ဆိုတာနဲ့ ကျွမ်းကျင်ဝပ်ရှော့တွေမှာ အမြန်ဆုံးပြသစစ်ဆေးပြီး ဂီယာဝိုင်တွေလဲလှယ်တာ၊ ဂီယာဝိုင်စစ်ဆန်ကာတွေ ဖြုတ်ဆေးတာ၊ ဒီထက် ဂီယာဘောက်ထဲမှာရှိတဲ့ Valve Body တွေဖြုတ်ဆေး‌ကြောတာ၊ Solenoid တွေစစ်ဆေးတာတွေလုပ်ပြီး အပျက်အစီးမများခင် ပြုပြင်ထိန်းသိမ်းရမှာဖြစ်ပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ကား ဂီယာဘောက်တွေ ကြီးကြီးမားမား အပျက်အစီးကနေ အချိန်မီ ကာကွယ်ထိန်းသိမ်း နိုင်ပြီး သက်တမ်းစေ့ သုံးစွဲနိုင်ကြပါစေခင်ဗျာ။

စာဖတ်သူမိတ်ဆွေ ညီအစ်ကိုမောင်နှမများအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။

Author